သေသည်အထိ မပြီးဆုံးနိုင်တဲ့ ကာတွန်းများနဲ့ ဆရာအော်ပီကျယ်
အင်တာဗျူးကဏ္ဍလေးတွေ ပုံမှန်တင်ဆက်လာနေရာကနေ ဒီတစ်ခေါက်တော့ အခရာက ဖော်ပြပေးချင်တဲ့ နိုင်ငံ့ဂုဏ်ဆောင် နာမည်ကြီး မြန်မာကာတွန်းဆရာကြီးတစ်ဦးရှိနေပါတယ်။ သူကတော့ ကာတွန်းဆရာ အော်ပီကျယ်ပဲဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ကာတွန်းကိုပဲ သစ္စာရှိရှိ ရေးဆွဲခဲ့ပြီး ပရိသတ်အမြောက်အမြားရဲ့ အားပေးမှုကို အခိုင်အမာရရှိနေဆဲ၊ အသက်ကြီးရင့်လာပြီဖြစ်သော်လည်း ကာတွန်းတွေကို ခုံခုံမင်မင် ရေးဆွဲနေဆဲ မြန်မာကာတွန်းဆရာကြီး အော်ပီကျယ်နဲ့ အခုလိုပဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အရင်ဆုံး မြန်မာနိုင်ငံကာတွန်းလောက အခြေအနေကို ဆန်းစစ်ပေးပါဦး။
ကာတွန်းက သိပ်အကျဲကြီးတော့ မဟုတ်ပါဘူး။ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ သိပ်မတွေ့ရတော့ဘူး။ Printing Media က နည်းသွားတာကို။ ဒါပေမယ့် Online ပေါ်မှာ ပိုက်ဆံတစ်ပြားမှမရဘဲ ဆွဲနေကြတဲ့သူတွေတော့ အများကြီးပါပဲ။ ချက်ချင်း သတင်းတစ်ခုတက်လာတာနဲ့ ကာတွန်းက (၁၅) မိနစ်၊ နာရီဝက်နေရင် ထွက်လာတာပါပဲ။ များသောအားဖြင့်တော့ Online တွေရော၊ Printing တွေရောက နေရာမပေးနိုင်တော့ Space က တဖြည်းဖြည်းနည်းလာတာပေါ့။ အခုဆို ထွက်တဲ့ဂျာနယ်တွေကလည်း တအားနည်းသွားတယ်လေ။ အဲဒါကြောင့်ပါ။ ဒါက ကာတွန်းဆရာတွေနည်းသွားတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့်ကတော့ Comic ပေါ့။ Comic က အစောပိုင်း Social Media ပေါ်ကတည်းက Comic က ကျလာတယ်။ လူငယ်တွေက တခြား Animation တွေဘက်ကို နည်းနည်းများသွားတယ်။
ကာတွန်းဆရာတွေအနေနဲ့ရော လက်ရှိ အသက်မွေးဝမ်းကျောင်းကို ဘယ်လိုရပ်တည်နေကြလဲဆိုတာလေး ပြောပြပေးပါဦး။
တခြားဟာတွေလုပ်ရတာပေါ့လေ။ ဒါပေမယ့် ကာတွန်းဆရာတွေ နည်းနည်းကံကောင်းတာတစ်ခုက သူတို့တစ်တွေက ကာတွန်းတင်မကဘူး။ Illustration လည်း ဆွဲတတ်တယ်။ တချို့ဆို စာလည်းရေးတတ်တယ်။ Editing တွေဘာတွေပါလုပ်တတ်တော့ တခြားအလုပ်ကို မျှလုပ်ရတာပေါ့။ ရေအိုးကောင်းကောင်းနဲ့ ရေအပြည့်နဲ့ ကာတွန်းဆိုတဲ့ရေအိုးကိုပဲ ရွက်ပြီးသွားရင်တော့ အကောင်းဆုံးပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကာတွန်းမှာတောင် လုပ်စရာတွေက အများကြီးရှိတယ်။ ဒါပေမယ့် ကာတွန်းကို ပေးတဲ့စာမူခက နိုင်ငံပိုင်သတင်းစာတွေကအစ တော်တော်နည်းတယ်။ အရင် ဆရာကြီးဦးဘဂျမ်းခေတ်ကဆို ပင်တိုင်တိုက်ပိုင်ကာတွန်းဆရာတွေအဖြစ်ကို သုံးတယ်။ အဲဒီတုန်းက တစ်လ (၅၀၀) လောက် ရတာကို။
မြန်မာနိုင်ငံရဲ့ ကာတွန်းအခန်းကဏ္ဍကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်သေးလဲ။
