ကြောင်တောင်တောင်နဲ့မေးခွန်းတွေမှာလည်း စွမ်းအားတွေအများကြီးရှိတယ်

ကြောင်တောင်တောင်နဲ့မေးခွန်းတွေမှာလည်း စွမ်းအားတွေအများကြီးရှိတယ်

မေးခွန်းတွေမေးရမှာ ကြောက်ခဲ့ကြတယ်။ ငယ်ငယ်ကကျောင်းတက်ရင် မေးခွန်းတစ်ခုမေးလိုက်ပေမယ့် ဒါလေးတောင်မသိဘူးလား ကြောင်တောင်တောင်လာမလုပ်နဲ့ဆိုတဲ့ စကားတွေနဲ့တန်ပြန်ပြောဆိုခံခဲ့ရတဲ့အခါမှာ မေးခွန်းတွေမေးဖို့ ကြောက်သွားခဲ့ကြတယ်။ ဒါနဲ့ပဲ မသိတဲ့အရာလည်း အပြောခံအဆူခံအနှိမ်ခံရမှာစိုးလို့ မမေးဘဲနဲ့ကြိတ်မှိတ်ပြီး ပညာတွေသင်ခဲ့ကြတယ်။ ဒါကြောင့်မို့လို့ ဒုံရင်းကဒုံရင်းပဲဖြစ်ပြီး တိုးတက်ရမယ့် ငယ်ရွယ်သူလေးတွေက မတိုးတက်တဲ့အကြောက်တရားတွေနဲ့ ထုံထိုင်းနေခဲ့ရတယ်။

ဒါပေမယ့် အခုဒီစာကိုဖတ်နေတဲ့သူတိုင်းကို မေးခွန်းတွေမေးဖို့ တိုက်တွန်းချင်တယ်။ ကိုယ်မသိတဲ့အရာကိုမေးရမှာ မရှက်ပါနဲ့တော့ ၊ မကြောက်ပါနဲ့တော့။ ဘာလို့လဲဆိုတော့ အရှက်တရားတွေ ၊ အကြောက်တရားတွေကြောင့် မေးခွန်းမေးဖို့ တွန့်ဆုတ်နေဦးမယ်ဆိုရင် ဒီလိုအသိပညာနိမ့်တဲ့နွံထဲမှာပဲ နစ်နေဦးမှာပဲ။ တချို့တွေကတော့ပြောကြပါလိမ့်မယ်။ မေးသလောက်လည်း ပြန်ဖြေပေးရဲ့လားနဲ့ ဒီမေးခွန်းကြီးပဲ ထပ်ခါထပ်ခါမေးနေတဲ့သူတွေက အရမ်းစိတ်အနှောင့်အယှက်ပေးတယ်လို့။ ဒီလိုအခါမျိုးမှာသတိရရမှာက လူတိုင်းမှာဉာဏ်ရည်ဉာဏ်သွေးချင်းမတူညီကြဘူးဆိုတာကိုပါ။ ကိုယ့်အတွက်လွယ်ကူတယ်လို့ထင်ရတဲ့ မေးခွန်းတစ်ခုက တခြားသူအတွက် ခက်ခဲနေနိုင်ပါတယ်။ ဒီလိုပဲ ကိုယ့်အတွက်ခက်ခဲတယ်လို့ထင်ရတဲ့ မေးခွန်းတစ်ခုကလည်း သူများတွေအတွက်လွယ်ကူနေတတ်တယ်။

ကိုယ်ကသူ့ကိုခဏခဏရှင်းပြတာတောင် နားမလည်နိုင်ရင် ကိုယ်ရှင်းပြတာအသုံးမကျတာလည်းဖြစ်နိုင်သလို ၊ သူကအဖြေကိုမသိချင်တာလည်းဖြစ်နိုင်ပါတယ်။ ပြောရရင် ကိုယ်ကကျောင်းတက်နေတယ်ပေါ့။ အတန်းထဲမှာဆရာသင်ပေးနေတဲ့အကြောင်းအရာတစ်ခုကို ကိုယ်ကလုံးဝနားမလည်ဘူး။ နားမလည်တဲ့အကြောင်းအရာကလည်း သူများတွေအတွက်အရမ်းလွယ်ကူတယ်လို့ ကိုယ့်စိတ်ထဲမှာထင်နေတယ်။ ဒါနဲ့နားမလည်လည်းထားလိုက်ပါတော့ အလှောင်တော့မခံနိုင်ဘူးဆိုပြီး မေးခွန်းမထုတ်ခဲ့မိရင် အဲဒီအကြောင်းအရာကို ဘယ်တော့မှနားလည်တော့မှာမဟုတ်ဘူး။ အဲဒီလိုတွေးပူနေမယ့်အစား မသိတာရှိရင်မေးပစ်လိုက်ပါ။

အတန်းထဲမှာ လူအယောက် ၃ဝ ရှိတယ်ဆိုရင် ကိုယ့်လိုပဲချာလပတ်ရမ်းနေတဲ့သူတွေက အနည်းဆုံး ၄ ယောက် ၅ ယောက်တော့ ရှိကိုရှိမှာပဲ။ ကိုယ်သာသတ္တိမွေးပြီး မေးခွန်းထုတ်လိုက်ရင် ကိုယ်လည်းအဖြေကိုသိသွားမယ် သူတို့လည်းအဖြေကိုသိသွားမယ်။ ကိုယ့်အတွက်ရော သူများတွေအတွက်ပါ အကျိုးရှိသွားမယ်။ ဒါကြောင့် ဘယ်လောက်ပဲကြောင်တောင်တောင်ဖြစ်နေပါစေ မေးခွန်းတိုင်းမှာအဖြေတွေရှိသလို အဲဒီအဖြေတိုင်းကလည်း တစ်စုံတစ်ယောက်အတွက် အကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် မေးခွန်းတွေမေးဖို့ မကြောက်ပါနဲ့။

Piki (Akhayar)