ပိုးစုန်းကြူးလေးတွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်များ
ပိုးစုန်းကြူးတွေကို ငယ်ငယ်ကခဏခဏတွေ့ဖြစ်တယ်။ ဒီနောက်ပိုင်း သဘာဝပတ်ဝန်းကျင် အခြေအနေကလည်းဆိုးလာပြီး သစ်တောတွေလည်းပြုန်းတီးလာလို့ ပိုးစုန်းကြူးတွေကို မတွေ့ဖြစ်တော့ဘူးထင်ပါတယ်။ ပိုးစုန်းကြူးတွေကို လှလို့ဆိုပြီးသဘောကျလို့ လိုက်ဖမ်းခဲ့ဖူးတယ်။ ပြီးရင်ဘူးလေးထဲထည့်ပြီးသိမ်းထားခဲ့ဖူးတယ်။ ဒါပေမယ့် အသက်ကြီးလာတော့ ပြန်တွေးကြည့်တဲ့အခါ ဒီလိုလှပတဲ့သတ္တဝါလေးတွေကိုချစ်တယ်ချစ်တယ်သာ ပြောပြောနေခဲ့တာ သူတို့အကြောင်းလည်း မသိပါလားဆိုပြီးတော့ပေါ့။
ပိုးစုန်းကြူးတွေကို Fireflies လို့ အင်္ဂလိပ်လိုခေါ်တာသိပေမယ့် “Lightning Bugs”လို့လည်းခေါ်ကြတယ်ဆိုတာ သိလား။ သူတို့က Lampyridae ဆိုတဲ့ ပိုးတောင်မာမိသားစုဝင်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၁ ထောင့် ၉ ရာရှိတယ်။ ပိုးစုန်းကြူးတွေက အသက်ငယ်သေးတဲ့အချိန်တွေမှာ ဝတ်ရည်တွေ ၊ ဝတ်မှုန်တွေကို စားသုံးပြီးတော့ အသက်ရှင်ကြပေမယ့် အသက်ကြီးလာရင်တော့ အစာမစားဘဲနဲ့ ရှင်သန်နိုင်တဲ့သတ္တဝါလေးတွေပါ။
ပိုးစုန်းကြူးတွေက ကိုက်လည်းမကိုက်တတ်သလို သူတို့ကိုယ်မှာခြင်တွေလို ကိုယ်ထဲကိုထိုးစိုက်မယ့် နှုတ်ချွန်တွေမပါဘူး။ ပိုးစုန်းကြူးတွေက အန္တရာယ်ကင်းတဲ့သတ္တဝါတွေဖြစ်တယ်။ ဘယ်လောက်တောင် လူကိုဒုက္ခမပေးဘူးလဲဆိုတော့ ပိုးစုန်းကြူးတွေက ရောဂါပိုးတွေကို မသယ်ဆောင်ပါဘူး။
နောက်ပြီးတော့ ပိုးစုန်းကြူးလေးတွေက မြန်မြန်မပျံနိုင်ကြဘူး။ ဒါကြောင့်မို့လို့ သူတို့ကိုအလွယ်တကူဖမ်းမိနေတာပေါ့။ ယင်ကောင်တို့ ၊ ပုဇဉ်းတို့ဆိုရင် ပြေးတာမြန်လွန်းလို့ ဖမ်းလို့ကိုမမိဘူးလေ။ ဒါပေမယ့် ပိုးစုန်းကြူးလေးတွေရဲ့ အသက်ရှင်နိုင်တဲ့အချိန်ကာလက ၂ လထက်မပိုပါဘူး။ ဒါကြောင့် ငယ်ငယ်တုန်းကသူတို့ကိုဖမ်းပြီး ဘူးထဲပိတ်လှောင်မိတာတောင် သနားလာတယ်။ သူတို့တွေက ကမ္ဘာပေါ်မှာမျိုးစိတ်အများကြီးရှိပေမယ့် အန္တာတိကတိုက်မှာတော့ မရှင်သန်နိုင်ပါဘူး။
ပိုးစုန်းကြူးလေးတွေရဲ့ကိုယ်ကထွက်တဲ့အလင်းရောင်က လေပြွန်တွေအများကြီးရှိတဲ့ထူးခြားတဲ့ဆဲလ်တွေထဲကနေ အာရုံကြောထိန်းချုပ်စနစ်က ထုတ်ပေးတာဖြစ်တယ်။ ပိုးစုန်းကြူးအမလေးတွေက ဒီအလင်းရောင်ကိုသုံးပြီးတော့ ပိုးစုန်းကြူးအထီးတွေကို အထာပေးဆွဲဆောင်ကြတာပါ။ ပြောရရင် အပျိုလှည့်တယ်ပေါ့နော်။ ပိုးစုန်းကြူးမလေးတွေက အလင်းရောင်ကိုတဖျက်ဖျက်လင်းပြပြီးတော့ ဆွဲဆောင်တာပါ။ ဒါတောင် သူတို့ကြိုက်တဲ့အလင်းအရောင်ပုံစံရှိတဲ့ ပိုးစုန်းကြူးထီးတွေကိုမှရွေးပြီးတော့ တဖျက်ဖျက်လက်ပြတာနော်။ အဲဒီလိုတဖျက်ဖျက်နဲ့အထာပေးဖို့ကို မြက်တွေရဲ့ထိပ်မှာနားပြီးတော့ သူတို့လိုချင်တဲ့အထီးကိုချိန်ပြီးမှ မီးရောင်လက်ပြတာပါ။
ဒါပေမယ့် ကြင်ဖော်ရှာဖို့ပဲမီးရောင်လက်ပြတယ်လို့ ထင်လိုက်ပြန်ရင်လည်း မှားသွားမယ်နော်။ ဒီအလင်းရောင်လက်ပြတာက သူတို့ကိုလိုက်နေတဲ့သားရဲတွေကို သတိပေးတဲ့အရာလည်းဖြစ်တယ်။ ဒါကိုဖားတွေက မသိတော့ပိတ်ပြီးတော့ စားလိုက်တာပဲ။ သူတို့မီးလင်းရောင်လက်ပြတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိတယ်။ ဆက်တိုက်ကြီးလင်းနေရာကနေ တစ်ချက်ချင်းစီလင်းတာမျိုးပြောင်းသွားသလိုပေါ့။
ကမ္ဘာပေါ်မှာအလင်းရောင်ကို အပူလှိုင်းတွေ ဓာတ်အားတွေမထုတ်လွှတ်ဘဲ ထုတ်ပေးနိုင်တဲ့သတ္တဝါက ပိုးစုန်းကြူးတစ်မျိုးပဲရှိပါတယ်။ ဘယ်လိုလဲစိတ်ဝင်စားဖို့ကောင်းတယ်မလား။
Photo Credit
Source: The Fact Site
Piki (Akhayar)