အိပ်ရေးတွေ ပျက်နေတဲ့အခါ အိပ်ရေးကို အကြွေးထားပြီး ပြန်ဆပ်လို့ ရပါသလား

အိပ်ရေးတွေ ပျက်နေတဲ့အခါ အိပ်ရေးကို အကြွေးထားပြီး ပြန်ဆပ်လို့ ရပါသလား

ကျွန်တော်တို့တွေမှာ အလုပ်ကြောင့်ဖြစ်ဖြစ်၊ တခြား ဂိမ်း၊ စာအုပ်နဲ့ ရုပ်ရှင်ကြောင့် ဖြစ်ဖြစ် အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ရှိဖူးမှာပါ။ တစ်ရက်တလေဆိုရင် ပြဿနာမရှိပေမယ့် နေ့စဉ်ရက်ဆက် အိပ်ရေးပျက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း အလုပ်ဆက်လုပ်နိုင်အောင် အားတင်းထားတဲ့အရာက ဒီ Project ပြီးရင် ငါအစားပြန်အိပ်မယ်၊ ဒါမှမဟုတ်ရင်လည်း ဒီစီးရီးစ်ပြီးအောင် ကြည့်ပြီးရင် အဝပြန်အိပ်မယ်ဆိုတဲ့အရာတွေနဲ့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အိပ်ရေးတွေပျက်နေတဲ့ရက်တွေ နောက်ပိုင်းမှာ ဒီလို အကြွေးပြန်ဆပ်သလို အိပ်လို့ ရပါသလား။

အိပ်ရေးအကြွေးဆိုတာ ဘာပါလဲ
အိပ်ရေးအကြွေးဆိုတာ ဆက်တိုက်အိပ်ရေးပျက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အိပ်မပျော်တဲ့ရောဂါကြောင့် ဖြစ်ရတဲ့ အိပ်ရေးပျက်တာကိုလည်း အိပ်ရေးအကြွေးထဲမှာ ပါဝင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန်ဘယ်လောက်လိုတယ်ဆိုတာကတော့ လူတစ်ယောက်ချင်းစီအပေါ်မှာပဲ မူတည်ပါတယ်။

အိပ်ရေးပျက်တဲ့အကြောင်းတွေထဲမှာ အသက်အရွယ်ကြောင့် ပျက်တာဖြစ်သလို ချောင်းအရမ်းဆိုးတဲ့အခါနဲ့ ကိုယ်ဝန်ရှိတဲ့အခါမှာလည်း အိပ်ရေးပျက်တတ်ပါတယ်။ ဒါမှမဟုတ် ကော်ဖီသောက်များတာ၊ အရက်သောက်များတာနဲ့ အိပ်ခါနီး ဖုန်းသုံးတာ များတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်နေ့ကို ကိုယ်ဘယ်လောက်အိပ်ဖို့ လိုအပ်သလဲ သိချင်ရင်တော့ ဒီနည်းလေးတွေနဲ့ တိုင်းတာ ရပါမယ်

၁။ အိပ်ချိန်ကို ကိုယ်အိပ်နေကျပုံမှန်ချိန်မှာ အိပ်ပါ။ အိပ်ရာထတဲ့အချိန်ကို အလုပ်အတွက် ပုံမှန်ထနေတဲ့အချိန်မှာ ထပါ။ အိပ်ချိန်ဘယ်လောက်ရလဲ တွက်ထားပါ။

၂။ အဲဒီလိုမျိုး ၂ ည၊ ၃ညလောက်လုပ်ပြီးရင်တော့ နောက်ညတွေမှာတော့ အိပ်နေကျထက် ၁၅ မိနစ်လောက် စောအိပ်ပါ။ ပြီးရင် အိပ်ချိန် ၇ နာရီပြည့်အောင် အိပ်ပါ။

၃။ အဲဒီလို အိပ်ချိန် ၇နာရီပြည့်အောင် အိပ်ပြီးတဲ့အချိန် ကိုယ် ဘယ်လို ခံစားရလဲ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ အိပ်ရာထဖို့ ခက်နေရင်၊ ဒါမှမဟုတ် Alarm မြည်တဲ့အခါမှာတောင် မထင်ချင်သေးဘူးဆိုရင် နောက်ညကျ နောက်ထပ် ၁၅ မိနစ်ပိုစောပြီး အိပ်ကြည့်ပါဦး။

၄။ ဒီလို လုပ်တာကို ကိုယ်အိပ်ရာက ကြည်ကြည်လင်လင်နိုးထနိုင်မယ့် အချိန်အထိ ရှေ့တိုးပြီး လုပ်ပြီးပြီဆိုရင် ကိုယ့်ရဲ့ အိပ်ချိန်ဘယ်လောက်လိုအပ်တယ်ဆိုတာ သိနိုင်ပါပြီ။

ကိုယ်တကယ်ကောင်းကောင်းအနားရရဲ့လား ဆန်းစစ်သင့်ပါတယ်
အိပ်ရေးပျက်တဲ့အခါ ရှေ့ပိုင်းရက်တွေမှာတော့ ဟန်မပျက် အလုပ်လုပ်နိုင်သေးပေမယ့် တကယ်ထိခိုက်နေတာက ကျန်းမာရေးပါ။ အိပ်ရေးပျက်တာများရင် နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးတာ၊ ဆီးချိုနဲ့ ကိုယ်အလေးချိန်ပါ တက်တတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်အိပ်ရေးဝတယ်လို့ ခံစားနေရတဲ့အချိန်မှာတောင် လူူရော ကောင်းကောင်းအနားရရဲ့လား ဆန်းစစ်ပါ။ Alarm မြည်တာနဲ့ နိုးပေမယ့် တစ်ချိန်လုံး သမ်းဝေနေတာလား၊ မူးနောက်နောက်ဖြစ်နေလား၊ တစ်နေ့လုံး လန်းလန်းဆန်းဆန်းအလုပ်လုပ်နိုင်ဖို့ ကော်ဖီဘယ်နှစ်ခွက်သောက်မှ အဆင်ပြေနေတာလဲ။ အလုပ်စားပွဲမှာ တက်တက်ကြွကြွနေဖို့ အဆင်မပြေဘူးဆိုရင် အိပ်ရေးပျက်နေသေးတယ်ဆိုလို့ ရပါတယ်။

