ဖုံးဖိထားလို့ရတဲ့ လျှို့ဝှက် Tattoo လေးတွေ ထိုးရအောင်

ဖုံးဖိထားလို့ရတဲ့ လျှို့ဝှက် Tattoo လေးတွေ ထိုးရအောင်

အခုနောက်ပိုင်းနှစ်တွေမှာ Tattoo ယဉ်ကျေးမှုက တဖြည်းဖြည်း ခေတ်စားလာခဲ့ပါတယ်။ Tattoo ထိုးတယ်ဆိုတာ ကိုယ်ခန္ဒာပေါ်မှာ ဆင်ယင်တဲ့ အလှအပတစ်ရပ်အဖြစ် လက်ခံလာကြတဲ့နောက်ပိုင်း အရင်လိုမဟုတ်တော့ဘဲ မိန်းကလေးတွေပါ Tattoo ထိုးလာကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူတိုင်းလက်ခံပြီလားဆိုတော့ မဟုတ်သေးပါဘူး။ တချို့လုပ်ငန်းခွင်တွေနဲ့ တချို့အသိုင်းအဝိုင်းမှာ Tattoo ကို ရှုံ့ချနေတုန်းပါပဲ။

ဒီတော့ Tattoo လည်း ထိုးချင်တယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ မိသားစုအသိုင်းအဝိုင်းက Tattoo ထိုးတာကိုလည်း မနှစ်သက်သေးဘူးဆိုတဲ့ မိန်းကလေးတွေအတွက် ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လို Tattoo လေးတွေက အမြင်မရိုင်းဘဲ ဖွက်ထားလို့လည်းရ၊ ဖော်ထားလို့လည်းရပြီး အဆင်ပြေနိုင်မလဲဆိုတာ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်နော်။

အရင်ဆုံး အကြံပေးချင်တာကတော့ အခုလို တင်းကျပ်တဲ့မိသားစုနဲ့ လုပ်ငန်းခွင်မှာ အခြေချနေတဲ့ မိန်းကလေးတွေဟာ Tattoo ထိုးမယ်ဆိုရင် ကြီးမားတဲ့ Tattoo တွေထက် ခပ်သေးသေးကိုမှ ချစ်စရာကောင်းတဲ့ Tattoo ပုံလေးတွေကို ဦးစားပေးရွေးချယ်စေချင်ပါတယ်။ ဥပမာ – ပန်းလေးတွေ၊ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သင်္ကေတလေးတွေမျိုးပေါ့။ နောက်ပြီးတော့ ဆေးအရောင်ကိုလည်း ရောင်စုံ ဒါမှမဟုတ် Crazy Color လေးနဲ့ ရွေးချယ်ထိုးတာက အမြင်မရိုင်းစေဘဲ ချစ်စရာပိုကောင်းနိုင်ပါတယ်။ နောက်ဆုံး မြင်သွားပြီဆိုရင်တောင်မှ လက်ခံနိုင်လောက်တဲ့ Tattoo မျိုးလေးတွေပါ။ ကြည့်ရအောင်နော် ….

ရွေးချယ်မယ်ဆိုရင် ပထမဆုံးအကြံပေးချင်တာကတော့ ချိုင်းအောက်ဘက်ကိုပါ။ အဲဒီနေရာက လူမြင်ဖို့လည်း ခဲယဉ်းသလို အပြင်တွေဘာတွေသွားလို့ လူမြင်စေချင်တယ်ဆိုလည်း ဖော်ပြလို့ရပါတယ်။ ကိုယ်သွားတဲ့နေရာအပေါ်မူတည်ပြီး အဝတ်အစားရွေးချယ်လိုက်ရုံနဲ့ ဖုံးလို့ဖော်လို့ရပါတယ်နော်။

