တစ်နေ့တာသင်ယူမိသမျှ မှတ်မိနေဖို့ ဘယ်လိုလုပ်ကြမလဲ

တစ်နေ့တာသင်ယူမိသမျှ မှတ်မိနေဖို့ ဘယ်လိုလုပ်ကြမလဲ

ကိုယ်တွေအားလုံးမှာတော့ရှိချင်မှရှိပေမယ့် လူတော်တော်များများလုပ်လေ့လုပ်ထရှိတဲ့အကျင့်လေးက ကိုယ့်ဘဝရဲ့တစ်နေ့တာမှာဖြစ်ပျက်သမျှတွေကို အချိန်နည်းနည်းပေးပြီးရေးထားတာမျိုးပါ။ အဲဒီလိုရေးတဲ့အရာတွေထဲမှာ ကိုယ်တွေရဲ့ခံစားချက်တွေရော ၊ ဘာတွေကို ကျေးဇူးတင်မိတယ်တွေ ၊ ဘယ်လိုပြဿနာတွေကြုံတယ်တွေ အမျိုးမျိုးပါတတ်တယ်။ သင့်မှာဒီလိုရေးတတ်တဲ့အကျင့်လေးရှိမယ်ဆိုရင် ကိုယ်တစ်နေ့တာလုံးသင်ယူထားတာ ၊ လေ့လာထားတာတွေကိုပါ ထည့်ရေးတတ်အောင်လေ့ကျင့်ကြည့်လိုက်ပါ။

ဘာလို့လဲဆိုတော့ သေသေချာချာပြန်စဉ်းစားကြည့်ရင် ကိုယ်တွေကနေ့တိုင်းလိုလို အသစ်အသစ်တွေကို သင်ယူနေကြတာပါ။ သတိထားပြီးမနေတတ်ဘဲ ဘဝကိုနေနေကျအတိုင်း ဖြတ်သန်းနေလို့သာ ဘာတွေသင်ယူမိတယ်ဆိုတာကို မသိတာလို့ပြောလို့ရတယ်။ နေ့တိုင်းကြုံတွေ့နေတဲ့အတွေ့အကြုံတွေက သင်ခန်းစာအသစ်တွေကို ပေးစွမ်းနေတာပါ။ တကယ်လို့ ဒီသင်ခန်းစာတွေကို မှတ်မိနေနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် အဘက်ဘက်ကနေလုပ်ဆောင်နိုင်တယ်လို့ ထင်ပါတယ်။

တစ်နေ့တာလုံးမှာ ကိုယ်ဘာကိုသင်ယူခဲ့တယ်ဆိုတာကို မှတ်မိနိုင်ဖို့အတွက် အရင်ဆုံး “ငါဒီနေ့ဘာတွေသင်ယူခဲ့လဲ”လို့ ကိုယ့်ကိုယ်ကိုယ်မေးခွန်းပြန်ထုတ်ဖို့လိုပါတယ်။ အမေးမရှိဘူးဆိုရင် အဖြေလည်းမရှိနိုင်ဘူးလေ။ အမှန်အတိုင်းပြောရရင် ကိုယ်တစ်နေ့တာလုံးမှာသင်ယူမိတယ်လို့ ယူဆလိုက်တဲ့အရာတော်တော်များများက ကိုယ်သိပြီးသားအရာတွေပဲဖြစ်တာများတယ်။ ဒါပေမယ့်စိတ်ထဲကနေအလိုလိုသိနေတဲ့အရာတောင်မှာ လျှာဖျားထိပ်မှာရှိနေတဲ့ အင်္ဂလိပ်စာလုံးလိုပဲ မမှတ်မိတာများတယ်လေ ၊ မဟုတ်ဘူးလား။ ဒါကြောင့် ငါဒီနေ့ဘာသင်ခဲ့လဲဆိုပြီး မေးခွန်းထုတ်လိုက် ၊ ထွက်လာတဲ့အဖြေတွေကို ကိုယ့်ရဲ့မှတ်စုစာအုပ်ထဲမှာ ပုံမှန်လေးမှတ်ထားသင့်တယ်။ ဒီလိုမှတ်ထားရင်လည်း မေ့မှာပဲလို့တော့ ထင်ရင်ထင်ရပါတယ်။ ဒါပေမယ့် မျက်စိရှေ့မှာရေးမှတ်ထားတဲ့စာလုံးတွေကို အမြဲမြင်နေရရင် မေ့သွားရင်တောင်မှ သတိရလွယ်ပါတယ်။

ဒါ့အပြင် စိတ်ထဲမှာပဲမှတ်ထားတာထက် စာအုပ်နဲ့မှတ်တာကပိုပြီးတော့ စိတ်ချရတယ်။ စိတ်နဲ့မှတ်ထားတဲ့အရာတိုင်းကို မမေ့မပျောက်ဘူးဆိုရင် စာအုပ်စာပေဆိုတာလည်း လောကကြီးမှာရှိလာစရာအကြောင်းမရှိပါဘူး။ လက်ရေးနဲ့မှတ်သားထားရင် လိုနေချိန်မှာအလွယ်တကူပြန်ကြည့်လို့ရမယ်။ ဒါကြောင့် ပြန်ပြီးတော့အသုံးချရတာ အဆင်ပြေမယ်။ ငါဒီနေ့ဘာသင်ယူခဲ့လဲဆိုတဲ့ခေါင်းစဉ်နဲ့ နေ့တိုင်းမှတ်စုစာအုပ်ထဲရေးမှတ်ထားတက ကိုယ်ဘာတွေအမှန်တကယ်သင်ယူနေလဲဆိုတာကိုပါ သတိထားမိစေပြီး ကိုယ်သိပြီးသားအရာတွေကိုတန်ဖိုးထားတတ်အောင်လည်း သင်ကြားပေးပါတယ်။

Piki (Akhayar)