သိမ်ငယ်စိတ်ကို ဘယ်လိုထိန်းချုပ်ကြမလဲ

သိမ်ငယ်စိတ်ကို ဘယ်လိုထိန်းချုပ်ကြမလဲ

သိမ်ငယ်စိတ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်မပြည့်စုံဘူး ၊ ကိုယ်ကသူများတွေလောက် မတတ်နိုင်ဘူး ၊ ကိုယ့်ရုပ်ကအရမ်းမချောဘူးဆိုတဲ့အတွေးမျိုးတွေကို ဖြစ်စေတဲ့စိတ်ပေါ့။ ပြောရရင် သိမ်ငယ်စိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝမယုံနိုင်တဲ့ အခိုက်အတန့်မှာ ဖြစ်တတ်တာဖြစ်တယ်။ သိမ်ငယ်စိတ်ရှိတာက ဘဝရဲ့အခန်းကဏ္ဍတွေမှာ အဖုအထစ်တွေဖြစ်စေတယ်။ မယုံကြည်နိုင်တဲ့အချိန်မျိုးမှာ မသေချာတဲ့စိတ်မျိုးဖြစ်တတ်တယ်။ အဲဒီလိုမသေချာတဲ့စိတ်က ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ တွေဝေမှုတွေဖြစ်စေပြီး လိုချင်တဲ့အရာကိုရဖို့ သေချာမဆုံးဖြတ်နိုင်အောင် လုပ်တယ်။ ဆုံးဖြတ်ချက်ဆိုတာ လူတိုင်းအတွက်အရေးပါတယ်။ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို သူ့ရဲ့ဆုံးဖြတ်ချက်တွေကပဲ ပုံဖော်ပေးတာဖြစ်တယ်။ ဒီတော့ဒါတွေကိုနှောင့်ယှက်နိုင်တဲ့သိမ်ငယ်စိတ်ကို ဘယ်လိုတားဆီးကြမလဲ –

ကိုယ်ဘာကိုသိမ်ငယ်တတ်တယ်ဆိုတာကိုသိအောင်လုပ်မယ်
လူတိုင်းမှာသိမ်ငယ်စိတ်တွေရှိတယ်။ သိမ်ငယ်စိတ်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ဥပမာ ကိုယ့်ထက်အသိပညာပိုင်းမှာသာတဲ့သူကိုတွေ့ရင် သိမ်ငယ်တာတို့ ၊ ကိုယ့်ထက်ရုပ်ချောတဲ့သူကိုမြင်ရင် သိမ်ငယ်တာတွေရှိတယ်ပေါ့။ ဒီအချိန်မှာလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးရမှာဖြစ်တယ်။ ငါဘာကိုသိမ်ငယ်စိတ်ဖြစ်တတ်လဲ ၊ ဘယ်လိုပူပန်မှုတွေ ၊ ကြောက်လန့်မှုတွေက ငါ့ကိုသိမ်ငယ်စေတာလဲ ၊ ဘယ်လိုလွဲမှားတဲ့အတွေးတွေက ငါ့ကိုသိမ်ငယ်စေတာလဲ ၊ ဒီသိမ်ငယ်စိတ်ရဲ့အမြစ်ကဘာလဲ စတာတွေကို မေးရပါမယ်။

အဓိပ္ပါယ်ရှိရှိတွေးခေါ်တတ်အောင်လုပ်ကြမယ်
ဘာကိုသိမ်ငယ်တတ်တယ်ဆိုတာကို သိပြီဆိုရင် ကိုယ့်သိမ်ငယ်စိတ်ကို ရင်ဆိုင်ဖို့အချိန်ကြပြီဖြစ်တယ်။ သိမ်ငယ်စိတ်ဆိုတ အမှန်မှာတော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်တွေ ၊ အခြေအနေအချိန်အခါတွေကို ကိုယ့်သဘောနဲ့ကိုယ်တွေးတဲ့ အတွေးတွေပဲဖြစ်တယ်။ ပြောရရင်တော့ သိမ်ငယ်စိတ်ဆိုတာ အတွေးလွန်တာပဲ။ အတွေးတွေဆိုတာ ထိန်းချုပ်လို့ရတယ်။ လိုသလိုစေခိုင်းလို့ရတယ်။ ဒီတော့အတွေးတွေကိုပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ရမယ်။ သိမ်ငယ်စိတ်ကို အဓိပ္ပါယ်ရှိရှိ ယုတ္တိရှိရှိတွေးရမယ်။ ပြောချင်တာက ကိုယ့်ကိုယ်ကို မေးလိုက်ပါ။ ဒါကဟုတ်ရောဟုတ်ရဲ့လား ၊ ငါပဲလျှောက်တွေးနေတာလားလို့မေးလိုက်ပါ။ ဒါကိုတခြားဘယ်လိုပြောင်းမြင်နိုင်ဦးမလဲ ။ တခြားဘာများဖြစ်နိုင်ဦးမလဲဆိုပြီး မေးခွန်းထုတ်ရမယ်။ ဒီလိုယုတ္တိရှိရှိတွေးတတ်လာရင် ကိုယ့်ကိုသိမ်ငယ်စေတဲ့အတွေးတွေကို မြင်လာလိမ့်မယ်။