ကာတွန်းဆရာတွေက Awareness တွေ၊ နိုင်ငံရေးရေချိန်တွေကိုတော့ မြှင့်ပေးနိုင်တာပေါ့။ သို့သော် သူ့ရဲ့ နဂိုအခြေခံက ပြည်သူတွေ၊ စာဖတ်သူတွေက သူတို့ ရေချိန်မြင့်မှ။ ဒါမှမဟုတ်ရင် ဒါ -ုလားဘက်က လိုက်တာပဲ၊ တပ်ဘက်က လိုက်တာပဲဆိုပြီး ဖြစ်မှာပေါ့။ နောက်တစ်ခုက အကောင်းအဆိုးခွဲခြားလို့မရသေးတဲ့အချိန်တွေမှာ ကာတွန်းဆရာက မှန်ကန်သောအသိ၊ မှန်ကန်သောအတွေးအခေါ်၊ မှန်ကန်သောလေ့လာမှုနဲ့ မှန်မှန်ကန်ကန် ရပ်တည်ဖို့ လိုအပ်တယ်။ ကာတွန်းတစ်ခုက သွေးနှိုးလို့တော့ ရတာပေါ့။ ဒါပေမယ့် အဲဒီလိုနှိုးတဲ့စေတနာကို ပြည်သူက မြင်မှ၊ အစိုးရက မြင်မှဖြစ်မှာလေ။ အဲဒီလိုမမြင်ပြန်တော့လည်း ကာတွန်းဆရာတွေမှာ အန္တရာယ်ရှိတယ်။ အရင်တုန်းကဆို NLD တို့ဘာတို့က ကာတွန်းဆရာတွေကို သိပ်ကျေးဇူးတင်တာပဲ။ အခုဆို တစ်ခါတလေ သူတို့ စော်တယ်လို့ ထင်ချင်ထင်နေပြန်ရော။
ဆရာ ခံယူထားတဲ့ Cartoonist Life ဆိုရင်ရော ဘယ်လိုဖြစ်မလဲ။
အခု ကိုယ့်ရဲ့ Life ကို ပြောပါတယ်။ ကာတွန်းဆရာဘဝကို မတော်တဆဖြစ်လာတာ မဟုတ်ဘူး။ ကာတွန်းဆရာဖြစ်ရမယ်လို့ ရည်ရွယ်ပြီး ကာတွန်းဆရာဖြစ်လာတာ။ ဖြစ်လာတဲ့အဆိုးအကောင်းတော့ ရှိတာပေါ့။ အင်ဂျင်နီယာအလုပ်ကို ဆက်လုပ်မယ်ဆိုရင်တော့ အခုဆို စင်ကာပူလောက်မှာ ဒေါ်လာသောင်းဂဏန်းလောက်ရပြီး တော်တော်လေး တည်တည်ငြိမ်ငြိမ်ဖြစ်နေလောက်ပြီ။ အခုကျတော့ ဒီလို ဖုတ်လိုက်ဖုတ်လိုက်ပေါ့လေ။ ဒါပေမယ့် ဒါလည်း ကိစ္စမရှိပါဘူး။ ကိုယ် ရွေးချယ်တာပါ။ ကာတွန်းဘာလို့ရေးလဲဆိုရင် ရေးချင်လို့ရေးတာ။ တော်တော်ရေးချင်စိတ်ရှိလို့ရေးတာ။ ပျော်လားဆိုရင်တော့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အနုပညာသမားလား၊ အကြမ်းပညာသမားလားတောင် မသိပါဘူး။ ဒီတော့ လုပ်နေရင်းနဲ့ တစ်ခါတလေ မလုပ်ချင်တော့ဘူး။ လောကမှာ ဒီလိုပါပဲ။ ဝါသနာပါလို့ဆိုပြီး ဆရာဝန်လုပ်လုပ်၊ ဘာလုပ်လုပ် ကြာတော့လည်း ငြီးငွေ့လာတာပါပဲ။ ကိုယ်ရွေးချယ်တဲ့လမ်းဆိုတော့ စိတ်မပျက်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။ ငါ ကာတွန်းကလွဲလို့ ဘာမှမလုပ်ဘူးဆိုပြီး နေလို့တော့ မရဘူး။ ကာတွန်းကို အထောက်အပံ့ပေးနိုင်မယ့် တခြားဟာလေးတွေတော့ လုပ်ရတာပေါ့။ မလေ့လာလို့လည်း ဘယ်တော့မှမရဘူး။ မိမိရွေးချယ်တဲ့ဘဝကို မိမိယုံယုံကြည်ကြည်နဲ့ ဆက်လျှောက်မယ်။ နောက်ဆုံး သေတဲ့အထိ ကာတွန်းနဲ့ပတ်သက်လာရင် မပြီးဘူးဆိုတာ သိတယ်။ ဒါကြောင့် ကာတွန်းကိုပဲ သေသည်အထိ လုပ်သွားမှာပါ။
ကာတွန်းဆရာတွေကိုရော ဘယ်များပြောချင်သေးလဲ။
အရင်တုန်းကဆိုရင် အခုလို Facebook ပေါ်တင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကာလပါ။ အခုခေတ်က ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး တိုးတက်အောင်လုပ်လို့ရတဲ့လောကကြီးဖြစ်လာပါပြီ။ အဲဒါကြောင့် အမြဲတမ်း Knowledge Build အမြဲလုပ်ပါ။ နောက်တစ်ခုကတော့ Wisdom ပေါ့။ အမျှော်အမြင်ကြီးပါ။
Photo Credit – APK Cartoonist
Moethaesay (Akhayar)