ပညာရေးမှာ ထူးချွန်ခဲ့ကြတဲ့ အနုပညာရှင် (၅) ဦ

ပညာရေးမှာ ထူးချွန်ခဲ့ကြတဲ့ အနုပညာရှင် (၅) ဦ

စာသင်ခန်းကို စွန့်ခွာပြီး ဝါသနာပါတဲ့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြလို့ ပညာရေးဆုံးခန်းမတိုင်ခဲ့တဲ့ သရုပ်ဆောင်တွေ ဒုနဲ့ဒေးရှိကြပါတယ်။ အနုပညာအရည်အသွေးနဲ့ ဘွဲ့ဆိုတာ တိုက်ရိုက်အချိုးမကျပေမယ့် ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေကနေ ဘွဲ့ရခဲ့ကြတဲ့ ပညာတတ်သရုပ်ဆောင်တွေလည်း အများသားပါ။ ဒီတစ်ပတ်မှာတော့ ပညာထူးချွန်အနုပညာရှင်တွေအကြောင်းကို အသေးစိပ်ဖော်ပြပါမယ်။

(၅) James Franco

James Franco ကိုတော့ ရုပ်ရှင်ချစ်သူတိုင်း သိကြမယ်ထင်ပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော စာရေးသူအနေနဲ့ သူ့ကို ကြွေမိတာက 127 Hours (2010) ရုပ်ရှင်မှာပါ။ အသက် (၄ဝ) ပဲရှိသေးပေမယ့် ရုပ်ရှင်ထူးချွန်ဆုတွေ သိမ်းပိုက်ထားနိုင်ရုံမက ပညာရေးမှာလည်း ရေခံမြေခံကောင်းခဲ့သူပါ။ သူဟာ MFA (Master of Fine Arts) ဘွဲ့ ကို Columbia University ကနေ ရရှိခဲ့ပါတယ်။ New York University ကနေ Filmmaking ဘာသာရပ်နဲ့ MA (Master of Arts) ဘွဲ့ကို ရရှိခဲ့ပါတယ်။ Yale University မှာ Ph.D (Doctor of Philosophy) ဘွဲ့အတွက် တက်ရောက်ခဲ့ပေမယ့် မပြီးဆုံးခဲ့ပါဘူး။

(၄) Sigourney Weaver

Alien ဇာတ်ကားတွဲနဲ့ အောင်မြင်မှုရခဲ့တဲ့ မင်းသမီးကြီး Sigourney Weaver ဟာ ပညာရေးမှာတော့ ခေသူမဟုတ်ပါ။ သူမဟာ ၁၉၇၂ခုနှစ်မှာ Stanford University ကနေ BA (Bachelor of Arts) ဘွဲ့ရခဲ့တယ်။ ဒါတင်မကသေးပါဘူး။ ၁၉၇၄ခုနှစ်မှာ Yale University ကနေ MFA (Master of Fine Arts) ဘွဲ့ကို ယူခဲ့တယ်။ အဲဒီမှာ မင်းသမီးကြီး Meryl Streep နဲ့ ခင်မင်ရာကနေ အနုပညာလောကထဲ ခြေချဖြစ်တာပါ။

(၃) Dolph Lundgren

ကိုကိုကာလသားတွေကြိုက်တဲ့ အက်ရှင်မင်းသားကြီး Dolph Lundgren ဟာ အရင်ဘဝတုန်းက ဆီမီးလှူခဲ့လို့လား မပြောတတ်။ ပညာရေးထူးချွန်ချက်။ သူဟာ ၁၉၈၂ခုနှစ်မှာ University of Sydney ကနေ ME (Master of Engineering) ဘွဲ့ ကို ရရှိခဲ့တယ်။ ပြီးတော့ MIT (Massachusetts Institute of Technology) ရဲ့ ပညာသင်ဆုကိုတောင် ရလိုက်သေးတယ်။ ဒါပေမယ့် ပညာရေးလမ်းကြောင်းကို ဆက်မလိုက်တော့ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ ရွေးချယ်ခဲ့တာပါ။

(၂) David Duchovny

The X-Files ရုပ်သံဇာတ်လမ်းတွဲကနေ လူသိများလာတဲ့ မင်းသားကြီး David Duchovny ဟာဆိုရင် ပညာရေးမှာ ပါရမီကြီးတယ်လို့ ဆိုရမယ်။ သူဟာ ၁၉၈၂ခုနှစ်မှာ Princeton University ကနေ MA (Master of Arts) ဘွဲ့ရခဲ့တယ်။ ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးဘူး။ Yale University ကနေ MA (Master of Arts) ဘွဲ့ထပ်ရသေးတယ်။ ပြီးတော့ ပါရဂူဘွဲ့အတွက် ကျမ်းပြုစုနေတုန်း အနုပညာလောကထဲကို ရောက်သွားလို့ ဆုံးခန်းမတိုင်ခဲ့ပါဘူး။

(၁) Rowan Atkinson

ပရိသတ်တွေကို Rowan Atkinson လို့ပြောလိုက်ရင် စိမ်းသလိုရှိပေမယ့် Mr. Bean လို့ပြောလိုက်ရင် လူတိုင်းသိမှာပါ။ Mr. Bean ဟာသဇာတ်ရုပ်နဲ့ လူသိများသွားလို့ မူရင်းနာမည်က ပျောက်သလိုဖြစ်သွားတာပါ။ ဖန်သားပြင်မှာတော့ အူကြောင်ကြောင်ဇာတ်ရုပ်နဲ့ အသုံးတော်ခံခဲ့ပေမယ့် ပညာရေးမှာတော့ သူမတူအောင် ထူးချွန်ခဲ့ပါတယ်။ သူဟာ Newcastle University ကနေ B.Sc.Eng (Bachelor of Science – Electrical Engineering) ဘွဲ့ကို ရရှိခဲ့ပါတယ်။ သာမန်စာတော်တဲ့ ကျောင်းသားတွေတောင် စိတ်ကူးမယဉ်ဖူးတဲ့ University of Oxford ကနေ M.Sc.Eng (Master of Science – Electrical Engineering) ဘွဲ့ကို ထပ်မံဆွတ်ခူးခဲ့ပါတယ်။ ၁၉၇၆ခုနှစ်မှာ ရုပ်သံဇာတ်လမ်းတွဲထုတ်လုပ်သူ John Lloyd နဲ့ တွေ့ ဆုံမိပြီး အနုပညာလောကထဲကို ရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဟာသမင်းသား Ken Jeong ဟာလည်း Duke University ကနေ BS (Bachelor of Science) ဘွဲ့ ကို ရရှိခဲ့ပြီး University of North Carolina ကနေ MD (Doctor of Medicine) ဘွဲ့ရရှိခဲ့တဲ့ ဆရာဝန်တစ်ဦးပါ။

ပြီးတော့ မင်းသမီးချော Mayim Bialik ဟာ University of California, Los Angeles ကနေ Ph.D (Doctor of Philosophy) ဘွဲ့ရရှိပါသေးတယ်။ ပညာရေးထူးချွန်ခဲ့တဲ့ သရုပ်ဆောင်တွေထဲကနေ ထူးကဲသာလွန်တဲ့ ပုဂ္ဂိုလ်တွေကိုပဲ စုစည်းဖော်ပြခဲ့တာပါ။ စာဖတ်သူတွေအနေနဲ့ ထပ်ဖြည့်ချင်တဲ့ သရုပ်ဆောင်တွေရှိသေးရင် ဝေမျှသွားပါဦး။

Reference and Photo Credit – CheatSheet

ကျော်စိုးအောင် (အခရာ)