မဲမှားပေးမိလို့ စိတ်ပေါက်ပေါက်နဲ့ ကိုယ့်လက်ကိုယ်ဖြတ်လိုက်တဲ့ အိန္ဒိယနိုင်ငံသား

မဲမှားပေးမိလို့ စိတ်ပေါက်ပေါက်နဲ့ ကိုယ့်လက်ကိုယ်ဖြတ်လိုက်တဲ့ အိန္ဒိယနိုင်ငံသား

အိန္ဒိယနိုင်ငံသားတစ်ဦးဟာ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတစ်ခုကို မှားယွင်းပြီး မဲပေးမိတာကို သိလိုက်တဲ့ အချိန်မှာ သူ့လက်ညှိုးသူ ဖြတ်တောက်ပစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Pawan Kumar တစ်ယောက် Bharatiya Janata Party (BJP) ကို မတော်တဆမဲပေးမိသွားတဲ့အကြောင်း Video ဟာ Online မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူတကယ်မဲပေးချင်ခဲ့တာက ဒေသခံပါတီတစ်ခုဖြစ်ပြီး Voting Machine ရဲ့ များပြားလှတဲ့ သင်္ကေတတွေထဲမှာ ရောထွေးပြီး မဲမှားပေးမိတာ ဖြစ်ပါတယ်။မဲပေးသူတိုင်းရဲ့ လက်ညှိုးကို လျှို့ဝှက်မဲပေးအပြီးမှာ မဲပေးရာမှာသုံးတဲ့ မှင်နဲ့ အမှတ်အသားလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

Pawan ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိန္ဒိယမြောက်ပိုင်းပြည်နယ် Uttar Pradesh က Bulandshahr မြို့မှာ မဲပေးခဲ့တာ ဖြစ်ပြီး ဒီလို မဲပေးတာဟာ အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ ဒုတိယအဆင့်အနေနဲ့ မဲပေးရတာလည်း ဖြစ်ပါတယ်။Pawan က “ကျွန်တော်က ဆင်ကို မဲပေးချင်တာပါ၊ ဒါပေမယ့် မှားပြီး ပန်းပွင့်ကို မဲသွားပေးမိခဲ့တယ်” လို့ Video ထဲမှာ ပြောနေတာကြားရပါတယ်။ BJP ရဲ့ သင်္ကေတက ကြာပန်းဖြစ်ပြီး ဒေသခံ Bahujan Samaj Party (BSP) ရဲ့ သင်္ကေတကတော့ ဆင်ရုပ်ဖြစ်ပါတယ်။ BSP ဟာ ဒေသတွင်းမှာတော့ အင်အားကြီး ပါတီဖြစ်ပြီး BJP နဲ့ ယှဉ်ပြိုင်ဖို့ တခြားဒေသတွင်းပါတီ ၂ ခုနဲ့အတူ မဟာမိတ်ပြုထားတဲ့ Party လည်း ဖြစ်ပါတယ်။

ပါတီတွေရဲ့ သင်္ကေတတွေဟာ အိန္ဒိယရွေးကောက်ပွဲမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ပြီး စာတတ်မြောက်မှုနှုန်းနည်းတဲ့ တချို့နေရာတွေမှာ ဒီသင်္ကေတတွေကပဲ အလွယ်တကူမှတ်မိနိုင်တာကြောင့်ပါ။ ရွေးကောက်ပွဲမဲပေးမှုမှာ တခြားဒေသခံပါတီတွေနဲ့ မဟာမိတ်တွေလည်း ရှိတဲ့အတွက် မဲပေးသူတွေအတွက် လွဲမှားနိုင်စရာတွေ ရှိခဲ့ပါတယ်။

ကြာသပတေးနေ့က လုပ်ခဲ့တဲ့ မဲပေးမှုဟာ အိန္ဒိယရဲ့ အားကောင်းတဲ့ ဒေသခံပါတီတွေအတွက် အရေးကြီးပါတယ်။ ဒီပါတီတွေဟာ သူတို့ရဲ့ ပြည်နယ်တွေမှာတော့ နိုင်ငံရေးအရ စိုးမိုးထားနိုင်ပြီး စကားပြောကောင်းတဲ့ နယ်ခံ နိုင်ငံရေးသမားတွေကို ပွဲထုတ်ထားတဲ့ ပါတီတွေလည်း ဖြစ်ပါတယ်။

အိန္ဒိယအထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်သူပေါင်း သန်း ၉၀၀ လောက်ရှိပြီး ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။

Yoe Lu(Akhayar)

Source: BBC.com