နော့စ်နတ်ဘုရားတွေ ကျဆုံးပြိုလဲမယ့် နော့စ်ဒဏ္ဍာရီရဲ့နေဝင်ချိန်နိဂုံးဟာ God of War 4 မှာ ဘယ်လိုစခဲ့သလဲ

နော့စ်နတ်ဘုရားတွေ ကျဆုံးပြိုလဲမယ့် နော့စ်ဒဏ္ဍာရီရဲ့နေဝင်ချိန်နိဂုံးဟာ God of War 4 မှာ ဘယ်လိုစခဲ့သလဲ

ကမ္ဘာ့ရောင်းအားအကောင်းဆုံးဂိမ်းစာရင်းဝင်သွားတဲ့ God of War 4 ဂိမ်းအကြောင်းကို အားလုံးလည်းသိတန်သလောက် သိပြီးနှင့်ပြီထင်ပါတယ်။ ထွက်ရှိပြီးပြီးချင်း အချိန်ကာလအနည်းငယ်အကြာမှာပဲ ဂိမ်းပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်စေခဲ့ပြီး အတိုင်းအဆမရှိအောင် တစ်ခဲနက်အားပေးခဲ့သူတွေကြောင့် အချိန်ငါးနှစ်တာကာလ မရပ်မနားဘဲဖန်တီးရကျိုးနပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ God of War 4 ဟာ ဂိမ်းချစ်သူတွေရဲ့ရင်ထဲမှာ နေရာထပ်ယူလို့ သွားပြန်ပါပြီ။ God of War 4 ဂိမ်းကို အခုအချိန်မှာ ပရိသတ်အတော်များများ ဆော့ကစားပြီးသွားသလို မဆော့ရသေးတဲ့သူတွေအနေနဲ့လည်း ဖန်တီးထားတဲ့ ဂိမ်းလောက၊ တည်ထားတဲ့ ဇာတ်ကြောင်းဇာတ်အိမ်၊ ကွဲပြားထူးခြားတဲ့ ဂိမ်းကစားဟန်တွေနဲ့ ရင်ထဲစွဲမှတ်လောက်စရာ ဇာတ်ညွှန်း၊ ဒိုင်ယာလော့တွေ ဘယ်လောက်တောင် ပြောင်မြောက်တယ်ဆိုတာ သိကြပါတယ်။ အားလုံးရဲ့အချစ်တော် Kratos အနေနဲ့ ဒီတစ်ခေါက်မှာ နော့စ်ဒဏ္ဍာရီထဲရောက်သွားပြီး သားဖြစ်သူ Atreus နဲ့အတူ ကြမ်းတမ်းရှည်လျားတဲ့ ခရီးစဉ်ကို ဖြတ်သန်းတဲ့အချိန်အတန့်တိုင်းဟာ မေ့ပျောက်ဖို့မဖြစ်နိုင်တဲ့ အထင်ကရပြကွက်ချည်းပါပဲ။

ဒါပေမယ့် အခုကျွန်တော်တို့သိပြီးသွားတဲ့ နော့စ်ဒဏ္ဍာရီထဲက Kratos ရဲ့ဇာတ်လမ်းနဲ့ ဂိမ်းတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့သိတဲ့ အကြောင်းအရာတွေဟာ တကယ်တမ်းမှာ ကြီးမားလွန်းတဲ့အဖြစ်အပျက်တွေရဲ့ အစသာသာပဲရှိပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ နော့စ်နတ်ဘုရားတွေအနေနဲ့ အိုလံပီယာနတ်ဘုရားတွေနဲ့ ထပ်တူညီတဲ့ ကံကြမ္မာဆိုးမျိုးကို မကြာတော့တဲ့အချိန်မှာ မရှုမလှကြီး ကြုံတွေ့ရတော့မှာမို့ပါပဲ။ ဒါဘာတွေကိုဆိုလိုသလဲ? နောက်လာမယ့်အနာဂတ်မှာ ဖြစ်လာမယ့်အဖြစ်အပျက်တွေက ဘာတွေဖြစ်မလဲ? တကယ် နော့စ်ဒဏ္ဍာရီသမိုင်းအစစ်အမှန်နဲ့ ဖြစ်သွားတဲ့ဖြစ်ရပ်တွေက ဘာကိုဦးတည်နေသလဲ အစရှိတာတွေကို သိရဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင် ဆက်သွားလိုက်ကြရအောင်ဗျာ။ တစ်ပုံချင်းစီထောက်ပြီး ဖတ်ရှုနိုင်ပါတယ်။

