အလုပ်မပြုတ်ချင်ရင် အလုပ်ရှင်ကို ဒီလိုတွေသွားမပြောမိပါစေနဲ့

အလုပ်မပြုတ်ချင်ရင် အလုပ်ရှင်ကို ဒီလိုတွေသွားမပြောမိပါစေနဲ့

ဝန်ထမ်းနဲ့အလုပ်ရှင်ကြားမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံမှ တချို့အလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်နိုင်မယ်ဆိုတာမှန်ပေမယ့် တစ်ခါတလေမှာ မပြောဘဲနဲ့စိတ်ထဲမှာပဲသိမ်းထားသင့်တဲ့ စကားတွေရှိပါတယ်။ ကိုယ့်ရဲ့အလုပ်ရှင်နဲ့သူငယ်ချင်းလိုပဲ ခင်ခင်မင်မင်ရှိတယ် ၊ အလုပ်ဆင်းချိန်တွေဆို အပြင်မှာတွေ့ပြီး သောက်စားတာတွေဘာတွေလုပ်ဖြစ်တာရှိတယ်။ ဒါပေမယ့် တစ်နေ့တာပြီးသွားတဲ့အခါမှာတော့ ကိုယ့်ရဲ့သူငယ်ချင်းက ကိုယ့်ရဲ့အလုပ်ရှင်ပဲဆိုတာကိုတော့ သတိရနေရမယ်။  ဒါကြောင့်မို့ အလုပ်ရှင်နဲ့ဝန်ထမ်းကြားမှာ ဖြတ်လို့မသင့်တဲ့စည်းကတော့ ရှိကိုရှိနေမှာပဲ။ ကိုယ့်ရဲ့အလုပ်ရှင်ကိုစကားပြောတဲ့အခါတိုင်းမှာ သတိအမြဲရှိဖို့လိုအပ်တယ်။ ကိုယ့်ပါးစပ်ကနေလွှတ်ကနဲ ထွက်သွားတဲ့စကားတစ်ခွန်းက ကိုယ့်အလုပ်အကိုင်ကို ပျက်စီးသွားနိုင်တာတွေရှိတယ်လေ။ ဒါကြောင့် လုပ်ငန်းခွင်ကျွမ်းကျင်ပညာရှင်တွေပြောထားတာက ဘယ်လောက်ပဲရင်းနှီးခင်မင်နေပါစေ အလုပ်ရှင်ကိုမပြောသင့်တဲ့စကားတွေလို့ သတ်မှတ်ထားတာတွေရှိတဲ့အတွက် အဲဒီစကားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဲဒါမဖြစ်နိုင်ဘူး
ကိုယ့်ရဲ့အလုပ်ရှင်က Negative ဖြစ်တဲ့စကားမျိုး ပြောတာတွေကိုမကြိုက်ဘူး။ နောက်ပြီး ကိုယ့်မှာခိုင်မာတဲ့ယုံကြည်ချက်မျိုးမရှိတာကို အလုပ်ရှင်ကမကြိုက်တာကြောင့် သူနဲ့ကိုယ်နဲ့ကသူငယ်ချင်းဆိုရင်တောင် မဖြစ်နိုင်ဘူးဆိုတာကို မပြောသင့်ပါဘူး။ အလုပ်တစ်ခုကိုစမ်းပြီးတော့ မလုပ်ကြည့်ရသေးဘဲနဲ့ မဖြစ်နိုင်ဘူးလို့ပြောတာကို ဘယ်အလုပ်ရှင်မှ မကြိုက်တာက အမှန်ပဲလေ။ ကိုယ်နဲ့ဘယ်လောက်ပဲခင်နေပါစေ အလုပ်ကအလုပ် တစ်ကဏ္ဍရှိရမှာပေါ့နော်။ တကယ်လို့ သူခိုင်းတဲ့အလုပ်ကမဖြစ်နိုင်ဘူးလို့ထင်ရင်တောင် သိပ်အဆင်မပြေလောက်ဘူးဆိုတဲ့အကြောင်းကို အခြေအနေတွေပေါ်မူတည်ပြီး ရှင်းပြသင့်ပါတယ်။ စလာတလည်းက မဖြစ်နိုင်ဘူးလို့ မငြင်းဘဲနဲ့ပေါ့။

