အင်တာဗျူးမတိုင်ခင် ဘယ်လောက် စောရောက်တာ အကောင်းဆုံးလဲ

အင်တာဗျူးမတိုင်ခင် ဘယ်လောက် စောရောက်တာ အကောင်းဆုံးလဲ

အလုပ်သစ်တစ်ခု ဝင်တော့မယ်ဆိုရင် အင်တာဗျူးဝင်ရတယ်ဆိုတာ မဖြစ်မနေ ကျော်ဖြတ်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ အဲဒီလို အင်တာဗျုး ဖြေရတိုင်း အင်တာဗျူး မတိုင်ခင် ဘယ်လောက်စောစောသွားရမလဲဆိုတာ အမြဲမေးခွန်းထုတ်ကြတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ စောသွားတာ အကောင်းဆုံးဆိုတာ လူတိုင်းသိပြီးကြပေမယ့် ဘယ်လောက်စောသွားရင် အဆင်ပြေဆုံးလဲဆိုတာကိုတော့ မသိကြပါဘူး။

ချိန်းထားတဲ့အချိန်မတိုင်ခင် ၁၅ မိနစ်လောက်စောသွားတာ အကောင်းဆုံးပါပဲ
အလုပ်ခန့်တဲ့နေရာမှာ ကျွမ်းကျင်သူတွေက အင်တာဗျူးမတိုင်ခင် ၁၅ မိနစ်လောက် စောသွားတာ အကောင်းဆုံးလို့ ပြောကြပါတယ်။ HR Strategy Group ရဲ့ CEO ဖြစ်တဲ့ Amy Polefrone ကတော့ ၁၀မိနစ်၊ ၁၅ မိနစ်စောရောက်သွားတယ်ဆိုတာ “ရှင်က အသင့်ဖြစ်နေပြီ၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ဒီအချိန်ကို ရင်ဆိုင်ဖို့ ဖြစ်နေပြီ”လို့ ပြောပါတယ်။

၁၅ မိနစ်လောက်ကြိုရောက်တယ်ဆိုတာဟာ ရုံးထဲ ဝင်တာ၊ Reception မှာ မေးမြန်းတာ၊ မေးမြန်းသူရှိမယ့် အထပ်သွားတာစတဲ့ အဆင့်တွေကို ကျော်ဖြတ်ဖို့ အချိန်တွေကိုပါ ကာမိစေပါတယ်။ စောမှာ စိုးလို့ ကွက်တိထွက်လာကာမှ အကြောင်းအမျိုးမျိုးနဲ့ နောက်ကျသွားတဲ့အခါ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ပုံရိပ်ကျသွားမှာ ဖြစ်ပါတယ်။ ဒါဟာအချိန်ကို မလေးစားတဲ့ ပုံပေါ်သလို အင်တာဗျူးမယ့်သူကို မလေးစားရာလည်း ရောက်ပါတယ်။

အစောကြီးရောက်တာလည်း ကိုယ့်အပေါ်မြင်တဲ့ အမြင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်
ကိုယ်က တက်ကြွတဲ့ ကြက်ဖဖြစ်ပြီး အင်တာဗျုးချိန်မတိုင်ခင် အစောကြီးကြိုရောက်နေတာဟာလည်း တစ်ခါတလေ အဆင်မပြေဘဲ ဒုက္ခရာက်စေပါတယ်။ သူတို့မှာ လုပ်နေတဲ့ Meeting မပြီးသေးဘူး၊ တစ်ခုခုစားဦးမယ်ဆိုတဲ့ အစီအစဉ်ရှိနေနိုင်တဲ့အတွက် စိတ်ရှုပ်အောင် သွားလုပ်သလို ဖြစ်စေပါတယ်။ နောက်တစ်ချက်ကတော့ ခင်ဗျားက ဒီအလုပ်ကို သေမတတ်လိုချင်နေတဲ့ပုံပေါ်စေတဲ့အတွက် နည်းနည်းတော့ ပုံရိပ်ကျဆင်းစေမှာ ဖြစ်ပါတယ်။

Video နဲ့ အင်တာဗျူးလုပ်ခံရမယ်ဆိုရင်တော့ ၅ မိနစ်လောက်စောပြီး အသင့်ဖြစ်နေပါစေ
တစ်ခါတလေ နိုင်ငံခြားက အလုပ်အင်တာဗျူးတစ်ခုခုရလို့ Video Call နဲ့ အင်တာဗျူးလုပ်ခံရတော့မယ်ဆိုရင်တော့ လိုအပ်တဲ့ Application ကို Install လုပ်တာ၊ Error ရှိမရှိ ကြည့်ပြီးရင် ၅ မိနစ်လောက်ကြိုပြီး အသင့်ဖြစ်နေဖို့ လိုပါတယ်။ ပြောခါနီး အနားမှာ ရေဗူးတစ်ဗူးယူထားတာ၊ အခန်းက အသံလုံပြီး ဆိတ်ငြိမ်အောင် တံခါးထပိတ်တာနဲ့၊ နားကြပ်ရှာတာတွေ အားလုံးကို ကြိုလုပ်ထားပါ။

အင်တာဗျူးလုပ်ဖို့ အကောင်းဆုံးအချိန်နဲ့နေ့
တကယ်တော့ အင်တာဗျူးလုပ်ဖို့ အကောင်းဆုံးအချိန်နဲ့ နေ့ဆိုတာ မရှိပါဘူး။ အင်တာဗျူးဖြေမယ့်သူနဲ့ မေးမယ့်သူ အဆင်ပြေမယ့် အချိန်ဖြစ်ရင် ပြီးတာပဲ ဖြစ်ပါတယ်။ အဓိကက ကိုယ်ချိန်းထားတဲ့ အချိန်ကို ရောက်ဖို့ပါပဲ၊ ဒါကြောင့် ရောက်နိုင်မယ့် အချိန်ပဲ ချိန်းပါ။ အင်တာဗျုးကို အင်တာဗျူးလုပ်မယ့်သူဘက်က ချိန်းရင် ကိုယ်တကယ်အဆင်ပြေမှ ခေါင်းငြိမ့်ပါ။ ဒါမှမဟုတ် ကိုယ့်ဘက်က ဘယ်အချိန်အဆင်ပြေမလဲပြောရင်တော့ အဆင်ပြေမယ့် အချိန်နှစ်ချိန်လောက် ပြန်ပြောပေးလိုက်ပါ။ ဒါကြောင့် အင်တာဗျူးလုပ်ဖို့ အကောင်းဆုံး နေ့နဲ့ အချိန်ဆိုရင်တော့ ကိုယ်တကယ်အဆင်ပြေမယ့် နေ့နဲ့ အချိန်ကို ပြောပေးဖို့ပဲ ပြောချင်ပါတယ်။

Yoe Lu (Akhayar)

Source: Huffpost.com