နော့စ်ဒဏ္ဍာရီထဲက နတ်ဘုရားတွေရဲ့နောက်ခံဇာတ်ကြောင်းနဲ့ သမိုင်းဝင်ဖြစ်ရပ်အစစ်အမှန်
နောက်ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ပြောမယ်ဆိုရင် God of War 4 မှာ ကျွန်တော်တို့အားလုံးသိရှိခဲ့ရတဲ့ နော့စ်နတ်ဘုရားတွေအကြောင်းနဲ့ သူတို့ကြားက ဆက်နွယ်ပုံတွေကို အရင်ဆုံးသိမှဖြစ်ပါလိမ့်မယ်။ ဂရိဒဏ္ဍာရီထဲကလာတဲ့ စစ်နတ်ဘုရားဟောင်း Kratos နဲ့ သူ့ရဲ့သွေးသားဆက်ခံသူမျိုးဆက် Atreus နှစ်ယောက်ကိုဖယ်ပြီး ဂိမ်းအတွင်းမှာပါဝင်တဲ့ တခြားနော့စ်နတ်ဘုရားတွေရဲ့ အကြောင်းနဲ့ နဂိုမူလနော့စ်ဒဏ္ဍာရီက နတ်ဘုရားအချို့ကို အရင်သိဖို့လိုပါတယ်။ God of War 4 ထဲမှာရော နော့စ်ဒဏ္ဍာရီမှာပါ ပါဝင်တဲ့နတ်ဘုရားတွေထဲက ပထမဆုံးသိရမှာ Kratos နဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့သူဖြစ်တဲ့ နော့စ်နတ်ဘုရား Baldur ပါပဲ။ Baldur ဟာ အက်စဂတ် (Asgard)ကို အုပ်စိုးတဲ့ နတ်ဘုရား Odin နဲ့ မိခင်ဖြစ်သူ Freya တို့ရဲ့ သားဖြစ်ပြီး မှေးမှိန်ပျောက်ကွယ်ခြင်းရဲ့နတ်ဘုရားမ Nanna ရဲ့ယောကျ်ားဖြစ်သလို နတ်ဘုရား Forseti ရဲ့ဖခင်လည်းဖြစ်ပါတယ်။ Baldur ဟာ Thor နဲ့ညီအစ်ကိုတော်ပြီး Thor ရဲ့သားနှစ်ယောက်ဖြစ်တဲ့ Magni နဲ့ Modi တို့ရဲ့ ဦးလေးတော်တယ်ဆိုရင်လည်း မမှားပါဘူး။ နောက်ထပ်သိရမယ့် နော့စ်နတ်ဘုရားတွေကတော့ လှည့်ဖြားမှုပရိယာယ်တို့ရဲ့ အရှင်သခင် Loki ၊ မြင်ကွင်းမဲ့နတ်ဘုရား Hodr ၊ မြေအောက်ငရဲကိုအုပ်စိုးတဲ့ နတ်ဘုရားမ Herr နဲ့ Odin ရဲ့နောက်ထပ်သားဖြစ်သူ Hermod တို့ပါပဲ။ ဘာကြောင့်သူတို့ကိုသိသင့်သလဲဆိုတာ နောက်တဖြည်းဖြည်း ချိတ်ဆက်မိလာပါလိမ့်မယ်။