အိပ်ရေးကြွေးတွေကို ပြန်ဆပ်လို့ ရနိုင်ပါသလား
ဒီလို အိပ်ရေးတွေ ပျက်ထားတဲ့ အကြွေးတွေကို ကောင်းကောင်းပြန်အနားယူ၊ ပြန်အိပ်တဲ့နည်းနဲ့ အကြွေးပြန်ဆပ်လို့ ရပါတယ်။ တချို့လူတွေက အိပ်ရေးကြွေးကို ပြန်ဆပ်လို့ မရနိုင်ဘူးလို့ ထင်နေပေမယ့် သုတေသနတွေကတော့ အိပ်ရေးကြွေးတချို့ကို ပြန်ပေးဆပ်လို့ ရတယ်လို့ ပြဆိုထားပါတယ်။

နားနေအိပ်စက်ရာကောင်းကောင်းဖန်တီးပါ
မွေ့ရာကောင်းကောင်း၊ မွေ့ရာကောင်းကောင်းဆိုတာ ဈေးကြီးတာကို ပြောတာ မဟုတ်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်ပြီး မနာကျင်စေမယ့် အိပ်ရာမျိုးကို ပြောတာ ဖြစ်ပါတယ်။ TV ကို အိပ်ခန်းထဲက ထုတ်ထားဖို့ လိုသလို ဖြစ်နိ်ုင်ရင် ကွန်ပျူတာကိုပါ ထုတ်ထားပါ။

အိပ်ခန်းကို အိပ်ဖို့နဲ့ အနားယူဖို့ နေရာမှာပဲ အသုံးပြုဖို့ လိုပါတယ်။ ဒါမှသာ ဦးနှောက်က အိပ်ခန်းဟာ အိပ်ဖို့လို့ သတ်မှတ်ပြီး အိပ်ရာထဲ ရောက်ရင် အလိုလိုအိပ်ပျော်သွားပါလိမ့်မယ်။ တကယ်လို့ ကိုယ်က ညတစ်ဝက်မှာ တရေးနိုးပြီး ပြန်အိပ်မရတဲ့အခါ ဇွတ်အိပ်ပျော်ဖို့ မကြိုးစားဘဲ အခန်းပြင်ထွက် တစ်ခုခု ထလုပ်လိုက်ပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
နေ့ဘက်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ ညဘက်မှာ အိပ်ပျော်ဖို့ တွန်းအားပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်စိတ်တွေကိုလည်း လျှော့ချပေးပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ အိပ်ရေးပျက်တာဟာ ကိုယ်အလေးချိန်တက်စေလို့ လေ့ကျင့်ခန်းလုပ်ပြီး ပြန်ချိန်ညှိပေးရပါမယ်။ အရေးကြီးတာတစ်ခုကတော့ မအိပ်ခင် ၃ နာရီအတွင်း လေ့ကျင့်ခန်းမလုပ်မိဖို့ပါပဲ။ ဒီလို လုပ်မိရင်တော့ နိုးကြားတက်ကြွလွန်ပြီး အိပ်မပျေ်ာဖြစ်စေမှာ ဖြစ်ပါတယ်။

တရေးတမောအိပ်တာကို လိုအပ်မှ လုပ်ပါ
စနေ၊ တနင်္ဂနွေမှာ နေ့လယ်နေ့ခင်း တရေးတမောအိပ်တဲ့အကျင့်လုပ်ထားတဲ့အခါ တနင်္လာမှ သောကြာ အလုပ်တက်ရတဲ့အခါ နေ့လည်ပိုင်း အလုပ်ထဲမှာ အိပ်ငိုက်စေပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ညဘက်မှာပဲ ပြည့်ပြည့်ဝဝအိပ်ပေးဖို့ ကြိုးစားပါ။

အိပ်ဆေးတွေ မသောက်ပါနဲ့
မြန်မြန်အိပ်ပျော်ဖို့အတွက် အိပ်ဆေးတွေက ကူညီပေးနိုင်ပေမယ့် ရေတိုအတွက်ပဲ ကောင်းပြီး ရေရှည်မှာတော့ ကျန်းမာရေးအတွက် ထိခိုက်စေမှာ ဖြစ်ပါတယ်။

အိပ်တယ်ဆိုတာဟာ တကယ်တော့ အရေးကြီးပါတယ်။ လူသားတွေဟာ မအိပ်စက်ဘဲ မနေနိုင်ပါဘူး။ အိပ်ပျော်နေချိန်မှာ ဦးနှောက်ကိုရော၊ကိုယ်ခန္ဓာကိုပါ ပြုပြင်တဲ့ လုပ်ငန်းစဉ်စပါတယ်။ အပေါ်က အချက်တွေ လိုက်လုပ်တာတောင်မှ အဆင်မပြေသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

အိပ်ရေးမဝဘူးဆိုတာဟာ လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံတတ်တဲ့အတွက် အရမ်းကြီး စိတ်ပူဖို့တော့ မလိုဘဲ အချိန်ပေးပြီး ပြုပြင်လို့ ရပါကြောင်း။

Yoe Lu (Akhayar)