လုပ်ငန်းခွင်မှာ တခြားသူတွေကို အားမကိုးဘဲ ဘယ်လိုပညာယူမလဲ

လုပ်ငန်းခွင်မှာ တခြားသူတွေကို အားမကိုးဘဲ ဘယ်လိုပညာယူမလဲ

ပညာဆိုတာ ပညာပေးခံတာမျိုးကို ဆိုလိုတာ မဟုတ်ရပါနော်။ တချို့သောလုပ်ဖော်ကိုင်ဖက်တွေဆီက ကြားဖူးကြမှာပေါ့။ သင်ယူစရာ မရှိဘူး။ ဘာမှမတိုးတက်လာဘူးဆိုပြီး။ တကယ်တော့ သင်ယူစရာမရှိဘူး၊ ဘာမှတိုးတက်လာတာမရှိဘူးဆိုတာ အဓိကအားဖြင့် ကိုယ်ကိုယ်တိုင်နဲ့ သက်ဆိုင်တယ်လို့ ယူဆမိပါတယ်။ တစ်ခုခုသင်ယူဖို့အတွက် တစ်စုံတစ်ယောက်ဆီက တိုက်ရိုက်သင်ကြားပေးမယ့် အချိန်ကိုပဲ စောင့်နေတယ်ဆိုရင်တော့ အချိန်တွေကို အလဟဿဖြုန်းရာ ကျသွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်က ကိုးကွယ်ရာပါ။

ဒီတော့ ကိုယ်ကိုယ်တိုင် ဘယ်လိုတွေ သင်ယူနိုင်မလဲ

(၁) စာအုပ်စာပေ လူ့မိတ်ဆွေ
ဒီစကားပုံကိုဖြင့် မမေ့သင့်ပါဘူး။ လူတွေရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်တဲ့ စာအုပ်စာပေတွေက ဘယ်တော့ဖြစ်ဖြစ် အဖော်မွန်ကောင်းတွေပါ။ သင့်မှာ မသိတဲ့အရာတစ်ခုခုကို မေးမြန်းဖို့အတွက် ကြောက်ရွံ့နေခဲ့သည်ရှိသော်၊ ဒါမှမဟုတ် မေးမြန်းဖို့ရာ အခွင့်မသာခဲ့ရင် သင်ဟာ Google လို ဗဟုသုတဟင်းလေးအိုးကြီးမှာ သွားရှာဖို့အတွက် သတိရသင့်ပါတယ်။ တကယ်တမ်းဆို အလုပ်ခွင်ကလူတွေကို မဖြစ်မနေ မေးမြန်းရမယ့် မေးခွန်းက လုပ်ငန်းခွင်လုပ်ထုံးလုပ်နည်း အဆင့်ဆင့်လောက်သာ ရှိပါတယ်။ ဥပမာ- Excel ကို ခုမှ စလုပ်ဖူးလို့ ပေါင်းနုတ်မြှောက်စားနဲ့ တိုင်ပတ်နေတယ်ဆိုရင် You Tube Tutorial ဖွင့်ကြည့်လိုက်ပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် သင်ဟာ သင့်လုပ်ဖော်ကိုင်ဖက်တွေကို အနှောင့်အယှက်မဖြစ်စေတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချစ်ခင်တာတွေကိုပါ ရနိုင်ပါသေးတယ်။

(၂) ပတ်ဝန်းကျင်ကို စူးစမ်းပါ
သူတို့တွေ ဘယ်လိုတွေလုပ်လဲ၊ ဘယ်လိုတွေတွေးလဲ လိုက်ကြည့်ပါ။ အရာအားလုံးကိုတော့ Google က သင်ယူလို့တော့ မရနိုင်ပါဘူး။ ဒီတော့ လုပ်ဖော်ကိုင်ဖက်တွေဘက်ပဲ လှည့်ကြတာပေါ့။ လုပ်ငန်းခွင်မှာဆိုတော့ အလုပ်အကြောင်းတွေပြောကြမယ့်အချိန်မျိုးမှာ သင်ဟာ နားစွင့်ပါ။ သူတို့တွေပြောတဲ့အထဲမှာ ကိုယ့်အတွက်လိုအပ်နေတဲ့ အကြောင်းအရာကို သိခွင့်ရမှာ ဖြစ်တဲ့အပြင် ကိုယ်သိချင်တဲ့အကြောင်းအရာတွေပါ ပြောတတ်ကြပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ကိုလည်း လေ့လာနေဖို့ လိုပါတယ်။

(၃) ယူတတ်ရင် ပညာတွေချည်းပါပဲ
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိနိုင်တဲ့အခွင့်အရေးရှိရင်တော့ သင်ဟာတခြားသူတွေထက် ကံကောင်းတဲ့သူဖြစ်သွားပါပြီ။ ဒါကို တထစ်ချယုံလိုက်ပါ။ နမူနာတစ်ခုပြောပါဆိုရင် – သင့်ဆီရောက်လာတဲ့ မေးလ်ကို ဖွင့်ကြည့်ပါ။ အဲ့ဒီမှာ သူ့ရဲ့ အီးမေးလ်ရေးပုံရေးနည်းကအစ သင်ယူနိုင်တဲ့အပြင် ပါလာတဲ့ Attached File မှာလည်း သူဘယ်လိုတွေ အလု်လုပ်ထားလဲဆိုတာတွေကိုပါ သင်တွေ့နိုင်ပါတယ်။

ဒီအချက် (၃) ချက်ကိုပဲ သေချာလေးလိုက်လုပ်ပေးမယ်ဆိုရင် သင်လွယ်၊ တတ်လွယ်၊ ကိုယ့်အလုပ်ခွင်မှာ တခြားသူတွေထက် အမြန်ဆုံးအသားကျတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်မယ့်အပြင် တော်တဲ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်မှာ အမှန်ပါပဲ။ ဒီတော့ ဒီနေ့ကစပြီး သင်ယူစရာမရှိဘူး။ ပညာမရဘူးဆိုတဲ့စကားကို တာတာ့ပြလိုက်ရအောင်ပါ။

Photo Credit

NSC