သမိုင်းကြောင်းအမှန်ဆီက မှီငြိမ်းထားတဲ့ God of War 4 ထဲက Baldur ရဲ့ဇာတ်ကြောင်း
ဂိမ်းကိုဆော့ဖူးတဲ့သူတွေဆို God of War မှာ ဖော်ပြခဲ့ပြီးသား Baldur ရဲ့အကြောင်းကို ဖန်သားပြင်မှာပြသခဲ့သလောက် သိကြမှာပါ။ ဒါပေမယ့် အားလုံးသိထားကြတဲ့ Baldur ရဲ့ဖြစ်ရပ်တွေဟာ အမှန်တကယ်မှာ နဂိုမူလနော့စ်ဒဏ္ဍာရီသမိုင်းထဲက မှီငြိမ်းပြီး ဂိမ်းနဲ့အံ့ဝင်ခွင်ကျဖြစ်အောင် ပြန်လည်ပြင်ဆင်ဖြည့်စွက်ထားတာဖြစ်တဲ့အတွက် ဒီနေရာမှာ Baldur ရဲ့သမိုင်းကြောင်းအမှန်ကိုပဲ ပြောပြရပါလိမ့်မယ်။ နတ်ဘုရားတို့ရဲ့မျိုးဆက် ဒါမှမဟုတ် နတ်ဘုရားသွေးပါတဲ့သူတွေဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကိုယ်ပိုင်စွမ်းရည်တစ်ခုခုကို ပိုင်ဆိုင်တတ်ကြပါတယ်။ Odin နဲ့ Freya ရဲ့သားဖြစ်သူ Baldur မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ တခြားနတ်ဘုရားတွေနဲ့မတူတဲ့ Baldur ရဲ့ နတ်ဘုရားစွမ်းရည်ကတော့ ဘယ်လောက်ပဲအဖျက်စွမ်းအားကြီးကြီး၊ ဘယ်လိုမျိုးအန္တရာယ်ရှိရှိ၊ အလုံးစုံတဲ့ ထိခိုက်မှုမှန်သမျှဟာ သူ့အပေါ်မှာ အကျိုးအာနိသင် သက်ရောက်မှုမရှိတာပဲ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် Baldur ဟာ နာကျင်မှုဝေဒနာမခံစားရတဲ့ အပြီးသတ်ချေမှုန်းလို့မဖြစ်နိုင်တဲ့ နော့စ်နတ်ဘုရားလို့ ဆိုရမှာပါပဲ။ Baldur ငယ်စဉ်အရွယ်က သွေးသားနီးစပ်သူ နော့စ်နတ်ဘုရားတွေဟာ သူ့ကိုလက်နက်မျိုးစုံနဲ့ ပစ်ခတ်ပေမယ့်လည်း ထိရောက်မှုမရှိ တန်ပြန်လာတာကိုကြည့်ပြီး အပျော်ရှာတတ်ကြသလို Baldur ကိုလည်း ကျီစယ်တတ်ကြတယ်လို့ ဆိုပါတယ်။

လက်တွေ့ဖြစ်လာမယ့်အိပ်မက်ဆိုးနဲ့ မိခင်ဖြစ်သူ Freya ရဲ့အစွန်းရောက်သားချစ်တဲ့စိတ်
God of War 4 နဲ့ နော့စ်ဒဏ္ဍာရီနှစ်ခုကြားမှာ ဇာတ်ကြောင်းကွဲလွဲမှုအနည်းငယ်ရှိပေမယ့် အဓိကကျောရိုးခံထားတဲ့အကြောင်းအရာကတော့ တစ်ခုတည်းပါပဲ။ ဂိမ်းကိုဆော့ခဲ့ပြီးသူတွေဆိုရင် Baldur  မိခင်ဖြစ်သူ Freya ကို နာနာကျည်းကျည်းကို မုန်းတီးနေတာ တွေ့ရမှာပါ။ ဒါဟာဘာကြောင့်လည်းဆိုရင် ဟိုးနှစ်များအကြာက Baldur နဲ့ Freya တို့မြင်မက်ခဲ့တဲ့ သတ်ဖို့လုံးဝမဖြစ်နိုင်တဲ့ Baldur ရဲ့ သေဆုံးမှုအိပ်မက်ကြောင့်ပါပဲ။ နော့စ်နတ်ဘုရားတွေရဲ့ အယူအဆအရ နတ်ဘုရားတွေဆီမှာ မြင်မက်တဲ့အိပ်မက်ဟာ အနာဂတ်တစ်ချိန်ကဖြစ်ရပ်လို့ သတ်မှတ်တဲ့အတွက် သားကိုချစ်တဲ့ Freya ဟာ အိပ်မက်ဆိုးရဲ့လှုံ့ဆော်မှုကြောင့် ရှိရှိသမျှနတ်ဘုရားတွေအပါအဝင် နော့စ်ဒဏ္ဍာရီလောကကိုးသွယ် (The Nine Realms) ရဲ့ နေရာမှန်သမျှကိုသွားရောက်ပြီး Baldur ကို ထိခိုက်နိုင်ရန်ပြုနိုင်တဲ့ အရာမှန်သမျှ ဘယ်သောအခါမှ Baldur ကို အန္တရာယ်မပြုပါစေသားဆိုပြီး အားလုံးက သစ္စာတိုင်တည်စေတာ ဖြစ်ပါတယ်။ ဒါပေမယ့် God of War ထဲက ဇာတ်ကြောင်းမှာတော့ Baldur သေဆုံးမှာကို စိုးရွံ့တဲ့အနေနဲ့ ကြိမ်စာဆန်ဆန် မှော်ဂါထာမန္တာန်ကို အသုံးချပြီး သားဖြစ်သူကို အကာအကွယ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာမှ Baldur ဟာ ဘယ်လိုထိခိုက်မှုမျိုးမှ မသက်ရောက်တဲ့စွမ်းရည်ကို ပိုင်ဆိုင်သွားခဲ့တာပါ။ ဒါပေမယ့် အဲဒီမှော်မန္တာန်ရဲ့ဆိုးကျိုးကတော့ ထိခိုက်မှုတင်သာမက ဘယ်လိုမျိုးအထိအတွေ့အာရုံခံစားမှုကိုမှ ခံစားလို့မရနိုင်တဲ့အပြင် အပြင်းအထန်စိတ်ခံစားမှုပြောင်းလဲတာမျိုး၊ စိတ်လွတ်တာမျိုးဖြစ်တာပါပဲ။ အဲဒီအချိန်ကပြီး Baldur ဟာ အမေဖြစ်သူအပေါ်မှာ အငြိုးအတေးနဲ့မုန်းတီးပြီး ဖခင် Odin ရှိရာ Asgard မှာ အနှစ်တစ်ရာတိုင်တဲ့ထိ သွားရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။

