နွေရာသီ ဗီဒိုထဲမှာရှိသင့်တဲ့ အဝတ်အစားများ

နွေရာသီ ဗီဒိုထဲမှာရှိသင့်တဲ့ အဝတ်အစားများ

နွေရာသီပူလောင်လွန်းလို့ ဘာဝတ်လို့ ဝတ်ရမှန်းမသိဖြစ်နေတယ်မလား။ အခု နွေရာသီရဲ့ ဗီဒိုထဲမှာ ထည့်ထားရမယ့် အဝတ်အစားတွေအကြောင်းပြောပြပါမယ်။ အဲဒီ့အဝတ်အစားတွေက စတိုင်မိုက်ရမယ်၊ ဖက်ရှင်ကျရမယ် ပြီးတော့ လွတ်လပ်ပေါ့ပါးပြီး အေးရမယ်။ ဒီတော့ ဘာတွေဝတ်ရင်ကောင်းမလဲဆိုတာ အကြံပေးမယ်နော်။

စတိုင်ဘောင်းဘီအတို
ဒီအချိန်မှာ ဘောင်းဘီတိုဝတ်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဘောင်းဘီတိုကလည်း မဝတ်တတ်ရင် ပူပြီး ချွေးထွက်ပါတယ်။ ဒီတော့ စတိုင်ဘောင်းဘီပွပွလေးကို အတိုလေးရွေးဝယ်ထားမယ်ဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့အပြင် အေးအေးလူလူရှိပါတယ်။

ခြေညှပ်ဖိနပ်
ဒီအချိန်အခါက အရင်တုန်းကလို Shoe ကြီးစီးပြီး ယောင်နေဖို့ မသင့်တော်တော့ပါဘူး။ အဲဒီအစား ခြေဖဝါးလေးကို သန့်ရှင်းအောင် ထားပြီး ခြေသည်းနီဆိုးထားပါ။ ပြီးရင် ခြေညှပ်ဖိနပ်လှလှလေးတွေ စီးပါ။ ဒါပဲပေါ့နော်။

လက်ပြတ်အင်္ကျီ
အင်္ကျီကိုမှ လက်ရှည်တွေ၊ လက်တိုတွေ ဝဲလိုက်ပြီး လက်ပြတ်အင်္ကျီကို ရွေးချယ်ပါလို့။ လက်ပြတ်အင်္ကျီဆိုတာ ကြိုးတစ်လုံးကို ခေါ်တာ မဟုတ်ပါဘူးနော်။ လက်အတိပြတ်ပြီး အမြင်မရိုင်းတဲ့ လက်ပြတ်အင်္ကျီကို ပြောတာပါ။

အပေါ်ထပ်အပါးလေး
တစ်ခါတလေ အပေါ်ထပ် မထပ်မဖြစ် ထပ်ရတဲ့အချိန်မျိုးတွေ ရှိပါတယ်။ နေအရမ်းပူရင်လည်း လက်ရှည်ဝတ်သင့်သလို၊ လေအရမ်းတိုက်ရင်လည်း အသားအရေ မပျက်စီးဖို့ လက်ရှည်ဝတ်သင့်ပါသေးတယ်။ ဒီတော့ အပေါ်ထပ်ကို အနွေးထည်တွေမဟုတ်ဘဲ အပေါ်ထပ် ပါးပါးလွင့်လွင့်လေးတွေ ဝယ်ယူဝတ်ဆင်သင့်ပါတယ်။

ဂါဝန်လေးများ
ကဲ လေဝင်လေထွက်ကောင်းတဲ့ ဂါဝန်တွေကတော့ မရှိမဖြစ်ပါနော်။ ဘောင်းဘီတွေ မကပ်နိုင်လောက်အောင် ပူတဲ့အချိန်မှာ ချည်သားဂါဝန်လေးတွေက အကူအညီပေးပါလိမ့်မယ်။

ဒါတွေကတော့ နွေရာသီရဲ့ ဗီဒိုထဲမှာ မရှိမဖြစ် ထည့်ထားရမယ့် အဝတ်အစားအမျိုးအစားတွေပါပဲနော်။ ဒီ (၅) မျိုး မရှိဘဲနဲ့ နွေရာသီကို ဖြတ်သန်းဖို့ စဉ်းစားတာ တကယ်မိုက်မဲပါတယ်။ ဒီတော့ ဘာလုပ်မှာလဲ။ ကြည့်မနေနဲ့တော့။ အခုသွားဝယ်ကြရအောင်နော်။

Moethaesay (Akhayar)