ပိတ်ရက်ကို အကျိုးရှိရှိဖြတ်ကျော်ကြရအောင်

ပိတ်ရက်ကို အကျိုးရှိရှိဖြတ်ကျော်ကြရအောင်

ပိတ်ရက်တွေကို အကျိုးရှိရှိ အသုံးချတတ်မှနော်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ပဲ ပိတ်ရက်တွေက အသုံးမကျဘဲ ဘာမှမယ်မယ်ရရမရှိလိုက်ပဲ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒီတော့ ပိတ်ရက်ကို ဘယ်လိုအသုံးချရမလဲဆိုတာ အကြံပေးမယ်။ တကယ်ကို အကျိုးရှိပြီး အပန်းပြေတဲ့ပိတ်ရက်လေးတွေကို ပိုင်ဆိုင်နိုင်မယ်လို့ အာမခံပါတယ်။

ဝိတ်ချပါ
တချို့ရုံးတွေက (၆) ရက်ပိတ်ပြီး တချို့ရုံးတွေကတော့ (၁၀) ရက် ပိတ်ကြပါတယ်။ အဲဒါဟာ ကိုယ်အလေးချိန်လျှော့ချဖို့ လုံလောက်တဲ့အချိန်တစ်ခုပါပဲ။ ဒီတော့ ပိန်ချင်တဲ့သူတွေ၊ မအားလို့ ဝိတ်မချနိုင်ဘူးဆိုတဲ့လူတွေကတော့ ဒီရက်တွေကို ကောင်းကောင်းအသုံးချရတော့မှာပါ။ အပြင်မထွက်တဲ့သူတွေနဲ့ ပိုသင့်တော်ပါတယ်။ ဒီရက်လေး အခွင့်အရေးယူပြီး Diet လုပ်ကြည့်ပါ။

လေ့ကျင့်ပါ
ဒါကတော့ တစ်ခုခုကို သင်တန်းတက်ထားတဲ့သူတွေပဲဖြစ်ဖြစ်၊ Self Study လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ် အကောင်းဆုံးအချိန်ပါ။ ကိုယ် လေ့လာချင်တဲ့အရာအတွက် လိုအပ်မယ့်အရာမှန်သမျှ ဝယ်ထည့်ထားပြီးတော့ လေ့ကျင့်နေပါ။ တစ်ပတ်ဆိုတဲ့အချိန်ဟာ သူများတွေထက် နှာတစ်ဖျားသာနိုင်လောက်တဲ့အထိ လေ့ကျင့်ဖို့ အချိန်ရပါတယ်။

အသားအရည်ကိုထိန်းသိမ်းပါ
အပြင်ဘယ်မှမထွက်ဘူးဆိုတဲ့သူတွေကတော့ ဒီပိတ်ရက်မှာ အိမ်ထဲမှာပဲနေရင်း Mask တွေသုံးပါ။ ပေါင်းတင်ပါ။ Homemade Treatment တွေအသုံးချပြီး အသားအရည်အတွက် လိုအပ်တဲ့ ထိန်းသိမ်းမှုတွေ လုပ်ပါ။ ဒီလိုသာ ကြိုးစားမယ်ဆိုရင်တော့ သူများတွေ မည်းတူးပြီး အသားအရည်ပျက်စီးလာတဲ့အချိန်မှာ ကိုယ်က ဖြူဖြူဥဥနဲ့ လှပနေတော့မှာပါ။

အပြတ်ကဲပါ
ဒါကတော့ အိမ်ထဲမှာ လုံးဝမနေနိုင်ပါဘူးဆိုသူတွေအတွက်ပါ။ ဒီလို အိမ်ထဲက လူအကုန်ထွက်ပြီး လမ်းတွေပေါ်မှာ ကဲလို့ရတဲ့ပွဲတော်ဆိုတာ ရှားပါတယ်။ နိုင်ငံနဲ့ အဝှမ်းကျင်းပကြတာဖြစ်လို့ ဒီလိုပွဲတော်မျိုးမှ မကဲရင်လည်း အကဲသန်တဲ့သူတွေ နစ်နာသွားမှာပါ။ ရက်စေ့ကဲပြီး နှစ်ဆန်းတစ်ရက်နေ့တောင် အလျှော့မပေးသေးဘဲ သူငယ်ချင်းတွေစုပြီး ဘုရားသွားရင်း စတုဒီသာတွေ လိုက်စားနေလို့ရပါတယ်။

ဒီတော့ ကဲမှာလား၊ အိမ်ထဲမှာပဲ လုပ်စရာရှိတာ လုပ်မလားဆိုတာကတော့ ကိုယ့်ဘာသာကိုယ် ရွေးချယ်ပါနော်။ ဘယ်အရာကိုပဲ ရွေးချယ်လိုက်ပါစေ အကျိုးရှိဖို့လိုတာမို့လို့ ပိတ်ရက်ကို အကျိုးရှိရှိ အသုံးချဖို့ ပြင်ဆင်လိုက်ပါတော့နော်။

Moethaesay (Akhayar)