ဆရာမှားနေတယ်
ကိုယ့်အလုပ်ရှင်ရဲ့အမှားကို တိုက်ရိုက်ကြီးဝေဖန်တာ ၊ မဟုတ်ရင်လည်းထောက်ပြတာက သူငယ်ချင်းဖြစ်နေရင်တောင် သူတို့မာနကို တည့်တည့်ထိတာမို့လို့ စိတ်ခုစရာဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုတစ်ခါလောက်လုပ်မိတာနဲ့ နောက်ပိုင်းအစည်းအဝေးတွေမှာ ကိုယ့်ကိုထည့်မခေါ်တော့တာ ၊ ကိုယ်ကပြောချင်လို့လက်ထောင်လိုက်ရင် မသိချင်ယောင်ဆောင်လိုက်တာတွေနဲ့ ကြုံရနိုင်ပါတယ်တဲ့။ တကယ်လို့ကိုယ့်ရဲ့အလုပ်ရှင်က မှားနေတယ်ဆိုရင်လည်း အဲဒီအချက်ကိုပြောပြလို့ရတဲ့ တခြားနည်းတွေရှိပါတယ်။ ဥပမာပြောရရင် ဆရာမှားနေတယ်လို့ပြောတာထက် “ကျွန်တော်သိထားတာ မှားရင်မှားနေပါလိမ့်မယ် ၊ ဒါပေမယ့်ကျွန်တော်သိသလောက်ကတော့ ဒါက ဒီလိုဒီလိုရှိတယ်” ဆိုပြီးတော့ပြောလိုက်ရင် ကိုယ့်အပေါ်အမြင်မကြည်တော့ဘဲ အလုပ်ရှင်ကသူ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပြီးပြန်ပြင်ဖို့တွေးမိသွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဘယ်လိုပုံစံမျိုးနဲ့ပြောပြော ဝေဖန်သံမပါဘဲ ကောင်းစေချင်တဲ့သဘောနဲ့ပြောတာမျိုး ဖြစ်ပါစေပေါ့။

ငါလုပ်ရမယ့်အလုပ်တာဝန်ထဲမှာ ဒါမပါဘူး
ကိုယ်လုပ်ရမယ့်အလုပ်တာဝန်ထဲမှာမပါတဲ့အရာဆိုပြီး ဝင်မကူတာက လုပ်ငန်းခွင်မှာအတ္တကြီးတဲ့သူအဖြစ် အမြင်ခံရမယ့်အရာလည်းဖြစ်သလို ကိုယ့်အလုပ်ရှင်ကအထင်သေးတာကိုလည်းခံရနိုင်ပါတယ်။ ကိုယ့်အတွက်ဘာမှအပန်းမကြီးတဲ့အလုပ်ဆိုရင် အပိုအလုပ်ဖြစ်လည်း ကူညီပေးလိုက်ပါ။ ဒါကကိုယ့်အလုပ်ရှင်ကိုလည်း သက်သာစေတယ်လေ။ ပြီးတော့ကိုယ့်က ကိုယ့်အပိုင်းမဟုတ်တာကိုတောင်လုပ်ပေးနိုင်ရင် ကိုယ့်ရဲ့ Skill Set က အကန့်အသတ်မရှိဘူးဆိုတာကို အလုပ်ရှင်ကတွေ့ပြီး သဘောတွေ့နိုင်ပါတယ်။ ကိုယ်က ကိုယ်လုပ်တတ်တာတွေထက် ပိုပြီးတော့လုပ်ချင်တယ်ဆိုတဲ့သဘောကလည်း အခက်အခဲတွေစိန်ခေါ်မှုတွေကို လိုချင်တဲ့စိတ်ရှိတယ်ဆိုတဲ့ပုံစံလို့ အလုပ်မှာအမှတ်တွေပိုရနိုင်တာပေါ့လို့။ ဟုတ်တယ်မလား။

မသိဘူးလေ
ကိုယ်ကမေးခွန်းတိုင်းရဲ့အဖြေတွေကိုသိချင်မှသိပါလိမ့်မယ်။ ဒါပေမယ့်တတ်နိုင်သလောက်ခန့်မှန်းကြည့်မယ် ကြိုးစားပြီးတော့သိအောင်လုပ်မယ်လို့ ကတိပေးတာက မသိဘူးလေလို့ ဖြေလိုက်တာထက် အများကြီးပိုကောင်းပါတယ်။ ကိုယ့်အလုပ်ရှင်က ကိုယ့်သူငယ်ချင်းဖြစ်ရင်တောင်မှ လူတစ်ယောက်က ကိုယ့်အပေါ်မြင်တဲ့အမြင်မှာ ကိုယ်ကအမြဲခေါင်းရှောင်နေတဲ့သူအဖြစ် မမြင်စေဖို့လိုတယ်လေနော်။