နော့စ်နတ်ဘုရားတွေအားလုံး မလွဲမသွေကြုံရမယ့် ကြမ္မာဆိုး သို့မဟုတ် Asgard ပျက်သုန်းပြိုလဲခြင်း Ragnärok
အခုလက်ရှိ ဆောင်းပါးဖတ်နေကြသူတွေအနေနဲ့ ဒီလိုမျိုးအတွေး တွေးကောင်းတွေးနေမှာ သေချာပါတယ်။ God of War 4 ထဲက နောက်ဆုံးဗီလိန် Baltur အကြောင်း ဘာကြောင့် ဒီလောက်ထိ အထွေအထူးရှင်းပြနေရတာလဲ? Kratos သတ်လိုက်လို့ အဆုံးမှာသေသွားတဲ့ Baltur ဟာ အခုပြောမယ့်အကြောင်းတွေနဲ့ ဘယ်လိုမျိုးသက်ဆိုင်လို့လဲ? ဘာကိုဆိုလိုတာလဲ? အစရှိတဲ့ မေးခွန်းတွေအတွက် အဖြေပေးမယ်ဆိုတာထက် အကြောင်းအချက်ကိုပဲ ပြောပြသွားပါမယ်၊ အားလုံးလိုက်ပြီး တွေးကြည့်ရင် ကွက်ကွက်ကွင်းကွင်း သိရမှာပါ။ တကယ့်တကယ်တမ်း အားလုံးစောင့်မျှော်နေကြတဲ့ အခိုက်အတန့်က အခုမှလာပါပြီ။ လွန်ခဲ့တဲ့နှစ်နှစ်ကထွက်ခဲ့တဲ့ Marvel က Thor ရဲ့Ragnärok ကားကို အားလုံးမှတ်မိလိမ့်မယ် ထင်ပါတယ်။ အဲဒီရုပ်ရှင်ရဲ့နာမည် Ragnärok ဆိုတဲ့ စကားလုံးဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက ရှေ့ဖြစ်ဟောကိန်းဖြစ်တဲ့ Asgard ပျက်စီးပြိုလဲခြင်းနဲ့ တစ်ချိန်မှာ ကျရောက်လာမယ့် နော့စ်ဒဏ္ဍာရီရဲ့အဆုံးသတ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနာဂတ်မှာဖြစ်လာမယ့် Ragnärok ဟာ နတ်ဘုရားတွေ နောက်ဆုံးရေးတဲ့သမိုင်း၊ Asgard ရဲ့ကျဆုံးခြင်းနိဂုံး၊ ရှောင်လွှဲမရတဲ့ကြမ္မာဆိုးကို ဖော်ပြတဲ့စကားလုံးလည်း ဖြစ်ပါတယ်။ အနားလည်လွယ်ဆုံးနည်းနဲ့ပြောရင် Kratos ရဲ့လက်ချက်ကြောင့် အိုလံပီယာနတ်ဘုရားတွေ အရေးနိမ့်တဲ နောက်ဆုံးတိုက်ပွဲဟာ The Fall of Olympus ဆိုရင် နော့စ်နတ်ဘုရားတွေရဲ့ အဆုံးသတ်နိဂုံးဟာ Ragnärok ပါပဲ။

