လူအများကြား စကားပြောစွမ်းရည်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ

လူအများကြား စကားပြောစွမ်းရည်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ

စကားပြောတယ်ဆိုတာက လူရယ်လို့ဖြစ်လာတာနဲ့ အလိုလိုတတ်လာတဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲလမ်းသဘင်အခမ်းအနားတွေမှာ မိန့်ခွန်းတွေပြောတာတို့ ၊ သင်ခန်းစာတွေပို့ချတာတို့ ၊ အတွေ့အကြုံတွေဝေမျှတာတို့ ၊ စိတ်ခွန်အားပေးတဲ့ မိန့်ခွန်းတွေပြောတာတို့ လုပ်တဲ့အချိန်မှာ ပြောတဲ့စကားတွေကတော့ သာမန်စကားပြောသလိုပြောတာနဲ့ မတူပါဘူး။ ဒါတွေက လူအများကြားမှာ စကားပြောရတာဖြစ်တယ်။ ဒီတော့ကိုယ်ပြောနေတဲ့ အကြောင်းအရာကို လူတွေစိတ်ဝင်စားအောင်ပြောနိုင်ဖို့က အရေးကြီးပါတယ်။ ကိုယ်ရဲ့စကားပြောစွမ်းရည်တက်အောင်လုပ်နိုင်မယ့် နည်းလေးတွေလည်းရှိပါတယ်။ အဲဒီဟာတွေကတော့

လေ့ကျင်ပြီး ပြင်ဆင်ပါ
လူပုံအလယ်မှာ စကားပြောရမှာ စိတ်လှုပ်ရှားဖို့ အရမ်းကောင်းပါတယ်။ လူရှေ့ထွက်ခါနီးဆိုရင်လည်း ကြောက်လို့လက်တွေခြေတွေပါ တုန်တတ်တယ်။ ဒါကလည်းသဘာဝပါပဲ။ ဒီလိုစိတ်လှုပ်ရှားပြီး ကြောက်စိတ်တွေဝင်တာကြောင့် ကိုယ်ပြောတဲ့စကားတွေလည်း ဗလုံးဗထွေးဖြစ်ပြီး အမှားအယွင်းတွေပါတတ်တယ်။ အဲဒီလိုဖြစ်တာက နားထောင်ရတဲ့သူလည်း ကိုယ့်အပေါ်စိတ်ဝင်စားမှုလျော့သွားစေတယ်။ လူရှေ့ထွက်ပြီး စကားပြောတဲ့အခါ ကြောက်လန့်တာကို ဖြေဖျောက်နိုင်ဖို့အတွက် ကိုယ်ပြောမယ့်အကြောင်းအရာကို အရင်လေ့ကျင့်သင့်ပါတယ်။ အကောင်းဆုံးလေ့ကျင့်နည်းက မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း စကားပြောတာပါ။ ဒီလိုလုပ်တာက ကိုယ်ပြောမယ့်အကြောင်းအရာကို ပိုမှတ်မိနိုင်ပြီး ကိုယ့်ရဲ့ကိုယ်ဟန်အနေအထားအသုံးပြုပုံတွေကိုလည်း တစ်ခါတည်းလေ့ကျင့်နိုင်တယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်လည်းပိုပြီး ယုံကြည်မှုရှိနိုင်ပါတယ်။

ကိုယ့်ရဲ့ပရိသတ်အတွက်ဦးစားပေးပါ
လူတွေကြားမှာစကားပြောမယ့်သူတိုင်း အမြဲသတိရရမှာက ကိုယ်ပြောမယ့်အကြောင်းအရာက ကိုယ့်ရဲ့နားထောင်သူပရိသတ်အတွက် ဖြစ်တယ်ဆိုတာကိုပါပဲ။ ကိုယ်ကသူတို့ကို တစ်ခုခုရစေချင်တာ ၊ ကိုယ့်ရဲ့မိန့်ခွန်းကနေ သူတို့ကို စိတ်ခွန်အားဖြစ်ဖြစ် ၊ အသိပညာဖြစ်ဖြစ် ရစေချင်တာဖြစ်တယ်။ ဒါကြောင့်ကိုယ်ပြောမယ့် အကြောင်းအရာကိုပြင်ဆင်တဲ့အခါ ၊ ရွေးချယ်တဲ့အခါမှာ သူတို့စိတ်ဝင်စားမယ့် ၊ သူတို့နဲ့ကိုက်ညီတဲ့ဟာကို အလေးထားပြီး ရွေးချယ်သင့်ပါတယ်။