တောင်းပန်ပါတယ်….ဒါပေမယ့်
ကိုယ်ကအလုပ်လုပ်တာ အချိုးမပြေလို့ တလွဲတွေဖြစ်သွားတဲ့အခါမှာ တောင်းပန်ဖို့က ကိုယ့်တာဝန်ပါ။ တောင်းပန်ပြီးတော့ ဒါပေမယ့် ဒါကိုယ့်အပြစ်မဟုတ်ဘူး ဘာညာနဲ့ဆင်ခြေတွေပေးတာက တာဝန်မခံတတ်တဲ့သူတွေလုပ်တာပါ။ ကိုယ့်ကိစ္စကိုသူများအပေါ်ကိုလည်း အပြစ်တင်လို့မရပါဘူး။ (လူတွေကပုံချရတာကို သိပ်ကြိုက်တယ်လေ) ဒါကြောင့်အမှားလုပ်မိရင် ကျွန်တော်မှားသွားတယ် တောင်းပန်ပါတယ်။ နောက်တစ်ခေါက်ကျရင် သေချာသတိထားပြီးလုပ်ပါ့မယ်လို့ ဖြောင့်ဖြောင့်တန်းတန်းပဲ ပြောလိုက်ပါ။

ငါတတ်နိုင်သလောက်လုပ်ပေးတာပဲ
ဒီစကားကလည်း ကိုယ့်ရဲ့အလုပ်ရှင်ရှေ့မှာမပြောသင့်တဲ့စကားပါ။ ကိုယ်တတ်နိုင်သလောက်လုပ်ပေးတဲ့ကိစ္စက စုတ်ပြတ်သတ်နေတဲ့အနေအထားမှာရှိနေရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်းက ဒီလောက်ပဲလားဆိုပြီး ထင်သွားပါလိမ့်မယ်။ ကိုယ်လုပ်တာအသုံးမကျရင် နောက်တစ်ခေါက်ပိုကောင်းစေရမယ်လို့ အာမခံ ၊ ပြီးရင်နောက်တစ်ခေါက်မှာလည်း တကယ်ကောင်းအောင်လုပ်။ဆင်ခြေတွေကိုဘေးခေါက်လိုက်ထားလိုက်ပြီး အလုပ်နဲ့ပဲသက်သေပြလိုက်တာအကောင်းဆုံးပါနော်။

ဒီလိုအရင်ကလုပ်ဖူးတယ်….အလုပ်မဖြစ်ဘူး
အလုပ်ရှင်တွေက အပျင်းထူတာကို သည်းခံလေ့မရှိပါဘူး။ အပန်းကြီးတဲ့အရာလည်း မဟုတ်ဘူးဆိုင်ရင် ကိုယ်လုပ်ပြီးသားကိစ္စဆိုရင်တောင်မှ နောက်တစ်ခေါက်လုပ်ခိုင်းတဲ့အခါလည်း ပြန်လုပ်ပေးလိုက်ပါ။ ကိုယ့်အလုပ်ရှင်က အဆင်မပြေဘူးဆိုတာကို သူကိုယ်တိုင်တွေ့ကြုံရတာမဟုတ်တဲ့အတွက် အဆင်မပြေတာကိုမသိတော့ ထပ်လုပ်ခိုင်းတာမျိုးဖြစ်မှာပါလေ။ ဒါကြောင့်ပျင်းမနေဘဲနဲ့ လုပ်ပြီးသားလည်း ခိုင်းရင်လုပ်ပေးလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။

အလုပ်ရှင်ကိုမပြောသင့်တဲ့စကားတွေမှာ တခြားအရာတွေလည်းရှိပါသေးတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ပြောလိုက်တဲ့စကားက ပြောသင့်တဲ့စကားလား ၊ မပြောသင့်တဲ့စကားလားဆိုတာကို ကိုယ့်ဟာကိုယ်ချင့်ချိန်စဉ်းစားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးလေးကလည်း စာဖတ်ပရိသတ်တွေနဲ့ နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးဝင်ပါစေလို့ မေ ျှာ်လင့်ပါတယ်။

Piki (Akhayar)