ဒါဆိုရင် မေးစရာကရှိလာပါပြီ၊ အထက်ကပြောခဲ့တဲ့ Baldur နဲ့ Asgard ရဲ့ကျရှုံးခြင်း Ragnärok နဲ့ ဘယ်လိုများသက်ဆိုင်နေသလဲ? သိပ်ကိုသက်ဆိုင်ပါတယ်၊ အနာဂတ်ဟောကိန်းအရ နော့စ်ဒဏ္ဍာရီတစ်ခုလုံး ပျက်သုန်းခြင်း Ragnärok ရဲ့ရှေ့ပြေးလက္ခဏာ၊ အကြိုနိဒါန်းနဲ့ ပထမဦးဆုံးဖြစ်လာမယ့် ဖြစ်ရပ်ဟာ Baldur ရဲ့သေဆုံးခြင်းဖြစ်တယ်လို့ ဟောကိန်းထုတ်ခဲ့လို့ပါပဲ။ God of War 4 နောက်ဆုံးအခန်းမှာ Atreus က အိမ်ရှေ့ကို Thor လာမယ်ဆိုပြီး အိပ်မက်မက်တဲ့အကြောင်းနဲ့ သူ့ရဲ့အိပ်မက်က ဘယ်လောက်ထိ လက်တွေ့ဆန်ကြောင်း Kratos ကို ပြောပြတာ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ နတ်ဘုရားမျိုးနွယ်တွေရဲ့ အိပ်မက်ဟာ အမှန်တကယ်အနာဂတ်ဖြစ်ကြောင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ တိုက်ဆိုင်မှုလို့ ထင်ပါသလား?  အခုဆိုရင် အထက်မှာပြောခဲ့တဲ့အကြောင်းအချက်အလက်တွေ အားလုံးချိတ်ဆက်သွားနိုင်ပြီ ထင်ပါတယ်။

နော့စ်ဒဏ္ဍာရီပျက်သုန်းခြင်းကို Kratos နဲ့ Atreus တို့ ဘယ်လိုမျိုးရင်ဆိုင်ရှင်သန်မလဲ? ထပ်မံဖြည့်စွက်ချက်နဲ့ စာရေးသူအနှစ်ချူပ်
နှစ်ဖက်စလုံးရဲ့တိကျသေချာတဲ့အကြောင်းအချက်တွေကို ထောက်ကြည့်မယ်ဆိုရင် Kratos အနေနဲ့ Baldur ကိုသတ်ခဲ့မိတာ သိပ်မှားပါတယ်။ အခုအခြေအနေက ကိုယ့်မျိုးနွယ်မဟုတ်ဘဲ ပြင်ပလောကတစ်နယ်တစ်ကျေးက သူစိမ်းကြောင့် နော့စ်ဒဏ္ဍာရီကြီးတစ်ခုလုံး ပျက်သုန်းရမယ်ဆိုတော့ နော့စ်နတ်ဘုရားတွေအနေနဲ့လည်း ဒေါသအိုးပေါက်ကွဲချင်စရာပါပဲ။ အရေးကြီးတဲ့ နောက်တစ်ချက်က Baldur အနေနဲ့ Kratos က မသတ်လိုက်လည်း အနာဂတ်ဟောကိန်းအရ တစ်ချိန်မှာ သေကိုသေမှာပါပဲ။ ဒါပေမယ့် Kratos လုပ်ရပ်ကြောင် နောက်ထပ်ရာစုနှစ်တစ်ခုကျော်မှ ဖြစ်ရမယ့် ဖြစ်ရပ်တွေအနေနဲ့ ရုတ်တရတ် အမြန်နှုန်းနဲ့ အဆင့်ကျော်ပြီး ဖြစ်ခိုင်းလိုက်သလို ဖြစ်သွားတာတော့ အမှန်ပါပဲ။ တကယ် နော့စ်ဒဏ္ဍာရီမှာ လှည့်ဖြားခြင်းပရိယာယ်တို့ရဲ့အရှင်သခင် Loki ရဲ့ ကြိုးကိုင်မှုကနေတဆင့် မြင်ကွင်းမဲ့နတ် Hodr ဟာ Baldur ရဲ့တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ Mistletoe ကို လက်ကိုင်လှံအဖြစ်ပြောင်းပြီး Baldur ရင်ဝတည့်တည့်ကို ပစ်ခွင်းလိုက်ခြင်းကနေ Baldur သေဆုံးရတာဖြစ်ပါတယ်။

