ခေသူမဟုတ်သော အမျိုးသမီးများအကြောင်း ပြောပြခဲ့တဲ့ မထားထား
ကျွန်မတို့ မြန်မာအမျိုးသမီးတွေဟာ ရှေးရိုးအစဉ်အလာနဲ့ ရိုးရာယဉ်ကျေးမှုတွေကြောင့် အမြဲတမ်း ခွဲခြားဆက်ဆံပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံစားခဲ့ကြရပါတယ်။ “မိန်းကလေးမို့လို့”၊ “မိန်းကလေးဖြစ်ပြီးတော့” စတဲ့ စကားသံတွေအောက်မှာ မိန်းကလေးတွေဟာ အပြင်ထွက်အလုပ်လုပ်ခွင့်၊ ပျော်ရွှင်စရာပတ်ဝန်းကျင်တစ်ခု တည်ဆောက်ခွင့်၊ ဦးဆောင်ခွင့်တွေကစလို့ ပျောက်ဆုံးနေခဲ့ကြရပါတော့တယ်။
(၂၁)ရာစုနောက်ပိုင်းမှာတော့ ပြောင်းလဲလာတဲ့လူနေမှုပုံစံနဲ့အတူ အမျိုးသမီးတွေလည်း ရှေ့ကို ရွေ့လာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကအစ အမျိုးသမီးဖြစ်သလို တခြားသော လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးနယ်ပယ်ပေါင်းစုံမှာလည်း အောင်မြင်ပြီး လေးစားအားကျစရာကောင်းတဲ့ အမျိုးသမီးတွေ ထွက်ပေါ်လာရခြင်းဟာ နိုင်ငံအတွက် ကောင်းသောပြောင်းလဲခြင်းတစ်ခုပါ။
ဒီတော့ မြန်မာနိုင်ငံက လူတိုင်းဟာ တန်းတူညီမျှအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေကို သောင်းသောင်းဖျဖျ ကြိုဆိုနေကြပြီလားလို့ မေးလာနိုင်စရာရှိပါတယ်။ ဒါဆိုရင်တော့ နိုးလို့ပဲ ပြောပါရစေ။ အခုအချိန်အထိ အမျိုးသမီးတွေကို ခွဲခြားခြင်းတွေကို ပြုလုပ်နေသေးတယ်ဆိုတာဟာ မကြာခင်က ကျင်းပခဲ့တဲ့ “Vagina Monologue” လို့ခေါ်တဲ့ “ပိပိတို့ရဲ့ စကားဝိုင်း” မှာကတည်းက မျက်ဝါးထင်ထင် မြင်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။
အဲဒီအချိန်မှာ ကျွန်မ ချစ်ခင်လေးစားရတဲ့ အမျိုးသမီးတစ်ဦးကို သတိရမိပါတယ်။ သူမဟာ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရခြင်းတို့ကနေစပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုတွေကအစ ပညာပေးကူညီနေတဲ့သူ၊ အမျိုးသမီးတွေကို ကြင်နာလေးစားတန်ဖိုးထားတတ်ကြဖို့ ဝေမျှနေသူတစ်ယောက်ပါ။ “Akhaya Women Myanmar” ကို ဦးဆောင်နေသူတစ်ဦးဖြစ်သလို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ မထားထားကို ကျွန်မရဲ့ “Catch Up, Ketchup” အစီအစဉ်လေးအတွက် အခုလို တွေ့ဆုံဖြစ်ခဲ့ပါတယ်။
Htar Htar, Founder of Akhaya Women Myanmar
“မြန်မာပြည်မှာ မပြောရဲတဲ့၊ မပြောဖြစ်ခဲ့တဲ့ ပြီးတော့ နာမည်တောင် သီးသန့်မရှိဘဲ မိန်းမကိုယ်ဆိုပြီး ပြောနေကြရတဲ့အရာတစ်ခုကို အခုလို ပြောရဲလာတာကို အရမ်းကြိုဆိုတယ်။ နောက်တစ်ခုက ဒီအရာကို နိမ့်ကျတယ်၊ ညစ်ပတ်တယ်၊ မြင်မကောင်းဘူး၊ နံတယ်ဆိုပြီး ဖြစ်နေတာကို Break the silence လုပ်လိုက်တဲ့အတွက် ကြိုဆိုမိတယ်။ လုပ်တဲ့သူတွေကိုလည်း