အချစ်မှာအရမ်းကိုနစ်မြောသွားတဲ့အခါ လူတစ်ယောက်လုပ်မိနိုင်တဲ့အမှားများ

အချစ်မှာအရမ်းကိုနစ်မြောသွားတဲ့အခါ လူတစ်ယောက်လုပ်မိနိုင်တဲ့အမှားများ

လူတွေကချစ်မိပြီဆိုရင် အမှားအမှန်ကို မခွဲခြားနိုင်တော့တဲ့အထိ ဖြစ်တတ်ကြတယ်။ အချစ်တစ်ခုထဲအတွက်နဲ့ ကိုယ့်ရဲ့တခြားအဖိုးတန်တဲ့အရာတွေကို အဆုံးရှုံးခံမိကြတယ်။ ပြောရရင် စချစ်မိတဲ့ အစောပိုင်းကာလတွေမှာ အချစ်ကိုသိသိသာသာကြီး အလေးပေးတတ်ကြတယ်။ လူတစ်ယောက်အချစ်ကိုပဲ အရမ်းတွေအာရုံစိုက်မိရင် အမှားတွေလုပ်မိတတ်ပါတယ်။ ဒီအမှားတွေကအစပိုင်းမှာ မသိသာပေမယ့် နောက်ပိုင်းမှ ကိုယ့်အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။ အဲဒီအမှားတွေကို ပြောရရင်

ကိုယ့်ရဲ့သူငယ်ချင်းတွေကို လျစ်လျူရှုမိတာ
ဒီအမှားက အချစ်ကိုအရမ်း ကိုးကွယ်မိတဲ့သူတိုင်းမှာ ဖြစ်ကိုဖြစ်ဖူးလောက်မှာပါ။ နောင်တဆိုတာနောင်မှရတတ်သလိုပဲ စာရေးသူကိုယ်တိုင်လည်း ရည်းစားဟောင်းကို ဦးစားပေးခဲ့မိလို့ သူငယ်ချင်းတွေကို ပစ်ပယ်မိတဲ့အမှားကိုကျူးလွန်ခဲ့ဖူးပါတယ်။ ကိုယ်ကအရမ်းတွေချစ်နေမိတော့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ထက် ရည်းစားနဲ့ပဲအတူတူရှိနေချင်မိတယ်။ အမှန်မှာကကိုယ့်ရဲ့ဒီရည်းစားဆိုတာမရှိလာခင်တည်းက သူငယ်ချင်းတွေဆိုတာ ကိုယ့်အနားမှာအမြဲရှိပေးခဲ့တာပါ။ ကိုယ်နဲ့အေးအတူပူအမ ျှဖြတ်သန်းခဲ့တာ ဒီသူငယ်ချင်းတွေပါ။ ကိုယ်တစ်ခုခုလိုအပ်တဲ့အချိန်မှာ အမြဲကူညီပေးခဲ့သူတွေပါ။ ဒါကိုရည်းစားရလာပြီးတော့မှ သူတို့ကိုပစ်ပယ်ထားတာမျိုးလုပ်မိရင် တစ်နေ့သူတို့မရှိတော့တဲ့အချိန်မှာ နောင်တရရပါလိမ့်မယ်။ ကြီးမားတဲ့အမှားကြီးတစ်ခုပေါ့။

ကိုယ့်ရည်းစားပေါ်လိုတာထက်ပိုပြီး အားကိုးမိတာ
လူဆိုတာကျွန်းမဟုတ်ဘူးလို့ပြောကြသလိုပဲ ဘယ်သူမှတစ်ယောက်တည်း ရှင်သန်ရပ်တည်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်ရည်းစားရလာတဲ့အခါမှာလည်း ကိုယ့်ရဲ့ရည်းစားအပေါ် မှီခိုလာတတ်ကြပါတယ်။ ဒါပေမယ့်အဲဒီလိုမှီခိုတာက လိုတာထက်ပိုလာခဲ့ရင် ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကို ထိခိုက်နိုင်ပါတယ်။ ပြောချင်တာက တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့အသေးအဖွဲ ကိစ္စလေးတွေကိုတောင် ရည်းစားနဲ့အတူတူလုပ်နေကြမို့လို့ ကိုယ့်ဟာကိုယ်ဆို မလုပ်တတ်တော့တာ။ အပြင်သွားရင်လည်း ကိုယ့်ရည်းစားနဲ့သွားနေကြမို့လို့ တစ်ယောက်တည်းသွားဖို့ မဝံ့မရဲဖြစ်လာတာ။ အဲဒီလိုဟာတွေပေါ့။

