နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များအကြောင်းနဲ့ သူတို့ရဲ့ စံချိန်စံညွှန်းမျာ

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များအကြောင်းနဲ့ သူတို့ရဲ့ စံချိန်စံညွှန်းမျာ

လတ်တလော မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ASEAN International Film Festival (AIFFA) ၂၀၁၉ ခုနှစ်မှာ ဝင်ပြိုင်ခဲ့တဲ့ မြန်မာရုပ်ရှင်ကားနှစ်ကားရဲ့ ဖန်တီးသူဒါရိုက်တာတွေရဲ့ အင်တာဗျူးက Online မှာ ခေတ်စားနေပါတယ်။

ဒီနေရာမှာ ဒီလိုအင်တာဗျူးတွေကို ဝေဖန်ထက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုကို ဝင်ရောက်ပြသယှဉ်ပြိုင်ဖို့ ဘယ်လို စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ လိုသလဲဆိုတာနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးတွေ ဘယ်နှစ်ခုရှိသလဲဆိုတာ လိုက်ဖတ်တာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ AIFFA ရဲ့ ရည်ရွယ်ချက် အကျဉ်းချုပ်ကတော့ အာဆီယံနိုင်ငံတွေရဲ့ ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေကို လူအများသိအောင် လုပ်နိုင်ဖို့၊ အာဆီယံနိုင်ငံက ရုပ်ရှင်တွေကို နိုင်ငံခြားဈေးကွက်တွေကို ထိုးဖောက်နိုင်ဖို့နဲ့ အာဆီယံနိုင်ငံတွေက ရုပ်ရှင်လောကသား အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ စတဲ့ အချက်မျိုးတွေ ဖြစ်ပါတယ်။

AIFFA

ဒီလို ရည်ရွယ်ချက်တွေ ရှိသလိုပဲ AIFFA က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတချို့ကိုလည်း ဒီလို တွေ့ရနိုင်ပါတယ်။

– ဒီလို ပြိုင်ပွဲဝင်ဖို့ လျှောက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ဒီလို ဝင်ခွင့်အတွက် အခကြေးငွေပေးစရာမလိုပါဘူး။

– ဒီပွဲမှာ ဝင်လျှောက်ထားတဲ့ ဇာတ်ကားရဲ့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာဟာ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံသား ဒါမှမဟုတ် Permanent Resident ဖြစ်ဖို့ လိုပါတယ်။

– ဝင်ပြိုင်တဲ့ သူတွေဟာ သူတို့ ဖန်တီးထားတဲ့ ဇာတ်ကားတွေရဲ့ Copyright နဲ့ အရှုပ်အရှင်းတွေအတွက် ကိုယ်ကိုယ်တိုင် အာမခံရမှာ ဖြစ်ပြီး AIFFA ပွဲတော်အနေနဲ့ အဲဒီအတွက် တာဝန်ရှိမှာ မဟုတ်ပါဘူး။

– ဒါမျိုးအချက်တွေအပြင် ရုပ်ရှင်တွေဟာ အနည်းဆုံး မိနစ် ၆၀ ပြသချိန်ရှိရမယ်၊ အင်္ဂလိပ်စာတန်းထိုးထားရမယ် စတဲ့အချက်လေးတွေလည်း ပါဝင်ပါသေးတယ်။

AIFFA ဟာ အာဆီယံဒေသတွင်းအဆင့် ရုပ်ရှင်ပွဲတော်ဖြစ်ပြီး နိုင်ငံတကာမှာလည်း သြဇာကြီးမားတဲ့ ကမ္ဘာ့အဆင့် ရုပ်ရှင်ပွဲတော်ကြီးတွေ ရှိပါသေးတယ်။

ဒီထဲမှာမှ သြဇာအကြီးမားဆုံး ရုပ်ရှင်ပွဲတော်တွေလို့ ယူဆထားကြတဲ့ ပွဲတော်တွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေလည်း သိကြတဲ့ Cannes ကိန်းစ်ရုပ်ရှင်ပွဲတော်၊ Berlin ဘာလင်ရုပ်ရှင်ပွဲတော်၊ Venice ဗင်းနစ်ရုပ်ရှင်ပွဲတော်တွေပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော် ၃ ခုကို တစ်ခါတလေ “Big Three” လို့လည်း ခေါ်ပါသေးတယ်။

Cannes Film Festival
Cannes Film Festival ကတော့ ၁၉၄၆ ခုနှစ်က စတင်ခဲ့ပြီး ဖိတ်ကြားထားတဲ့ သူတွေပဲ တက်ရောက်ခွင့်ရတဲ့ ရုပ်ရှင်ပွဲတော် ဖြစ်ပါတယ်။ Cannes Film Festival မှာ ဂုဏ်သိက္ခာသြဇာအကြီးမားဆုံး ဆုအဖြစ်ပေးအပ်တာကတော့ Palm d’Or (Golden Palm) ဆုဖြစ်ပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားအတွက် ပေးအပ်တာ ဖြစ်ပါတယ်။ တခြား Short Film ဆု၊ အကောင်းဆုံးမင်းသား၊ မင်းသမီး၊ Screenplay နဲ့ ဒါရိုက်တာဆုတွေလည်း ပေးအပ်ပြီး Best Documentary Film ဆုစတာတွေလည်း ပေးပါသေးတယ်။

