တရိပ်ရိပ်တက်နေတဲ့ တိုက်ခန်းငှားခကို ဘယ်လိုဖြေရှင်းရမလဲ
“မနက်ဖြန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ် . . . လက်ထဲမှာ ဘယ်မလဲ ငွေ . . . ထပ်ငှားဖို့ စဉ်းစားတာနဲ့ . . . စိတ်ညစ်လည်း ဘာထူးမှာလဲ တို့နှစ်ယောက်အတွက် အိမ်ဘယ်မှာလဲ . “ ဆိုတဲ့ အငဲရဲ့ ‘အိမ်’ သီချင်းလေးကို နားထောင်မိလိုက်တိုင်း အိမ်ငှားနေရတဲ့ မိသားစုတွေရဲ့ ဘဝကို ပြေးမြင်မိတယ်။ တိုက်ခန်းလခတွေကလည်း ဒီရေလိုပါပဲ။ မိသားစုဝင်ငွေက တိုးလာဖို့ မသေချာပေမယ့် တိုက်ခန်းလခက တရိပ်ရိပ်တက်နေတယ်။ အတက်ရှိပေမယ့် အကျမရှိတဲ့အထဲမှာ ကုန်ဈေးနှုန်းအပြင် တိုက်ခန်းခလည်း ပါတယ်လေ။
ဥပမာ – တချို့လူတွေဆို မြေညီထပ်မှာ ငှားနေတယ်။ ခြောက်လစာ ကြိုရှင်းရရင် သိန်းဆယ်ချီပေးရတယ်။ ဒါတောင် ကွန်ဒိုတိုက်ခန်းတွေမှာ ငှားနေတဲ့ မိသားစုတွေကို မပြောသေးဘူး။ ဒီပမာဏဟာ လူကုံထံတွေအတွက် မထောင်းသာပေမယ့် သာမန်မိသားစုအတွက် မျက်ခုံးလှုပ်ချင်စရာပါ။ ကြာလာတော့ ခြောက်လပြည့်မှာကို ကြောက်လာတယ်။ တိုက်ခန်းမပိုင်သေးတဲ့ မိသားစုတွေက စုဆောင်းမိမယ့် ပိုက်ဆံတွေကို တိုက်ခန်းပိုင်ရှင်ဆီမှာ ဆက်သနေရတဲ့ သဘောပါပဲ။ အဲဒီတော့ သူတို့တွေဟာ အိမ်ထောင်သက်ကြာလာပေမယ့် ငွေပိုငွေလျှံမရှိတော့ဘူး။ ငှားနေတဲ့သူတွေမှာ ဘာမှမကျန်တော့ဘူး။
အခြေကျနေတဲ့ မိသားစုတွေထက် ညားခါစစုံတွဲတွေက တိုက်ခန်းလခနဲ့ ပတ်သက်ပြီး ပိုရုန်းကန်ရတယ်။ သူတို့တွေအနေနဲ့ မိဘအိမ်မှာ ကပ်နေမယ်ဆိုရင်လည်း ဆွေမျိုးသားချင်းတွေနဲ့ ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်လေတော့ ‘နီးတကျက်ကျက် ဝေးတသက်သက်’ ဆိုတဲ့ စကားပုံလိုပဲ သီရိဂေဟာအသစ်ကို ရှာဖွေကြရတယ်။ လူငယ်ဘဝမှာ ဝင်ငွေမကောင်းသေးတော့ ညားခါစစုံတွဲတွေမှာ တူနှစ်ကိုယ် ထမင်းရည်ပူ လျက်ပြီး တိုက်ခန်းလခကို အချိန်မီအောင် ဆပ်ကြရတာပေါ့။ နောက်ဆုံးပေါ်ဖက်ရှင်တွေကို လူငယ်ပီပီ ဝတ်စားချင်ပေမယ့် အိပ်မက်ထဲမှာပဲ အကောင်အထည်ဖော်နိုင်တော့တယ်။
အိမ်ငှားဘဝဆိုတော့ ခြောက်လတစ်ခါလည်း တွေးပူနေရတယ်။ အိမ်ပိုင်ရှင်က ဆက်မထားတော့ဘူးဆိုရင်လည်း ဆင်းပေးရတယ်။ နေရာတစ်ခုမှာ အခြေကျမယ်ရှိခါမှ ပြောင်းလိုက်ရပြန်ပြီ နောက်တစ်နေရာ။ တိုက်ခန်းပြောင်းပြီဆို အသုံးအဆောင်ပစ္စည်းတွေ သယ်ရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ ငှားဖူးတဲ့သူမှပဲ သိနိုင်တယ်။ ပုံမှန်ဝင်ငွေရှိတဲ့ မိသားစုတွေအနေနဲ့ တိုက်ခန်းငှားနေမယ့်အစား အပိုင်ဝယ်ဖို့ စဉ်းစားစေချင်တယ်။ တိုက်ခန်းဈေးတွေက ခေါင်ခိုက်နေတော့ တစ်လုံးချင်း မဝယ်နိုင်ရင်တောင် အရစ်ကျဝယ်လို့ရမယ့် အစီအစဉ်တွေအကြောင်းကို လေ့လာထားသင့်တယ်။ ဥပမာ – City Loft မှာဆိုရင်လည်း လစဉ် အနည်းဆုံးငါးသိန်းကျပ်သွင်းရုံနဲ့ တိုက်ခန်းကို အရစ်ကျဝယ်လို့ရတယ်။ လစဉ်ငွေသွင်းသွားရုံနဲ့ ကိုယ်ပိုင်တိုက်ခန်းပေါ်မှာ တက်နေလို့ရပြီ။ ကိုယ့်ဝင်ငွေအပေါ်မူတည်ပြီး အရစ်ကျစနစ်ကို ကာလရှည်၊ ကာလတို ရွေးချယ်လို့ရပြန်တယ်။
ခြောက်လတခါ အိမ်ရှင်ပေးလိုက်ရတာက ကိုယ့်အတွက်ဘာမှ မကျန်ပေမယ့် အိမ်တလုံးကို လစဉ် အရစ်ကျပေးပြီးဝယ်လိုက်နိုင်တာက တချိန်မှာ ကိုယ့်အတွက် အိမ်ပိုင်ရာပိုင်လေးဖြစ်လာမယ်။ အိမ်လခပေးဖို့ တွေးပူရတဲ့ ဒုက္ခကလည်း ကင်းလွတ်သွားမယ်။ အဲဒီတော့ ငွေပိုငွေလျံှတွေ ထွက်လာပြီး မိသားစုအတွက် ပိုသုံးလာနိုင်မယ်ပေါ့။ ကိုယ့်မိသားစုအတွက် အေးဆေးတည်ငြိမ်တဲ့ နေရာမျိုးမှာ အတည်တကျနေနိုင်ပြီး သာယာတဲ့ သီရိဂေဟာတစ်ခုကို ဖန်တီးလာနိုင်မှာပါ။ စီးပွားရေးလည်း တည်ငြိမ်လာပြီး အိုးပိုင်အိမ်ပိုင်နဲ့ ပျော်ရွှင်နိုင်ပြီပေါ့။
ကျော်စိုးအောင် (အခရာ)