လူတစ်ယောက် အစာမစား ၊ ရေမသောက်ဘဲဘယ်နှရက်အသက်ရှင်နိုင်လဲ
လူဆိုတာလေလေးရှူပြီးနေရောင်ခြည်လေးရနေရုံနဲ့ရှင်သန်နေထိုင်လို့ရတဲ့အမျိုးမဟုတ်ပါဘူး။ လူတစ်ယောက်အသက်ရှင်နိုင်ဖို့အစားအစာနဲ့ရေကိုလိုအပ်ပါသေးတယ်။ အစာရှောင်ဆုတောင်းတာတို့ ၊ အစာရှောင်ဆန္ဒပြတာတို့လုပ်တဲ့သူတွေ ဘယ်နှရက်တွေထိလုပ်နိုင်လဲမသိပေမယ့် မဟတ္တမဂန္ဒီကတော့ ၂၁ ရက်လောက်အစာရှောင်နိုင်ခဲ့တယ်။
မြန်မာစကားပုံမှာတော့ထမင်းအသက် ၇ ရက် ၊ ရေအသက်တစ်မနက်လို့ပြောကြတယ်။ လူတစ်ယောက်ကအစာမစားဘဲနဲ့သုံးပတ်ကြာအသက်ရှင်နိုင်ပြီး ပုံမှန်အားဖြင့်တော့သုံးလေးရက်လောက်ရေမသောက်ဘဲနေနိုင်တယ်တဲ့။ ဒါကဘာလို့လဲဆိုတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ၆ဝ ရာခိုင်နှုန်းလောက်ကရေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်လို့ပါပဲ။ ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေကအလုပ်လုပ်ဖို့ရေကိုလိုအပ်တယ်။ ရေကကျွန်မတို့အရိုးအဆစ်တွေအတွက်ချောဆီလိုဖြစ်ပြီး ကျွန်မတို့ကိုယ်အပူချိန်တွေကို ချွေးထွက်ခြင်း ၊ အသက်ရှူစနစ်နဲ့ ရေစွန့်ပစ်ခြင်းတို့ပြုလုပ်ရင်း လည်ပတ်ပေးတယ်။ လူတစ်ယောက်ရေမသောက်ဘဲအများဆုံးနေနိုင်တဲ့အချိန်က တစ်ပတ်လောက်ပဲရှိပါတယ်တဲ့။ သာမန်အပူချိန်မှာဆိုရင် နာရီ ၁ဝဝ လောက်ရေမသောက်ဘဲနေနိုင်ပြီး သာမန်ထက်နည်းနည်းပိုအေးတဲ့အပူချိန်မှာတော့ အဲဒီထက်အချိန်ကြာကြာပိုနေနိုင်တယ်လို့ပြောကြတယ်။
ရေဓာတ်ခန်းခြောက်ခြင်းရဲ့အန္တရာယ်
ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကရေဓာတ်အမြဲကုန်ဆုံးနေတာပါ။ ဒါကြောင့်တစ်နေ့မှာရေတစ်ဖန်ခွက်တည်းသောက်ရုံနဲ့ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကိုမဖြည့်တင်းပေးနိုင်တာပါ။ ကျွန်မတို့ချွေးထွက်တဲ့အချိန် ၊ အပေါ့သွားတဲ့အချိန်တွေမှာ ရေဓာတ်ဆုံးရှုံးပြီး အသက်ရှူထုတ်တဲ့အချိန်မှာတောင် ရေဓာတ်ဆုံးရှုံးပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေတွေမှာလူကြီးတစ်ယောက်က တစ်နာရီကို ရေဓာတ် ၁ ကနေ ၁.၅ လီတာလောက်ဆုံးရှုံးတယ်လို့ Scientific America မှာ ၂ဝဝ၂ ခုနှစ်ကရေးသားဖော်ပြခဲ့တယ်။ ဒီဆုံးရှုံးသွားတဲ့ရေတွေကိုပြန်ပြီးမဖြည့်ဘူးဆိုရင်ရေဓာတ်တွေအရမ်းနည်းလာပြီး ပိုပြီးအန္တရာယ်များတာက သွေးပေါင်တွေပါကျလာပါလိမ့်မယ်။ ကိုယ်ထဲမှာလည်ပတ်နေတဲ့သွေးကအရမ်းနည်းနေပြီး သွေးပေါင်အရမ်းကျနေတာလူကိုသေစေနိုင်တဲ့အဆင့်ထိရှိပါတယ်။
ဒါကြောင့်ကျွန်မတို့လူသားတွေမှာရေကမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီး ရေမရှိရင်အသက်ရှင်ဖို့ခက်ခဲတာကိုအားလုံးလည်းသိကြပါလိမ့်မယ်။ ကျွန်မတို့တွေထဲမှာရေသောက်အရမ်းနည်းတဲ့သူတွေရှိကြပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ်သက်ညှာတဲ့အနေနဲ့အရင်ကထက်ရေများများပိုသောက်ကြပါစေလို့ မျှော်လင့်ပါတယ်။
Piki (Akhayar)