တကယ်ချီးကျူးမိပါတယ်။ မြန်မာနိုင်ငံမှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စကားစမိအောင် လုပ်လိုက်တာဖြစ်တယ်။ ဒါဟာလည်း အောင်မြင်မှုပါပဲ။ Dialogue တစ်ခုကနေပဲ Change ကို ဖြစ်နိုင်တာ။ Community Dialogue ကနေ အဆိုးဝေဖန်မှုတွေလည်း ရှိလာလို့ ပြန်ဖြေတဲ့သူတွေက အမျိုးသားအချင်းချင်းတောင် Positive ဘက်က ပြန်ဖြေတာတွေ တွေ့ရတယ်။ Negative တွေကိုလည်း ကြိုဆိုပါတယ်။”
အမျိုးသမီးတွေဟာ တဖြည်းဖြည်းနဲ့ မိမိကိုယ်ကိုယ် အနှိမ်ခံဘဝ၊ ဒုတိယလူတန်းစားဘဝမျိုးနဲ့ နေရမယ့်သူတွေမဟုတ်ဘဲ ခြေလှမ်းတွေစတင်လာကြပြီး တချို့သောအမျိုးသားတွေကအစ နားလည်လက်ခံလာကြတဲ့အခါ စည်းလုံးစွာ ဆက်ပြီး ရွေ့နေဖို့ လိုအပ်သလိုဘဲ အမျိုးသားရော၊ အမျိုးသမီးပါ Power Balance ပုံစံနဲ့ လက်တွဲသွားဖို့ ကြိုးစားသင့်တယ်လို့ သူမက မှတ်ချက်ပေးပါတယ်။
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ကျား၊ မတန်းတူညီမျှမှု၊ တခြားသော အမျိုးသမီးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကမ်ပိန်းတွေအများကြီး ကျင်းပလာတာကို တွေ့ရပါတယ်။ ဒီပွဲတွေကြောင့် လူတွေဟာ အသိဉာဏ်ပွင့်လင်းလာပြီး အမျိုးသမီးများအပေါ်ထားရှိတဲ့ ရှေးရိုးစွဲအတွေးအမြင်တွေနဲ့ ယုံကြည်မှုတွေ တကယ်ရော ပြောင်းလဲလာပြီလို့ သင်ထင်ပါသလား။
“လူတွေရဲ့ ရှေးရိုးစွဲအတွေးအခေါ်တွေနဲ့ ပြုမူဆက်ဆံပုံတွေဟာ အသားကျနေတဲ့ပုံစံတွေဖြစ်ပြီး ပြောင်းလဲရမယ်လို့ ပြောလို့လွယ်ပေမယ့် လက်တွေ့မှာတော့ ပြောင်းလဲဖို့ ခက်ပါတယ်။ နေ့စဉ်မိသားစုထဲမှာ၊ လုပ်ငန်းခွင်မှာ ပြီးတော့ နိုင်ငံတော်အဆင့်အထိ ပြောင်းလဲရမယ်ဆိုရင် အတွေးအခေါ်တွေ၊ အမြင်တွေပွင့်လာပေမယ့် လက်တွေ့မှာ ဘယ်နားကနေစပြီး ပြောင်းရမှာလဲဆိုတာ စစဉ်းစားလာရပြီ။”
တကယ်တော့ လူသားတွေတန်းတူညီမျှ အခွင့်အရေးရဖို့ဆိုတဲ့အကြောင်းအရာကို ပြောတော့မယ်ဆိုရင်တော့ LGBTQ အသိုက်အဝန်းကိုလည်း ချန်လှပ်ထားလို့မရဘူးလို့ ကျွန်မကတော့ မြင်ပါတယ်။ အဲဒီ့အတွက် မထားထားရဲ့ အမြင်ကိုလည်း ဝေမျှပေးချင်ပါတယ်။
“အရင်တုန်းကတော့ တိမ်မြုပ်နေပြီး မျက်နှာသာအပေးမခံရတဲ့လူနည်းစုပေါ့။ ဒါပေမယ့် အခုကတော့ သူတို့တွေရဲ့ အခက်အခဲတွေနဲ့ လူနေမှုဘဝတွေဟာလည်း အမျိုးသမီး Issue လိုပဲ ပေါ်လာပြီ။ ဒါကလည်း Human Rights အနေနဲ့ အရေးတကူလုပ်ဆောင်သင့်တဲ့ကိစ္စတစ်ခုလို့ အစ်မမြင်တယ်။ နောက်တစ်ခုက LGBTQ ဆိုပြီး L နဲ့သာစတာ ဒီကိစ္စအရေးဆောင်ရွက်တဲ့အခါ များသောအားဖြင့် L တွေ ပျောက်နေပါသေးတယ်။ ဒီအသိုင်းအဝိုင်းထဲမှာကိုက Male Organ ပါတဲ့သူတွေကသာ ပိုလှုပ်ရှားနေတယ်။ ဒါကြောင့် Lesbian တွေပါ တန်းတူနေရာရလှုပ်ရှားလာရဦးမယ်လို့ မြင်တယ်။”
