Earphone နဲ့သီချင်းနားထောင်တာက အကြားအာရုံကိုထိခိုက်စေလား

Earphone နဲ့သီချင်းနားထောင်တာက အကြားအာရုံကိုထိခိုက်စေလား

ကျွန်မကသီချင်းနားထောင်ရတာကိုသိပ်ကြိုက်တယ်။ နားထောင်ရင်လည်း Beat သံတွေနဲ့နားထောင်ရတာကိုပိုသဘောကျတယ်။ ဒီတော့သီချင်းနားထောင်တိုင်းနားကျပ်ကောင်းကောင်းရွေးဝယ်တတ်တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ဆောင်းပါးတွေဖတ်မိရာကနေ Earphone နဲ့သီချင်းနားထောင်တာဟာ အကြားအာရုံကိုပျက်စီးစေတယ်ဆိုပြီး သိလာရတယ်။ အဲဒီလိုသိလာတဲ့အခါကျတော့ Earphone နဲ့သီချင်းနားထောင်ရမှာတောင်ကြောက်လာတယ်။ မတော်တဆနားကန်းသွားရင်ဒုက္ခပဲလို့တွေးမိလာတယ်။ ဒီတော့ပိုပြီးစိတ်ချရအောင်ကိုယ်တိုင်ရှာဖတ်ကြည့်တယ်။
အဲဒီမှာဘာတွေ့လည်းဆိုတော့ အကြားအာရုံကိုထိခိုက်တာက သုံးတဲ့နားကျပ်အမျိုးအစားနဲ့မဆိုင်ဘူးဆိုတဲ့အချက်ကိုတွေ့ရတယ်။ Earphone တပ်ပြီးနားထောင်သည်ဖြစ်စေ Headphone နဲ့နားထောင်သည်ဖြစ်စေ အကြားအာရုံကိုထိခိုက်စေနိုင်တာက ကိုယ်နားထောင်နေတဲ့အသံကျယ်လောင်မှုပေါ်မူတည်ပါတယ်။ အသံကျယ်လေလေ နားကိုထိခိုက်နိုင်ခြေပိုများလေလေပဲ။ ဂရုမစိုက်ဘဲအသံကျယ်ကျယ်နားထောင်ရင် အရမ်းအားပြင်းတဲ့အသံလှိုင်းတွေက နားစည်ကိုပါဖောက်ဝင်သွားနိုင်တယ်။
အကြားအာရုံပျောက်ဆုံးတဲ့အဓိကအကြောင်းအရင်းက အာရုံကြောကိုထိခိုက်မိလို့ပါ။ အာရုံကြောကိုမထိခိုက်စေဖို့က တစ်နေ့လုံးမှာ၈၅ ဒယ်ဆီဘယ် (ဒက်ဆီဘယ် – အသံအတိုးအကျယ်တိုင်းတာသည့် အခြေခံယူနစ်) အထိ နားထောင်နိုင်တယ်။ ၈၅ ဒက်ဆီဘယ်ဆိုတာ ယာဉ်ကြောလမ်းတွေရှုပ်နေချိန်မှာဆူညံတဲ့အသံလောက်ပေါ့။ ဒါပေမယ့် အဲဒီထက်ကျော်သွားရင်တော့ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ရော့ခ်ရှိုးနဲ့လွှစက်တွေကထွက်တဲ့ ၁၁၅ ဒက်ဆီဘယ်ကို နားထောင်မိရင် တစ်မိနစ်မတိုင်ခင်မှာဘဲ အာရုံကြောကိုထိခိုက်သွားနိုင်တယ်။ အချိန်တိုတွင်းမှာတော့ အကြားအာရုံပျောက်ဆုံးနေတာမသိနိုင်သေးပေမယ့် အချိန်ကြာလာရင်သိသာလာပါလိမ့်မယ်။
တချို့ဖုန်းတွေကသီချင်းတွေဟာ ၁၂ဝ ဒက်ဆီဘယ်အထိအသံလှိုင်းရှိတယ်။ ဒီတော့ ဒီလောက်ဒက်ဆီဘယ်နှုန်းနဲ့အယ်လ်ဘမ်တစ်ခုလုံးကို နားထောင်မယ်ဆိုရင် Earphone လေးချွတ်လိုက်တာနဲ့ နားမကြားနိုင်တာမျိုးတွေ ကြုံတွေ့ရမှာပါ။ WHO ရဲ့ပြောကြားချက်အရ ကမ္ဘာတဝန်းလုံးက ဆယ်ကျော်သက်တွေနဲ့လူကြီး ၁.၁ ဘီလီယံက ကိုယ်ပိုင် Earphone တွေကြောင့် အကြားအာရုံပျောက်ဆုံးနိုင်တဲ့အန္တရာယ်ဖြစ်နိုင်ချေရှိနေပါတယ်။
ဒီတော့အသံအကျယ်ကြီးနားထောင်တာရဲ့အန္တရာယ်ကို ပရိသတ်ကြီးတို့လည်း ကောင်းကောင်းသိပြီနော်။ အသက်ငယ်ငယ်နဲ့နားမလေးချင်ရင် အဖြေကကိုယ့်ရှေ့မှာပဲရှိနေတာပါ။ ဘယ်လောက်ပဲအပြည့်အဝ Feel ပြီးနားထောင်ချင်နေပါစေ ၊ ကိုယ့်ရဲ့အကြားအာရုံကို ကိုယ်တန်ဖိုးထားရင် သီချင်းတွေအကျယ်ကြီးဖွင့်ပြီးနားမထောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Piki (Akhayar)