Cannes ရုပ်ရှင်ပွဲတော်ရဲ့ဂုဏ်ဒြပ်ကတော့ ဥရောပရုပ်ရှင်ဇာတ်ကားတွေအတွက် အရေးကြီးတဲ့ ပွဲတော်တစ်ခုဖြစ်သလို ထုတ်လုပ်သူတွေအနေနဲ့လည်း သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေကို စတင်ပြသပြီး ကမ္ဘာတဝှမ်းက ဖြန့်ချိသူတွေဆီရောက်အောင် ပို့နိုင်တဲ့ နေရာဆိုတဲ့ အချက်ဖြစ်ပါတယ်။

Cannes Film Festival

Berlin International Film Festival
Berlin International Film Festival ကိုတော့ ၁၉၅၁ ခုနှစ်ကစပြီး အနောက်ဘာလင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူကတော့ ပုံစံတစ်မျိုးဖြစ်ပြီး နှစ်တိုင်း လက်မှတ် ၃၀၀,၀၀၀ လောက်နဲ့ ဝင်ခွင့်ပေါင်း ၅၀၀,၀၀၀ လောက် လက်ခံရရှိတဲ့ ရုပ်ရှင်ပွဲတော်ကြီးလည်း ဖြစ်ပါတယ်။ ဒီပွဲရဲ့ ထိပ်တန်းဆုတွေကတော့ Golden Bear နဲ့ Silver Bears တို့ ဖြစ်ပါတယ်။ ဘာလင်ရုပ်ရှင်ပွဲတော်ဟာ နိုင်ငံတကာရုပ်ရှင်လောကသားအချင်းချင်းတွေ့ဆုံတဲ့ အဓိကပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲတွေလည်း ရှိသလို Panorama လို့ ခေါ်တဲ့ Indie ဇာတ်ကားအသစ်တွေ မြည်းစမ်းကြည့်လို့ ရတဲ့ အခွင့်အရေးလည်း ရှိပါတယ်။

Berlin International Film FestivalVenice Film Festival
အပေါ်က ရုပ်ရှင်ပွဲတော်ထဲမှာ ဗင်းနစ်ရုပ်ရှင်ပွဲတော်ကတော့ သက်တမ်းအကြာမြင့်ဆုံး ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ၁၉၃၂ ခုနှစ်မှာ အီတလီနိုင်ငံက စတင်ပြုလုပ်ခဲ့ပါတယ်။ စစချင်းတုန်းကတော့ အီတလီအနုပညာလက်ရာတွေကို ပြပွဲလုပ်ဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာက အနုပညာ၊ အက၊ သီချင်း နဲ့ ရုပ်ရှင်တွေကိုပါ ပြသခဲ့ပါတယ်။ ဆုတွေကတော့ Golden Lion ဆိုရင် အကောင်းဆုံးရုပ်ရှင်ဆုကိုပေးတာ ဖြစ်ပြီး Silver Lion ဆိုရင် လာပြိုင်တဲ့အထဲက အကောင်းဆုံး ဒါရိုက်တာဆုကို ပေးတာ ဖြစ်ပါတယ်။

Venice Film Festival

နောက်ထပ်နာမည်ကြီးတဲ့ ရုပ်ရှင်ပွဲတော်တစ်ခုကတော့ မြောက်အမေရိကတိုက်မှာပါ နာမည်ကြီးတဲ့ Toronto International Film Festival ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်အတော်များများမှ လူသစ်တန်း ဖန်တီးသူတွေနဲ့ လူသိပ်မသိသေးတဲ့ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ရုပ်ရှင်တွေကို ပြသခွင့်ရဖို့အတွက် အခကြေးငွေပေးရပါတယ်။ အထူးသဖြင့် ရုပ်ရှင်ပွဲတော်ကြီးတွေဖြစ်တဲ့ Cannes Film Festival ၊ Toronto International Film Festival စတဲ့ ပွဲတော်ကြီးတွေမှာဆိုရင် အခကြေးငွေပေးရမှာ ဖြစ်ပြီး အခကြေးငွေပေးစရာမလိုတဲ့ တခြားရုပ်ရှင်ပွဲတော်တွေလည်း ရှိပါသေးတယ်။

ဒါကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးတွေ ဘယ်လိုကျင်းပနေသလဲဆိုတာနဲ့ ဘယ်လို အကဲဖြတ်နေသလဲဆိုတာကို အကျဉ်းချုပ်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ Documentary Film တွေဟာ လက်ရှိမှာ နိုင်ငံတကာအဆင့်ကို ထိုးဖောက်ဖို့ စတင်ကြိုးစားနေပြီး အချိန်အတိုင်းအတာတစ်ခုရောက်ရင်တော့ ဒေသတွင်းအဆင့်ကို ရောက်လာနိုင်မယ်လို့ အကောင်းမြင်စိတ်နဲ့ မျှော်လင့်မိပါတယ်။

Yoe Lu (Akhayar)