ဘယ်လိုအချင်းအရာမျိုးပဲဖြစ်ဖြစ် Ragnärok က နတ်ဘုရားတွေကိုယ်တိုင် ရှောင်လွှဲမရတဲ့ ဟောကိန်းပါ။ မျက်နှာမှာထင်ရှားတဲ့အမှတ်အသားနဲ့ သူရဲကောင်းက တစ်ချိန်မှာ အိုလံပီယာတစ်တောင်လုံးကို မျိုးဖြုတ်ဖျက်ဆီးပစ်လိမ့်မယ်ဆိုတဲ့ ဟောကိန်းကြောင့် မျက်နှာမှာ အမှတ်ပါတဲ့ Kratos ရဲ့ညီ Daimos ကို Ares နဲ့ Athena တို့က မှားယွင်းခေါ်ဆောင်သွားပေမယ့် အိုလံပီယာတောင် ပျက်တာကို မကာကွယ်နိုင်သလိုပါပဲ။ ဒီတစ်ခေါက်လည်း ဖြစ်ကိုဖြစ်မှာပါ။ အဲလိုမှမဟုတ်ရင် Kratos အနေနဲ့ မိခင်အရင်းခေါက်ခေါက်ဖြစ်တဲ့ Freya ရှေ့မှာ သားဖြစ်သူ Baldur ကို သတ်လိုက်စရာဇာတ်ကြောင်း လုံးလုံးလျားလျားမှမရှိပါဘူး။ အဲဒါအပြင် Baldur ဟာ Thor နဲ့ ညီအစ်ကိုတော်စပ်ရုံသာမက Odin ရဲ့သားလည်းဖြစ်တဲ့အပြင် နော့စ်နတ်ဘုရားအားလုံးက ချစ်ခင်နှစ်သက်ရတဲ့ အလင်းနတ်ဘုရား (God of Light) ပါ။

စာဖတ်သူတွေအနေနဲ့ အသေအချာစဉ်းစားကြည့်မယ်ဆိုရင် Kratos ကြောင့်သာလျှင် Asgard ပျက်သုန်းမှုကို ဖြစ်စေတဲ့ Ragnärok ဟာ နော့စ်ဒဏ္ဍာရီဆီ အချိန်စောပြီး ရောက်လာခဲ့တာပါ။ နောက်တစ်ချက်သုံးသပ်ကြည့်ရမှာက ကိုယ်နဲ့သွေးမတော်သားမစပ်သူဖြစ်သလို နတ်ဘုရားမျိုးနွယ်ချင်းလည်းမတူတဲ့ Freya နဲ့ Baldur သားအမိနှစ်ယောက်ရဲ့ မိသားစုကိစ္စကို ဝင်ရောက်စွက်ဖက်ပြီး Baldur ကိုပါ သတ်ခဲ့တဲ့အပြင် နော့စ်ဒဏ္ဍာရီနဲ့ Asgard တစ်ခုလုံးကို ပျက်ဆီးစေမယ့် ကြမ္မာဆိုးကို ဆောင်ကျဉ်းလာတဲ့အထိ လက်လွန်ခဲ့တဲ့ Kratos မှာ လာမယ့်ဖြစ်ရပ်အတွက် လုံးဝကို တာဝန်အကြီးကြီးရှိပါတယ်။ ဒီဆောင်းပါးမှာ ပြောချင်တာကတော့ ဒီလောက်ပါပဲ၊ ဒါပေမယ့် ပိုပြီးရင်ခုန်ဖို့ကောင်းသွားအောင် နောက်ထပ်လာမယ့် God of War မှာ ပါဝင်နိုင်ဖွယ်ရာရှိတဲ့ဖြစ်ရပ်တချို့ကို အသေအချာစီစစ်ပြီး ပြန်လည်မျှဝေလိုက်ရပါတယ်။