ဟာသလေးတွေ ၊ ပုံပြင်လေးတွေ သုံးပါ
မိန့်ခွန်းပဲဖြစ်ဖြစ် ၊ စိတ်ခွန်အားပေးတဲ့ဟာပဲဖြစ်ဖြစ် ပြောတဲ့အခါမှာ နားထောင်သူကို အချက်အလက်တွေကြီးပဲ ပြောနေလို့မရပါဘူး။ ဘယ်လိုလုပ်ရင်ဘာဖြစ်မယ် ၊ ဘာတွေဘာတွေလုပ်ဆိုပြီး ပြောနေရင် ကိုယ့်ရဲ့မိန့်ခွန်းက အိပ်ဆေးနဲ့ထူးမခြားနားဖြစ်သွားပါလိမ့်မယ်။ ဒီအချက်အလက်တွေက ကိုယ်မပြောလည်းသူတို့သိပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ကိုယ်တွေ့အတွေ့အကြုံလေးတွေ ၊ ကိုယ်ကြားဖူးတဲ့ဖြစ်ရပ်မှန်တွေကို ဥပမာပေးပြီးပြောတာက သူတို့ကိုပိုပြီးဆွဲဆောင်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာလည်း ဒီလိုအဖြစ်တွေကြုံဖူးတဲ့သူရှိရင် ရှိနိုင်ပါတယ်။ ကိုယ်နဲ့တူတဲ့အရာတွေကိုဆို ပိုပြီးစိတ်ဝင်စားတတ်တာ လူတွေရဲ့စရိုက်ပါပဲ။ ပြီးတော့ ပုံပြောသလိုပြောပြတာကို သူတို့ပိုပြီးနားဝင်ကြပါတယ်။ စဉ်းစားကြည့်ပါ။ သတင်းကြေညာသလိုပြောတာနဲ့ ပုံပြင်ပြောပြတာနဲ့ဆိုရင် ပုံပြင်ပြောတာကိုပဲ ပိုစိတ်ဝင်စားကြတာပဲလေ။ ဟုတ်တယ်မလား။

ဖတ်မပြနဲ့ ပြောပြပါ
မိန့်ခွန်းပြောရင် အရမ်းကိုဂရုစိုက်ရမယ့်အရာက စာရွက်တွေ ၊ PowerPoint Slide တွေကနေ ဖတ်မပြမိဖို့ပါပဲ။ ကိုယ်ကပြောနေရင်းနဲ့ ခဏခဏစာရွက်လှန်ကြည့်နေတယ် ၊ PowerPoint ကိုပဲကြည့်ပြောနေတယ်ဆိုရင် ပရိသတ်အထင်ကြီးတာကို ခံရမှာမဟုတ်ပါဘူး။ ပရိသတ်က ဒီလူကသူ့ဟာသူတောင် သေချာမသိဘဲ ငါတို့ကိုလာပြောနေတယ်ဆိုပြီး ထင်သွားနိုင်ပါတယ်။ ဒီတော့ဖြစ်နိုင်ရင် ကိုယ်ပြောမယ့်အကြောင်းအရာကို အလွတ်ရနေအောင်လုပ်ထားပါ။ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် အချက်တိုလေးတွေပဲ စာရွက်လေးနဲ့မှတ်ပြီး လုံးဝလိုအပ်မှ ကြည့်ပြောပါ။ ဒါကပရိသတ်နဲ့ကိုယ့်ကြားမှာ ဆက်သွယ်မှုပိုခိုင်မာစေပြီး သူတို့ဆီက အာရုံစိုက်မှုကိုလည်း အပြည့်အဝရနိုင်ပါတယ်။

ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အကျိုးရှိရှိအသုံးပြုပါ
လူတွေရှေ့မှာ စကားပြောတဲ့အခါ ဘယ်တော့မှတောင့်တောင့်ကြီးနေနေလို့ မဖြစ်ပါဘူး။ စကားပြောရင် စင်ပေါ်မှာ ဟိုလျှေက်ဒီလျှောက်လောက်တော့ လုပ်ရပါမယ်။ ပြီးရင် လက်တွေကိုလည်း လှုပ်ရှားပေးရမယ်။ ဘာလို့လဲဆိုတော့ ငြိမ်နေတဲ့အရာကိုပဲကြည့်နေရင် အိပ်ငိုက်လာတတ်တယ်။ လှုပ်ရှားနေတဲ့အရာတစ်ခုကိုကြည့်နေရင် နားထောင်ရတာ စိတ်ဝင်စားမှုမရှိရင်တောင် မျက်စိကလှုပ်ရှားမှုနောက်ကိုလိုက်နေတော့ သူတို့ရဲ့အာရုံစိုက်မှုကို အနည်းနဲ့အများရနိုင်တာမို့ပါ။ ပြီးတော့ ပရိသတ်တွေက အသက်ဝင်တဲ့စကားပြောကောင်းသူကိုပဲ ပိုပြီးသဘောကျကြတာပါ။

အားလုံးကိုအနှစ်ချုပ်ပြီး ပြောရရင် လူတွေကြားမှာစကားပြောတဲ့အခါ အရေးအကြီးဆုံးက ကိုယ်ပြောမယ့်အကြောင်းအရာရယ် ကိုယ်ဘယ်လိုပြောတယ်ဆိုတာရယ်ပါပဲ။ ဒီတော့စာရေးသူပြောပြခဲ့တဲ့နည်းတွေက ပရိသတ်ကြီးတို့အတွက် အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။ ပရိသတ်ကြီးတို့လည်း စာရေးသူနဲ့သဘောမတူဘူးဆိုရင် ပရိသတ်ကြီးတို့ရဲ့အတွေးတွေကို ပြန်ပြီးမျှဝေနိုင်ပါတယ်နော်။

Piki (Akhayar)