နောက်တစ်နေရာကတော့ ခြေချင်းဝတ်ပတ်လည်မှာပါ။ ဂေါ်ချင်တဲ့အချိန်ဆို ဖိနပ်ပါးနဲ့ ဒေါက်ဖိနပ်လေးတွေစီးလို့ရပြီး ဖုံးဖိထားချင်တယ်ဆိုရင်တော့ ရှုးဖိနပ်နဲ့ ခြေအိတ်လေးတွေက ဒီ Tattoo လေးတွေကို ဖွတ်ထားပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာက အိမ်နေရင်း ခြေအိတ်တွေဘာတွေမဝတ်ကြဘူးဆိုတော့ အိမ်ကိုတော့ ဖုံးထားဖို့ နည်းနည်းခက်ခဲလိမ့်မယ်။

လက်မှာထိုးချင်သူတွေအတွက်ကတော့ လက်ရဲ့တခြားနေရာတွေထက် လက်ကောက်ဝတ်မှာထိုးဖို့ကို ပိုပြီး Recommend ပေးပါတယ်။ ဒီနိုင်ငံမှာက လက်ရှည်လည်း အမြဲမဝတ်နိုင်ဘူးဆိုတော့ နေပူတဲ့အချိန်နဲ့ Tattoo ကို ဖုံးထားချင်တဲ့အချိန် တိုက်ဆိုင်နေမယ်ဆိုရင် ချွေးဒီးဒီးထွက်ခံပြီး လက်ရှည်ဝတ်စရာမလိုဘဲ နာရီခပ်ကြီးကြီး ဒါမှမဟုတ် Fancy လက်ပတ်လေးတွေ ဝတ်သွားလိုက်တာနဲ့ ကွယ်သွားလို့ပါ။ ဒါပေမယ့် တစ်ခုရှိတာက ဒီ Tattoo ဟာလည်း ခြေချင်းဝတ်က Tattoo လိုပဲ အိမ်ကိုတော့ ဖုံးထားဖို့ ခက်ခဲမှာပါ။

ခပ်ကြီးကြီးလေးမှ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေဆုံးနေရာကတော့ ပေါင်မှာဖြစ်ပါတယ်နော်။ အိမ်မှာဆိုလည်း ထမီ ဒါမှမဟုတ် ဘောင်းဘီကွာတားလေးဝတ်ထားရင်တောင် မပေါ်နိုင်ဘဲ အပြင်သွားလို့ ဘောင်းဘီတို၊ စကပ်တိုလေးတွေဝတ်ရင်တော့ ထင်းခနဲလှနေနိုင်ပါတယ်။

နောက်တစ်နေရာကတော့ ကျောပေါ်မှာလည်း ရှိပါသေးတယ်။ ပုံမှန်အတိုင်းဆို တီရှပ်လေးဝတ်ထားလိုက်ရင်တောင် မမြင်ရပေမယ့် Crop-Top နဲ့ ရင်ပြတ်အင်္ကျီလေးတွေနဲ့ဆိုရင်တော့ လှလှပပလေး ပေါ်လာမယ့် Tattoo လေးတွေကို ကျောမှာ ထိုးလို့ရပါတယ်။

နောက်ထပ်နေရာတွေကတော့ လည်ပင်း၊ ရင်သားအနီးတဝိုက်နဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာလည်း ထိုးလို့ရပါသေးတယ်နော်။ ဒီနေရာတွေကလည်း ဖော်ချင်ဖော်၊ ဖုံးချင်ဖုံး ကြိုက်သလိုလုပ်လို့ရပါတယ်။ အပေါ်ကနေရာတွေကတော့ အမိမိုက်ဆုံးနေရာတွေပေါ့။

ကဲ ဒီတော့ ကောင်မလေးတွေလည်း လျှို့ဝှက် Tattoo လေးတွေနဲ့ လန်းလို့ရပြီနော်။ လုပ်ငန်းခွင်ကတော့ အရေးမကြီးပေမယ့် မိသားစုကိုတော့ ဖြစ်နိုင်ရင် ပေးသိလိုက်တာပဲ ကောင်းပါတယ်။ အဲဒါမှ အိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရမှာကိုးနော်။

Moethaesay (Akhayar)