Htar Htar, Founder of Akhaya Women Myanmar
ဒါတွေဟာ လူမှုရေးပြဿနာမဟုတ်ပါဘူး။ ဘာသာရေးပြဿနာလည်း ဟုတ်သလို နိုင်ငံရေးပြဿနာလို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့သောနိုင်ငံတွေမှာ အမျိုးသမီးတွေကို ခေါင်းဆောင်ခွင့်မပေးတာနဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်မပေးတာကနေ စတင်လို့ အမျိုးသမီးတွေကို ဝတ်ပြုကိုးကွယ်ခွင့်တွေအထိ ပြဿနာအရပ်ရပ်ဟာ ကမ္ဘာတစ်လွှားမှာ ရှိနေလို့ပါပဲ။
“အမျိုးသမီးတွေနဲ့ပတ်သက်လို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့လူမှုအဖွဲ့အစည်းမှာ ဥပမာ ရာသီသွေးသည် ပုပ်သည်ဆိုတာမျိုး။ မပုပ်ဘူး။ သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရကို မပုပ်တာပါ။ ဒါကို ပြောင်းပြန်အမှားကြီးသတ်မှတ်ထားကြပြီး အဲဒီ့အမှားကြီးက အသားကျနေတယ်။ အဲဒီ့အသားကျနေမှုတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတင်မကဘူး ငြိမ်းချမ်းသာယာမှုတွေပါ အသားကျလာတယ်။”
တဆက်တည်း သူမဟာ လုပ်ငန်းခွင်မှာ မသန်စွမ်းမှုပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဒာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နောက်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ မိဘဖြစ်ခြင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အခုလို အကြံပေးပါတယ်။
“အလုပ်ခွင်မှာ Gender Policy တွေ၊ Non-discrimination Policy တွေ၊ Sexual Harassment Policy တွေရှိရမယ်။ ဒါတွေရှိရင် Policy ကနေပြီး ဆွေးနွေးပွဲလေးတွေ၊ စကားဝိုင်းလေးတွေရှိလာမယ်ဆိုရင် ခုနကပြောသလို အသားကျနေတဲ့ ရှေးရိုးစွဲအမူအကျင့်တွေ တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မယ်။ ပထမတော့ Policy ရှိရမယ်။ “တစ်ယောက်တည်း အပျိုကြီးပဲလုပ်တော့မှာလား။” ဆိုတဲ့ ဒီစကားကအစ Sexual Harassment ဖြစ်တယ်ဆိုတာ သိရမယ်။ တစ်ယောက်ချင်းဆီမှာရော၊ အဖွဲ့အစည်းတွေမှာပါ တာဝန်ရှိပါတယ်။”
အမျိုးသမီးများသည် ခေသူမဟုတ်။
ဒီလို ထိပါးနှောက်ယှက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ကြုံလာရတိုင်း အမျိုးသမီးလေးတွေအများစုဟာ ခေါင်းငုံ့သည်းခံလာရတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လူမှုဆက်ဆံရေးတစ်ခုပျက်ယွင်းမှာ စိုးရိမ်တာမျိုးကြောင့်၊ လူထူထပ်တဲ့နေရာမှာ အစော်ကားခံရတာမျိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို “Say No!” လုပ်ဖို့ တွန့်ဆုတ်နေတဲ့အမျိုးသမီးတွေကိုလည်း မထားထားက အခုလို အားပေးခဲ့ပါသေးတယ်။
