ချစ်သူသက်တမ်း တစ်လပြည့်တိုင်းမှာ လက်ဆောင်ဝယ်ပေးဖို့ လိုလို့လား

ချစ်သူသက်တမ်း တစ်လပြည့်တိုင်းမှာ လက်ဆောင်ဝယ်ပေးဖို့ လိုလို့လား

လူငယ်တွေမှာ ချစ်သူရည်းစားအချင်းအချင်း ချစ်ကြကြိုက်ကြ ကြည်နူးကြနဲ့ ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းနေကြတာကို လူသားမျိုးနွယ်စပြီးဖြစ်လာချိန်တည်းကနေ ခုချိန်ထိတွေ့ရှိနေရပါတယ်။ အဲ…….. ဒီလိုပါပဲ ချစ်သူရည်စားရယ်လို့ဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက်ချစ်သက်လက်ဆောင်လေးတွေပေးလာကြတာကလည်း သဘာဝပဲပေါ့။ ကိုယ့်ချစ်သူကိုလက်ဆောင်ပေးတယ်ဆိုတာက ကိုယ်ကသူ့ကို ဟောဒီလောက်ကြီးချစ်ပါတယ်ဆိုတာကို သက်သေပြချင်လို့ ဟောဒီလို ဟောဒီလို ရိုပြီးပေးကြတာလေနော်။ ဒါပေမယ့်ချစ်သူဖြစ်တာနဲ့ပဲ သူ့ကိုချစ်တယ်ဆိုတာကို သက်သေပြချင်တာနဲ့ပဲ လတိုင်းလတိုင်းမှာ လက်ဆောင်ပေးစရာမလိုပါဘူး။ ဒါကဘာဖြစ်လို့လဲဆိုတော့

ချစ်သက်သေဟာ လက်ဆောင်မဟုတ်ပါဘူး
ဟုတ်ပါတယ်။ ကိုယ်ကကိုယ့်ချစ်သူကိုချစ်တယ်ဆိုတာကို တခြားနည်းလမ်းတွေနဲ့ပြသနိုင်ပါသေးတယ်။ ပြောရရင် တစ်နေ့တစ်နေ့သူဘာတွေလုပ်နေလဲ ၊ နေကောင်းရဲ့လား ၊ လွမ်းတယ် ၊ ထမင်းမှန်မှန်စားဦးနော် ၊ စောစောအိပ်ဦးနော် စသဖြင့်စာလေးတွေပို့တာ ၊ သူနဲ့တွေ့တိုင်းသူနဲ့စကားတွေပြောပြီး သူပျော်အောင်လုပ်ပေးတာ ၊ သူ့အတွက်အချိန်ပေးတာ ၊ သူရင်ဖွင့်တာတွေနားထောင်ပေးတာ ၊ သူ့ကိုအကြံဉာဏ်တွေပေးပြီး သူ့ဖက်မှာအမြဲရပ်တည်ပေးတာတွေကို လုပ်ပေးတာနဲ့တင် ကိုယ်သူ့ကိုချစ်တယ်ဆိုတာကို သက်သေပြလို့ရနေပါပြီ။

လတိုင်းလက်ဆောင်တွေဝယ်တာ ပိုက်ဆံကုန်လို့ပါ
ဒါက တွက်ကပ်ပြီးပြောတာမဟုတ်ပါဘူး။ ကိုယ့်ရည်းစားကိုတောင်မှ သဒ္ဓါစိတ်မရှိလို့မဟုတ်ပါဘူး။ ကပ်စေးကုတ်နေတာလည်းမဟုတ်ဘူး။ ဒါပေမယ့်လတိုင်းလတိုင်းရည်းစားကိုလက်ဆောင်တွေပေးတာက ပိုက်ဆံဖြုန်းတာနဲ့တူတယ်။ အဲဒီလိုလက်ဆောင်တွေဝယ်နေမယ့်အစား နှစ်ယောက်သားပိုက်ဆံစုပြီး ဘဝရှေ့ရေးတွက် ကြိုတင်ပြင်ဆင်ထားတာပိုကောင်းတယ်။ ပိုက်ဆံကအရမ်းစကားပြောပါတယ်။ ကိုယ့်ရဲ့သက်ကြီးပိုင်းကိုအေးအေးဆေးဆေးဖြတ်သန်းချင်ရင် သက်ရွယ်ပိုင်းမှာ ရုန်းထားကန်ထားမှတော်ကာကျမှာ။ ဒါကြောင့်လက်ဆောင်မပေးနဲ့မပြောဘူး။ လတိုင်းတော့ပေးစရာမလိုဘူးလို့ဘဲ ပြောချင်တာပါ။

လက်ဆောင်တွေဝယ်ပေးမယ့်အစား ကိုယ်တိုင်လုပ်ပြီးပေးကြည့်ပါ
ဝယ်ပြီးတော့ပေးတာထက်စာရင် ကိုယ့်ဟာကိုယ် Handmade လေးလုပ်ပြီးပေးတာကို ကိုယ့်ရည်းစားကပိုပြီးသဘောကျမှာပါ။ ဘယ်သူမဆိုပါ ကိုယ့်ချစ်သူက ကိုယ့်အတွက်အချိန်တွေပေးပြီး ပင်ပင်ပန်းးပန်းလုပ်ထားတဲ့လက်ဆောင်လောက် ဘယ်လက်ဆောင်ကိုမှပိုကြိုက်မှာ မဟုတ်ဘူး။ ဒီလိုမျိုးကိုယ်တိုင်လက်ဆောင်လုပ်ပြီးပေးတာကမှ ကိုယ်ကသူ့ကိုဘယ်လောက်အလေးထားပါတယ် ၊ သူ့အတွက်ဆိုအပင်ပန်းခံနိုင်တယ် ၊ အချိန်တွေပေးနိုင်တယ်ဆိုတာကို ပိုပြီးပေါ်လွင်စေတယ်။

ပေးချင်ရင်လည်း ဒီလိုနေ့တွေမှာပေးပါ
ကိုယ့်ချစ်သူကိုလုံးဝကြီး လက်ဆောင်မပေးတာလည်း မကောင်းပါဘူး။ ကိုယ်ကသူ့ကိုအချစ်ပေါ့သွားတယ်လို့ခံစားရစေမှာမို့ပါ။ သူလည်းနွေးထွေးတဲ့အခိုက်အတန့်လေးတွေကြုံရပြီး ကိုယ်နဲ့သူနဲ့အချစ်ရေးလည်းခိုင်မာအောင် ရံဖန်ရံခါတော့လက်ဆောင်ပေးပါ။ ဥပမာ Valentine’s Day တို့ Birthday တို့ New Year တို့မှာပေးပါ။ ဘာကိုပေးပေး ဘယ်လိုပေးပေး အရေးကြီးတာ သူနှစ်သက်ပြီး သူ့အတွက်အသုံးဝင်မယ့်ဟာဖြစ်ရင်ရပါပြီ။
ဒါကြောင့်နောက်ဆုံးပိတ်အိတ်နဲ့လွယ်ရရင် ကိုယ့်ချစ်သူကိုလတိုင်းလက်ဆောင်ဝယ်ပေးနေစရာမလိုပါဘူး။ ရံဖန်ရံခါ အမှတ်ရစရာ အခိုက်အတန့်လေးတွေဖန်တီးပေးပြီး သူ့အတွက်အချိန်ပေး ၊ သူ့ကိုချစ်ပေးနေရင် လုံလောက်ပါပြီ ပရိသတ်ကြီးတို့ရေ။

Piki (Akhayar)