နားလည်မှုမရှိတဲ့အချစ်ရေးတွေက စိတ်ကိုဘယ်လိုဒုက္ခပေးနိုင်လဲ

နားလည်မှုမရှိတဲ့အချစ်ရေးတွေက စိတ်ကိုဘယ်လိုဒုက္ခပေးနိုင်လဲ

လဲ

လူတွေပြောကြတာကြားဖူးတယ် ၊ ချစ်တိုင်းလည်းညားကြတာမဟုတ်ဘူးတဲ့။ အချစ်ရေးတစ်ခုဆိုတာအချစ်နဲ့ပဲတည်ဆောက်ဖန်တီးထားတာမဟုတ်ဘူးဆိုတာ အချစ်မွှန်ထူနေတဲ့သူတွေက မေ့နေတတ်ကြတယ်။ အချစ်ပါမှစစ်မှန်တဲ့အချစ်ရေးဆိုတာရမယ်ဆိုတာက တကယ်မှန်ပါတယ်။ ဒါပေမယ့်စစ်မှန်တဲ့ရာသက်ပန်အချစ်ရေးကတော့ နားလည်မှုဆိုတဲ့အခန်းကဏ္ဍလေးလည်းပါမှဖြစ်နိုင်တာမျိုးပါ။

နားလည်မှုမပါတဲ့အချစ်ရေးတစ်ခုက လူတစ်ယောက်ကိုဘယ်လောက်ထိတောင် ဒုက္ခပေးနိုင်သလဲ
တကယ်ပါ နားလည်မှုမပါတဲ့အချစ်ရေးတစ်ခုထဲ သင်ရောက်နေတယ်ဆိုရင် သေချာတာတစ်ခုကတော့ သင့်ရဲ့စိတ်က ၂၄ နာရီမှာ နာရီ ၂ဝ လောက်တော့ ဝေဒနာတွေနဲ့ပြည့်နေမှာပါ။ ပြောရရင် ကိုယ့်ရည်းစားက တစ်ချိန်လုံးစိတ်ဆိုးနေမယ် ၊ စိတ်ကောက်နေမယ်ဆိုရင် ကိုယ်လည် းအစပိုင်းတွေတော့ချော့နိုင်မယ်။ ဒါပေမယ့် ဆက်တိုက်ဆက်တိုက် ကြိမ်ဖန်များလာရင် ချော့ရတာမောလာမယ်။ ချော့ချင်စိတ်ပျောက်သွားမယ်။ မိန်းကလေးတွေနားလည်ရမှာက မိန်းကလေးပဲ စိတ်ကောက်တတ်တာမဟုတ်ဘူး ဆိုတာပါ။ ယောကျာ်းလေးတွေလည်း စိတ်ဆိုးတတ်ပါတယ်။ ဒီတော့ကိုယ့်ဖက်က ဘာအကြောင်းမှမရှိဘဲ ကိုယ့်ရည်းစားကို ရစ်ချင်တာနဲ့ အကြောင်းမရှိအကြောင်းရှာ စိတ်ကောက်ပြီး ဂျီကျတာက နောက်ပိုင်းမှာ ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးကို အများကြီးထိခိုက်နိုင်ပါတယ်။ လူတိုင်းမှာသည်းခံနိုင်တဲ့ အတိုင်းအတာဆိုတာရှိပါတယ်။ ဘယ်လောက် ချစ်တယ်ပြောပြော သူအပေါ်သည်းမခံနိုင်လောက်အောင် ဆိုးနွဲ့တာက သူကိုစိတ်ပင်ပန်းစေပါတယ်။

နောက်ထပ် ဥပမာတစ်ခုပေးရရင် ချုပ်ချယ်တာပါ။ ကိုယ်ကချစ်လွန်းလို့ ၊ စနှိုက်ကျော်မတွေ ၊ စနှိုက်ကျော်ကောင်တွေရဲ့ရန်ကို စိုးရိမ်လို့ဆိုပြီး ဘယ်သွားသွား ၊ ဘာလုပ်လုပ် လိုက်ပြီးပိတ်ပင်တာက ကိုယ့်ချစ်သူကို အရမ်းစိတ်ကျဉ်းကြပ်စေပါတယ်။ ဒီမှာစာရေးသူသိစေချင်တာက ကိုယ်သူ့ကိုချစ်တယ်ဆိုတာမှာ ယုံကြည်မှုလေးထားစေချင်တာပါ။ သူ့အချစ်ပေါ်မှာယုံကြည်မှုရှိစေချင်တာ ၊ သူဘယ်ကိုသွားသွား ၊ ဘာတွေလုပ်လုပ် ၊ ကိုယ့်ကိုချစ်တယ်ဆိုရင် ဘယ်သူစနှိုက်လာကျော်ပါစေ ခြံခုန်မှာမဟုတ်ဘူး။ ခြံခုန်တယ်ဆိုတာ တကယ်မချစ်တဲ့သူတွေလုပ်တဲ့အလုပ်။ သူကိုယ့်ကိုတကယ်ချစ်ရင် ဘယ်တော့မှကိုယ်မကြိုက်တာကို လုပ်မှာမဟုတ်ဘူး။ ကိုယ်ကသူ့ကို ဒီလိုမယုံမကြည်ဖြစ်နေတာကမှ သူစိတ်ထိခိုက်တာ။ ငါ့ရည်စားက ငါချစ်တာကိုမယုံပါလားဆိုပြီး ဝမ်းနည်းသွားလိမ့်မယ်။

နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းလူကြီးတွေလို ထုတ်မပြောနိုင်တာ။ ဒီကိစ္စက အင်မတန်အရေးကြီးပါတယ်။ သမီးရည်းစားတွေကြား အဓိကဖြစ်တဲ့ပြဿနာတွေရဲ့ဇစ်မြစ်က ခံစားချက်တွေကို မြိုသိပ်ထားတာပဲ။ ပြောရရင်ကွာ ကိုယ်ကသူ့ကို ကိစ္စတစ်ခုကြောင့်စိတ်ခုနေတယ်။ ဒါပေမယ့်အဲဒီကိစ္စက သူ့အမှားလည်းမဟုတ်ဘူး။ ဒါပေမယ့်မရဘူး ကိုယ့်စိတ်ကဖြစ်ကိုဖြစ်နေတယ် ၊ တားမရဆီးမရစိတ်ခုနေတယ်။ ဒါကိုမပြောရက်လို့ မြိုသိပ်ထားတယ်။ ရက်တွေအကြာကြီး ဒီလိုနဲ့ဖြတ်သန်းလာလိုက်တာ တစ်နေ့ကျနှစ်ယောက်သား သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်တဲ့အခါ ကိုယ်မြိုသိပ်ထားတာတွေက ပွင့်ထွက်ကုန်ရော။ အဲဒီမှာဘာမဟုတ်တဲ့ စကားများမှုလေးကနေ ပြင်းထန်တဲ့ရန်ပွဲတွေဖြစ်သွားရတယ်။ အခန့်မသင့်ရင် ကွဲကြပြဲကြတယ်။ ဒီတော့တစ်ခုခုဖြစ်ရင် ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ရင်ထဲမှာမြိုသိပ်ထားရတာလည် းမကောင်းသလို ဖြစ်လာမယ့်အကျိုးဆက်ကလည်း ပြင်းထန်လွန်းတာကြောင့် အဆုံးသတ်မှာ နာကျင်ရတာတွေဖြစ်တတ်ပါတယ်။ နှစ်ယောက်လုံးက လူကြီးတွေပဲဆိုတော့ ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာကို သူ့ကို့ပွင့်ပွင့်လင်းလင်းပြောမှ အဆင်မပြေတာတွေကို ညှိနှိုင်းလို့ရမှာပါ။

ထပ်ပြီးတော့ပြောရရင် ကိုယ့်ရည်းစားကို အချိန်ပြည့်ပိုင်ဆိုင်ချင်ပြီး ကိုယ်ချင်းမစာပေးတာကလည်း နားလည်မှုမရှိတာပါပဲ။ ပရိသတ်ကြီးတို့သတိထားရမှာက ကိုယ့်ရည်းစားကလည်း လေကိုရှူပြီးရှင်သန်နေတဲ့လူဆိုတာကိုပါ။ Red Sun ရဲ့ရောင်ခြည်ကိုစုပ်ပြီးအားတွေကြီးနေတဲ့ Superman မဟုတ်တော့ ကိုယ်လိုချင်တာတွေကို 24/7 မဖြည့်ဆည်းပေးနိုင်ပါဘူး။ သူ့မှာလည်းသူ့ရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေလိုအပ်တယ်။ ကိုယ်ဖုန်းခေါ်တိုင်းမှာ ကောက်ကိုင်နိုင်လောက်အောင်လည်း သူ့အိမ်က Reception မဟုတ်ပါဘူး။ ကိုယ်သွားချင်တဲ့နေရာတိုင်းနောက်က တကောက်ကောက်လိုက်နေရအောင်လည်း သူကအလုပ်မရှိအကိုင်မရှိ မဟုတ်ဘူး။ တစ်ခါတစ်လေမှာ သူ့ကိုကိုယ်ချင်းစာပေးရပါမယ်။ သူကိုယ့်ကိုချစ်တယ်ဆိုတာကို သူကိုယ့်အလိုကျ အမြဲဖြည့်ဆည်းပေးမှဖြစ်မယ်ဆိုတဲ့ စိတ်ရှိနေပြီး သူ့ကိုမစာမနာဆက်ဆံနေရင် သူ့မှာအားလပ်ချိန်မှာ ဝါသနာပါတာတွေမလုပ်ရလို့ မပျော်မရွှင်ဖြစ်မယ်။ ကိုယ့်အတွက်ပဲ အားလုံးလိုက်လုပ်ပေးနေရလို့ ၊ သူ့ရဲ့ကိုယ်ပိုင် ရည်မှန်းချက်တွေနောက်ကိုလိုက်ဖို့ နှောင့်နှေးနေလိမ့်မယ်။ ကိုယ့်ကိုပဲအချိန်ပေးနေရလို့ သူ့သူငယ်ချင်းတွေစိတ်ဆိုးတာခံရပြီး သူစိတ်မကောင်းဖြစ်ရလိမ့်ပါလိမ့်မယ်။

ဒါကြောင့်အချစ်ရေးတွေမှာ နားလည်မှုရှိဖို့လိုတာပါ။ နားလည်မှုမရှိရင် နှစ်ယောက်ထဲမှာ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ စိတ်ကုန်လာမှာ။ မဟုတ်ရင်တောင် နှစ်ယောက်လုံးစိတ်ကုန်လာပြီး နောက်ဆုံးချစ်ရက်နဲ့ လမ်းခွဲရတာတွေ ဖြစ်ကုန်မှာ။ အိုအောင်မင်းအောင်ပေါင်းသင်းဖို့ဆိုတာက အချစ်တွေအပြင် နားလည်မှုတွေလည်း အများကြီးလိုအပ်တယ်ဆိုတာကို သိစေချင်တဲ့အတွက် ဒီဆောင်းပါးလေးကို စာရေးသူက ကိုယ်တွေ့အဖြစ်အပျက်တွေကို ကိုးကားပြီးရေးသားထားတာဖြစ်ပါတယ်။

Piki (Akhayar)