“အခုမှ မခံနဲ့။ နင့်ယောက်ျားကို မလုပ်ဖို့ ပြောဆိုပြီး ပြောလို့ကို မရတာ။ ဘာကြောင့်လဲဆိုရင် ငယ်ငယ်ကတည်းက ကျောင်းမှာ၊ အိမ်မှာ ခွဲခြားဆုံးမတာကို ခံလာပြီး အိမ်ထောင်ကျတော့မှာ အမျိုးသားက အနိုင်ကျင့်တာကို No လို့ မပြောရဲတာ သဘာဝကျပါတယ်။ သူကိုယ်တိုင်လည်း ဒါ Violence ဆိုတာကို သိရမယ်။ နောက်တစ်ခုက Empower ဖြစ်ရမယ်။ အမျိုးသားရဲ့အမေ၊ သူ့ရဲ့အမေစတဲ့ သူ့ပတ်ဝန်းကျင်က သူ့ကို အပြစ်တင်မှာ။ သူ့ဘက်က ရပ်ပေးမယ့်သူမရှိဘူး။ မိန်းကလေးတွေဟာ နံပါတ် (၁) ဘယ်ဟာက အကြမ်းဖက်မှုလည်းဆိုတာကို သိရမယ်။ နံပါတ် (၂)က ပတ်ဝန်းကျင်က အပြစ်တင်ခြိမ်းခြောက်တာတွေကို ကြိုတင်မျှော်မှန်းထားရမယ်။ နံပါတ် (၃) ဒီအခြေအနေထဲကနေ တကယ်ထွက်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘက်က ထွက်ပေါက်ကို အရင်ရှာထားရမယ်။ မလုပ်နဲ့လို့ ပြောပြီဆိုရင်တော့ နောက်မဆုတ်နဲ့တော့။ နိုးဆိုတဲ့ လေ့ကျင့်မှုကို ယောက်ျားရိုက်ခံရမှ ကျင့်ရမှာမဟုတ်ဘူး။ ငယ်ငယ်ကတည်းက မိသားစုနဲ့ ပတ်ဝန်းကျင်က လေ့ကျင့်ပေးခဲ့ရမှာ။ Sexual Harassment လည်း ဒီအတိုင်းပဲ။ စနေတာလား၊ Sexual Harassment လုပ်နေတာလားဆိုတာ လုပ်နေတဲ့သူကိုယ်တိုင်လည်း မသိကြဘူး။ မကြိုက်တာကို ပြပါ။ ပြီးတော့ Sexual Harassment ဆိုတာ တစ်ခါတလေ မိန်းကလေးတွေလည်း လုပ်တာပဲ။ တကယ်တော့ ယောက်ျားလေးရော၊ မိန်းကလေးရော မလုပ်ရပါဘူး။”
မထားထားဟာ “အမျိုးသမီးများသည် ခေသူမဟုတ်။” လို့ အဓိပ္ပာယ်ဖွင့်ပေးခဲ့သူပါ။ အမျိုးသမီးတွေဟာ တန်ဖိုးရှိပြီး အံ့သြစရာစွမ်းဆောင်ရည်ပြည်ဝတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေပါ။ ဒါကြောင့် မိန်းကလေးတိုင်းက တန်ဖိုးရှိတယ်လို့ သူမက ဆိုခဲ့ပါသေးတယ်။ မထားထား TEDx Yangon, 2017 မှာ အမျိုးသမီးများရဲ့ ကိုယ်ခန္ဒာအကြောင်း ပြောကြားခဲ့တဲ့ Video File ကိုတော့ အောက်မှာ နားထောင်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိ သူမဦးဆောင်နေတဲ့ “Akhaya Women Myanmar” အဖွဲ့အစည်းဟာ ဖုန်းထဲကနေတဆင့် အရေးပေါ်အခြေအနေတွေ ကြုံတွေ့လာရတဲ့အခါ ယုံကြည်စိတ်ချရတဲ့သူတွေကို တစ်ပြိုင်နက်ဆက်သွယ်အကူအညီတောင်းလိုရတဲ့ “ခရာ” ဆိုတဲ့ Mobile App တစ်ခုကို မိတ်ဆက်ထားတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ဆေးလူမှုဝန်ထမ်းတွေကို ကျားမအခြေပြုအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ သင်တန်းတွေပေးနေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ရဲ့ “Catch Up, Ketchup” အစီအစဉ်မှာ မထားထားရဲ့ အတွေးအမြင်တွေနဲ့ ခံယူချက်တွေကို ဂုဏ်ယူစွာ တင်ဆက်ပေးလိုက်ရပါတော့တယ်။
Moethaesay (Akhayar)
Photo Credit: Htar Htar, Akhaya Women Myanmar, TEDx Yangon