ဖုန်းတွေမရှိခင်က တို့တွေဘယ်လိုကစားခဲ့ကြလဲ ပြန်တမ်းတကြည့်ရင်

ဖုန်းတွေမရှိခင်က တို့တွေဘယ်လိုကစားခဲ့ကြလဲ ပြန်တမ်းတကြည့်ရင်

၉ဝ ခုနှစ်ဖွားဖြစ်တဲ့စာရေးသူက ကလေးဘဝတုန်းက ဖုန်းတွေ ၊ ဂိမ်းစက်တွေကို မြင်တောင်မမြင်ဖူးခဲ့ဘူး။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ပထမဆုံးဖုန်းဆိုတာ စပြီးကိုင်ဖူးတော့ ကိုယ်ဆယ်တန်းတောင်ရောက်နေပြီ။ ပြီးတော့ငယ်ငယ်ကရပ်ကွက်ထဲက လမ်းတွေကမြေနီလမ်းလေးတွေ ၊ တိုက်အိမ်လည်းအရမ်းရှားတာ။ ဘေးပတ်ပတ်လည်မှာ ဝါးရုံတောတွေပဲရှိတယ်။ ဒီတော့ကလေးအရွယ်မှာ အပျင်းပြေကစားဖို့ဖုန်းတွေမရှိခဲ့ပေမယ့် ကစားနည်းကောင်းကောင်းတွေတော့ရှိခဲ့ပါတယ်။ ဒီဖက်ခေတ်ကလေးတွေတောင်မမီလိုက်တဲ့ ကစားနည်းတွေပေါ့။ ပြန်တွေးကြည့်ရင် အရမ်းလွမ်းတာပဲ။ စာရေးသူ ငယ်ငယ်က ဘာတွေဆော့ခဲ့လည်းဆိုတော့

Credit-Original Photographer

ဥဖမ်းတိုင်း
စာရေးသူမှာက ဝမ်းကွဲမောင်နှမှအယောက် ၂ဝ နီးပါးလောက်ရှိတယ်။ ဒီတော့ ဥဖမ်းတိုင်းဆော့ရင်အရမ်းပျော်ဖို့ကောင်းတာ။ မိုးလင်းရင် စားသောက်ပြီးတာနဲ့ အိမ်ရှေ့ဖက်က ဝါးရုံတောထဲက ကွင်းပြင်ကြီးမှာ ဥဖမ်းတိုင်းဆော့ကြတယ်။ လိုက်ရတဲ့အဖွဲ့က ရှေ့နောက်ကို တစ်ဖက်နှစ်ယောက်စီ နေရာယူတယ်။ ပြေးတဲ့အဖွဲ့ကအလယ်မှာနေတယ်။ စပြီဆိုတာနဲ့ လိုက်တဲ့ဖက်က ဘောလုံးနဲ့ပေါက်တယ်။ ပြေးတဲ့သူတွေက လွတ်အောင်ရှောင်ရတာပေါ့။ ဘောလုံးထိရင်လည်း စပ်သလားမမေးနဲ့။ အီစိမ့်နေတာပဲ။

ဂေါ်လီပစ်
ဂေါ်လီလုံးတွေဆိုရင် အိမ်မှာဗူးလိုက်ကိုရှိတာ။ အဖေကိုအင်းစိန်ဈေးကနေ ဂေါ်လီလုံးမှာရတာလည်း အမောပါ။ ပြီးတော့အမြဲရှုံးလို့ နောက်ပိုင်းလမ်းထိုက်ကဆိုင်မှာပဲ ၁ဝဝ ဖိုးလောက်ဝယ်ပေးတော့တဲ့ အဆင့်ထိဖြစ်သွားတယ်။ ဂေါ်လီပစ်ရင် မောင်နှမအများကြီးနဲ့ဆိုတော့ ဂေါ်လီတန်းကြီးကအရှည်ကြီးမှအရှည်ကြီး။ ခေါင်ကိုထိလိုက်ရင် စားစမ်းအားရပါးရ။ ကိုယ်တော့တစ်ခါမှမထိခဲ့။ ဘယ်လိုနေနေဂေါ်လီလုံးလေးတွေနဲ့ဆော့ရတာကို အရမ်းကြိုက်ခဲ့တယ်။ ပြီးတော့မပီကလာပီကလာနဲ့ တွစ်မယ် တွစ်မယ်ဆိုပြီး ဂေါ်လီကိုလှည့်ပြီးလိမ်သွားအောင်ပစ်ချင်လိုက်သေးတာ ကိုယ်က။

ဇယ်တောက်
အရမ်းဆော့တယ်လို့တော့ပြောခံရတော့မှာပဲ။ ဒါပေမယ့်စာရေးသူက ဇယ်လည်းအသေတောက်ခဲ့ပါတယ်။ ဇယ်ခုံကို နာရီလိုက်ကို မောင်နှမတွေရှိစုမဲ့စုလေးတွေပေါင်းပြီး တစ်နေ့လုံးငှားလိုက်တယ်။ ပြီးတော့အလှည့်ကျတောက်တာပေါ့ကွာ။ ဇယ်တောက်ရင် ဇယ်ပြားလုရတာက အမောဆုံးပဲ။ တကယ် အရမ်းပါးရင်လည်းမကြိုက်ဘူး ၊ ထူရင်လည်းမကြိုက်ဘူး။ အနေတော်လေးတွေကလည်းရှာရခက်ခက်။ အဝါရောင်လေးတွေက အမိုက်ဆုံးပဲစိတ်ထဲမှာတော့။ ဒါပေမယ့်ဇယ်တောက်တိုင်း ရန်ဖြစ်ရတယ်။ မောင်တစ်ယောက်ထဲမှာ ဇယ်သူခိုးပါလို့။