ကိုယ့်ရည်းစားတစ်ယောက်တည်းကို ယုံကြည်နေတာ
အရမ်းချစ်မိသွားရင် အချစ်မှာမြောပြီးတော့ မွှန်ထူသွားတတ်တာ သဘာဝပါပဲ။ ဒါပေမယ့်ကိုယ့်ရည်းစားကိုမှ တစ်ဖက်သတ်ယုံကြည်မိရင် ပြဿနာရှိနိုင်ပါတယ်။ တစ်ချို့သူတွေကအရမ်းချစ်မိရင် ရည်းစားပြောတာပဲ ယုံကြတော့တယ်။ လူဆိုတာအမြဲမမှန်နိုင်ဘူးဆိုတဲ့ အသိတွေ ၊ လူဆိုတာလည်း လိမ်ညာမှုတွေနဲ့ မကင်းဘူးဆိုတဲ့အသိတွေ ပျောက်ဆုံးကုန်တယ်။ ဘယ်လောက်ပဲချစ်တယ်ချစ်တယ်ဆိုနေ တွဲတွဲချင်းအချိန်တွေမှာတော့ ပုံအပ်ပြီး မယုံကြည်သင့်ပါဘူး။ ကိုယ့်ရည်းစားကနောက်ကွယ်မှာ ဖောက်ပြန်နေပြီး သူငယ်ချင်းတွေကတွေ့လို့သတိပေးတာကို ရည်းစားကိုပဲယုံပြီး သူငယ်ချင်းတွေကို အပြစ်ပြန်တင်မိတဲ့အဖြစ်မျိုးနဲ့ ကြုံဖူးကြလား။ ကြုံဖူးရင်တော့သိမှာပါ။ လူတစ်ယောက်ကိုအပြည့်အဝယုံကြည်ဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုတော့ လိုတယ်ဆိုတာ။ အရမ်းချစ်မိရင် ဒီလိုတဇောက်ကန်းမျက်စိမှိတ်ပြီး ယုံကြည်မိတဲ့ အမှားမျိုးကျူးလွန်တတ်ကြတယ်။

ရည်းစားကိုပဲ ဦးထိပ်ထားတာ
ဒါကိုတော့လူတိုင်းလက်ခံချင်မှလက်ခံမယ်။ ကိုယ့်ရည်းစားကို လူတိုင်းဦးစားပေးချင်တာပဲ။ နေရာတိုင်းမှာသူ့ကိုရှေ့တန်းတင်ချင်တာပေါ့။ ဒါပေမယ့်အဲဒီလိုလုပ်တာ အမြဲတော့မကောင်းပါဘူး။ သူ့နေရာနဲ့သူပေါ့။ ပြောရရင်ကိုယ့်မှာလည်း လုပ်စရာရှိတဲ့အရေးကြီးကိစ္စတွေရှိနေရက်နဲ့ ရည်းစားကအပြင်သွားချင်တာကို ချစ်လို့ဆိုပြီးအကျိုးအကြောင်း မပြောပြဘဲအပြင်အတူသွားပေးလို့ အလုပ်ကိစ္စတွေ မပြီးတာတို့။ ကိုယ့်မိသားစုနဲ့ရှားရှားပါးပါး အချိန်အတူတူဖြုန်းရမယ့်အချိန်မှာ ရည်းစားကခေါ်လို့ မအားရင်မအားဘူးဆိုတာ မရှင်းပြဘဲထွက်သွားမိလို့ မိသားစုဝင်တွေ ၊ အထူးသဖြင့် မိဘတွေကိုဝမ်းနည်းအောင်လုပ်မိတာတို့။ ဒီလိုအမှားမျိုးတွေကတစ်ခါတစ်လေမှာ ရည်းစားကို ဦးစားပေးမိလွန်းရင် ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းရည်းစားကိုချစ်သလောက် ထပ်တူချစ်ဖို့ဆိုတာ လိုအပ်ပါတယ်။

ဒီအမှားတွေက အရမ်းကြီး ကြီးကျယ်လွန်းတဲ့အမှားတွေမဟုတ်ပေမယ့် ဒီလိုအမှားတွေထပ်ခါထပ်ခါကျူးလွန်မိရင် တစ်နေ့မှာ ကိုယ်ရောသူပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ချစ်မိနေရင်တောင် အမြဲချင့်ချိန်ပြီးနေသင့်တယ်လို့ထင်ပါတယ်။ စာရေးသူပြောတာတွေကို လူတိုင်းလည်း သဘောတူချင်မှတူမှာလေ။ လူဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်ကိုး။ ဒါပေမယ့်စာရေးသူပြောနေတာတွေကလည်း လုံးလုံးကြီးမမှားလောက်ဘူးထင်ပါတယ်။ ဟုတ်တယ်မလား။

Piki (Akhayar)