လာမယ့် God of War ခွေအသစ်မှာ နော့စ်ဒဏ္ဍာရီပျက်သုန်းခြင်း Ragnärok နဲ့အတူ ပါဝင်ဖို့ ကျိန်းသေနေတဲ့ ဖြစ်စဉ်တွေကတော့

– Baldur ရဲ့သေဆုံးတာဟာ ဟောကိန်းထဲကအဆိုအရ Ragnäork ရဲ့ ပထမဦးဆုံးအဆင့် ဖြစ်တယ်

– အရာအားလုံးစတင်တော့မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာအဖြစ် အလွန်တရာခက်ထန်ကြမ်းတမ်းတဲ့ Timbulwinter နှင်းမုန်တိုင်း သုံးနှစ်တိုင်တိုင် အဆက်မပြတ်ကျရောက်စေတယ်။

– Sköll နဲ့ Hadi တို့နှစ်ယောက်ဟာ နေနဲ့လကို အသီးသီးဝါးမြိုပြီး Asgard ရဲ့ ပြိုလဲပျက်သုန်းမှု စတင်ပြီဖြစ်တယ်ဆိုတဲ့အကြောင်း နော့စ်နတ်ဘုရားတွေအားလုံးကို အသိပေးလိုက်တယ်။

– မီးနတ်ဘီလူးဖြစ်တဲ့ Suntr ဟာ သူ့ရဲ့မီးလျှံဓါးကို အသုံးပြုပြီး Asgard တစ်ပြည်လုံးကို မီးလောင်တိုက်သွင်းလိမ့်မယ်။

–  နော့စ်နတ်မျိုးနွယ်နှစ်စုဖြစ်တဲ့ Aesir နဲ့ Vanir တို့ရဲ့ အဆုံးမဲ့စစ်ပွဲကြီး ပြန်လည်စတင်ခဲ့တယ်။

– Fenir နဲ့ Odin တို့ရဲ့ နောက်ဆုံးတိုက်ပွဲမှာ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်တိုက်ခိုက်ရင်း နှစ်ယောက်လုံးအသက်ဆုံးရှုံးမယ်။

– နော့စ်ဒဏ္ဍာရီတစ်ခွင်မှာ အင်အားအကြီးဆုံးနဲ့ ရဲစွမ်းသတ္တိအပြည့်ဝဆုံး Thor နဲ့ Jörmungandr တို့ရဲ့ တိုက်ပွဲဟာ အလွန်ပြင်းထန်လာခဲ့တယ်။

– Kratos နဲ့ သားဖြစ်သူ Aterus တို့နှစ်ယောက် Asgard ရဲ့နောက်ဆုံးသမိုင်း Ragnärok ကြားဝင်ရောက်ပတ်သက်ခဲ့တယ်။

ဒီအချက်တွေဟာ တစ်ကမ္ဘာလုံးက God of War ပရိသတ်တွေအနေနဲ့ ဂိမ်းရဲ့လက်ရှိဇာတ်ကြောင်းအခြေအနေ၊ နော့စ်ဒဏ္ဍာရီရဲ့အဆုံးသတ်နဲ့ သမိုင်းအချက်အလက်တွေကို အသေချာလေ့လာစူးစမ်းပြီး တစ်ဦးချင်းစီ အကျိုးပြုထားတဲ့ တရားဝင်အချက်အလက်တွေ ဖြစ်ပါတယ်။ ဆောင်းပါးနဲ့အတူ ဒီအချက်လေးတွေကိုပါ မှတ်သားဖွယ် ထည့်သွင်းဖော်ပြလိုက်ရပါတယ်။ နောက်လာမယ့် ဆောင်းပါးတွေမှာလည်း အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကို သုတ၊ ရသ အစုံအလင်နဲ့ တင်ဆက်သွားပါ့မယ်။ စာဖတ်သူများအားလုံးကို ကျေးဇူးအထူးတင်လျက်ပါ။

Yan

Ref: Wikia, YouTube, Fandom