ရဲ ၊ သူခိုး ၊ အိမ်ရှင်မ
ဒီကစားနည်းလေးကလည်း လူများမှဆော့လို့ကောင်းတဲ့ကစားနည်းလေးပါ။ စာရေးသူတို့ရပ်ကွက်လမ်းတွေကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ ပြေးလို့ကောင်းမှကောင်း။ စာရေးသူကတော့ အမြဲသူခိုးပဲလုပ်တယ်။ ဘယ်တော့မှ မိအောင်မနေဘူး။

တစ်ထုနှစ်ထု
တစ်ထုနှစ်ထုလည်းခုန်ခဲ့ပါတယ်။ ဒါကိုမှမဆော့ဖူးဘူးဆိုရင် ၈ဝ ၊ ၉ ဝ ခုနှစ်မှာမွေးတဲ့သူတွေ မဟုတ်တော့ဘူး။ အမြဲတော့လွတ်အောင်ခုန်နိုင်ခဲ့ပါတယ်။ ဘယ်လောက်မြင့်မြင့် ခုန်နိုင်တယ်။ ဂုဏ်ယူစွာနဲ့နိုင်ပါတယ်လို့ ပြောနိုင်တာ ဒီကစားနည်းတစ်ခုပဲရှိတယ်။

ကုလားမစည်းနင်း
ကုလားမစည်းနင်းတာကိုတော့ သိပ်သဘောမတွေ့ခဲ့ဘူး။ အမတွေက အတင်းဆော့ခိုင်းလို့သာပါရတာ။ မြေကြီးပေါ်စည်းတွေဆွဲပြီး ဟိုခုန်ဒီခုန်လုပ်တာကို မကြိုက်ဘူး။ ကိုယ်ခုန်တိုင်းမရောက်လို့လေ။

ကြိုးခုန်
ကြိုးခုန်တမ်းလည်း ဆော့ပါတယ်။ သားရည်ကြိုးမဲမဲလေးတွေကို ဟိုဖက်ဒီဖက်ကိုင်ပြီး လှည့်တာကို အလယ်ကလူက ခုန်ရတာလေ။ မြန်လာလေပိုခက်လေပဲ။ ကြိုးတွေရိုက်မိလို့ အရှိုးရာတွေသာကျန်ခဲ့တယ်။ အရပ်တော့ရှည်မလာခဲ့ဘူး။

Credit-Original Photographer

ဂျင်ပေါက်
ဂျင်ပေါက်တဲ့နေရာမှာလည်း စာရေးသူက ဆရာဖြစ်ခါနီးအဆင့်ကိုရောက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဂျင်အပေါက်ကောင်းလို့ မောင်လေးခြေသံစိုက်မိပြီး ဆေးရုံရောက်သွားလို့လေ။ ဂျင်တွေပါအသိမ်းခံလိုက်ရတယ်။

ပုံပစ်
ပုံပစ်တမ်းဆော့တာလည်း ၈ဝ ၊ ၉ဝ ခုနှစ်တွေမှာ မွေးတဲ့သူတွေရဲ့ အသည်းစွဲကစားနည်းတစ်ခုပါ။ ကိုယ်ကတော့အမြဲ ပါဝါရိန်းဂျားပုံတွေပဲရှာဝယ်တယ်။ ပြီးရင်ညီနေအောင်လို့ညှက်တယ်။ သွားဆော့ရင်လည်း အိမ်ကအဖေ့ရဲ့ဂျပန်ဖိနပ်အစုတ်က ပါမှ။ ဖိနပ်မကောင်းရင် မနိုင်ဘူးရယ်။ ဂျပန်ဖိနပ်တွေက ပစ်လို့အကောင်းဆုံးပဲ။

ရုပ်ရှင်
ရုပ်ရှင်ကကွာ လိုက်တဲ့သူကရှေ့မုာနေပြီး ၁ ၂ ၃ ၄ ရေတယ်လေ။ အဲဒီမှာကျန်တဲ့သူတွေကလိုက်တဲ့သူနားကို တိုးသွားရတယ်။ ရုပ်ရှင်လို့အော်လိုက်ရင် ရောက်တဲ့နေရာမှာပဲ ငြိမ်ငြိမ်လေးနေရတယ်လေ။ ပြီးရင်လိုက်တဲ့လူက ရယ်အောင်လို့စရင် လုံးဝမလုပ်ဘဲနေရတာလေ။ မကစားတာကြာလို့ သိပ်တောင်မမှတ်မိချင်တော့ဘူး။

ပြီးတော့ ထုတ်စီးတိုးတို့ ၊ တူတူပုန်းတမ်းတို့ ၊ ခွေးရူးလိုက်တမ်းတို့လည်းဆော့ခဲ့ပါသေးတယ်။ အပေါ်က ကစားနည်းတွေက နေရာဒေသတစ်ခုစီအလိုက် အခေါ်အဝေါ်ကွဲတာတွေတော့ ရှိနိုင်ပေမယ့် အဲဒီခေတ်က ကလေးတိုင်းတော့ ဆော့ဖူးကြမှာပါ။ ပရိသတ်ကြီးတို့ရော ငယ်ငယ်က ဘာကစားနည်းတွေဆော့ပြီး ကြီးပြင်းလာခဲ့ကြတာလဲ။ စာရေးသူနဲ့ပုံစံတူတူဆော့ပြီး ဘဝကိုပျော်ပျော်ဖြတ်သန်းခဲ့တဲ့သူတွေရှိကြလား။ သိချင်မိတယ်နော်။

Piki (Akhayar)