ကိုယ့်ရဲ့အောင်မြင်မှုတွေကို ပြန်သုံးသပ်မယ်
သိမ်ငယ်စိတ်ဝင်လာပြီဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုတွေကို ပြန်သုံးသပ်ဖို့လိုပါလိမ့်မယ်။ အရင်ကငါဘာတွေဖြစ်အောင်လုပ်ခဲ့တယ်။ ဘယ်လိုအောင်မြင်မှုတွေ ၊ ဘယ်လိုပြီးမြောက်မှုတွေရခဲ့တယ်ဆိုတာမျိုးပေါ့။ ဒီလိုလုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပြန်ရလာပြီး သိမ်ငယ်စိတ်တွေကို တိုက်ထုတ်နိုင်မယ်။ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုတွေးတာက စိတ်ခွန်အားတွေ ၊ အကောင်းမြင်တဲ့စိတ်တွေကို ဖြစ်စေတယ်။ သိမ်ငယ်စိတ်ကဖြစ်လာတဲ့ အတွေးလွန်တာတွေကို ခြေမှုန်းဖို့က အကောင်းမြင်တဲ့အတွေးတွေလောက် ကောင်းတဲ့လက်နက်မရှိပါဘူး။

ကိုယ့်ကိုယ်ကိုကောင်းတဲ့စကားတွေပြောပေးမယ်
ကိုယ့်စိတ်ကနေ အကောင်းမြင်တဲ့အတွေးတွေကိုတွေးပြီးတာနဲ့တော့လည်း မပြီးသေးပါဘူး။ ဘာလို့လဲဆိုတော့ သိမ်ငယ်စိတ်ဆိုတာ အရမ်းကိုအားကြီးတဲ့စိတ်ဖြစ်တယ်။ အကောင်းမြင်တဲ့အတွေးကိုလည်း အနိုင်ယူနိုင်တယ်။ ဒီတော့တွေးတာနဲ့တင်မရပ်သေးဘဲ ပါးစပ်ကနေလည်း ထုတ်ပြီးပြောပါ။ ကိုယ့်ဟာကိုယ်တစ်ယောက်ထဲ အခန်းထဲရှိတဲ့အချိန်မှာ “ငါဒါလုပ်နိုင်တယ် ၊ ဟုတ်တယ် ငါကဦးနှောက်ကောင်းပါတယ် ၊ ငါအားစိုက်ထုတ်နိုင်ပါတယ် ၊ ငါ့မှာလုပ်နိုင်စွမ်းရှိတယ်” စသဖြင့်ပြောပေးပါ။ အဲဒီလိုဆိုရင် ကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ကြားနေရတော့ ကိုယ့်ကိုယ်ကိုပိုပြီးယုံကြည်လာတယ်။ အားလည်းဖြစ်တာကြောင့် သိမ်ငယ်စိတ်ကို အမှန်တကယ် အနိုင်ယူနိုင်မှာဖြစ်ပါတယ်။

ဒီတော့စာရေးသူပြောခဲ့တဲ့နည်းတွေကို သုံးပြီး ကိုယ့်ရဲ့သိမ်ငယ်စိတ်ကို တွန်းလှန်ဖို့ကြိုးစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်စိတ်ကို ထိန်းချုပ်တဲ့ပုံစံခြင်းမတူပေမယ့် ဒီနည်းလေးတွေက လူတိုင်းလိုက်လုပ်နိုင်လောက်မယ့်နည်းတွေဖြစ်တာကြောင့် စမ်းကြည့်လို့လည်း အကျိုးမယုတ်ပါဘူးလို့ပြောရင်း နိဂုံးချုပ်ပါတယ်။

Piki (Akhayar)