အိမ်သာဘိုထိုင်ခုံထက် ပိုညစ်ပတ်တဲ့ သင့်အနီးအနားက အရာတွေ (၂)

အိမ်သာဘိုထိုင်ခုံထက် ပိုညစ်ပတ်တဲ့ သင့်အနီးအနားက အရာတွေ (၂)

တစ်ခါတလေ သေချာဂရုစိုက်ရဲ့သားနဲ့ မကြာခဏတရှောင်ရှောင် ဖြစ်ဖူးပါသလား။ ပရိသတ်ကြီးရဲ့ အနီးအနားမှာ ကျန်းမာရေး ထိခိုက်စေတဲ့ အရာတွေရှိနေပါတယ်။ ဒီအကြောင်းအရာကို အရင်တစ်ခေါက်က ပထမပိုင်းကို ဖော်ပြပေးပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ဒုတိယပိုင်းကို ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အစာခွက်
အိမ်မှာ အညစ်ပတ်ဆုံးအရာ နောက်တစ်ခုကို ပြောပါဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အစာခွက်တွေပါပဲ။ ခွေးလေးမွေးထားတယ်ဆိုပါစို့။ သင့်ခွေးက ဘယ်နေရာကိုမဆို လျှာနဲ့လျက်နိုင်ပါတယ်။ အိမ်သာခွက်တွေက အစပေါ့။ ဒီတော့ ဒီလိုနေရာတွေက ပါလာမယ့် ဘက်တီးရီးယားတွေကိုပဲ တွက်ကြည့်ပါဦး ဘယ်လောက်တောင် ရောဂါပိုးတွေ ကိန်းအောင်းနေမလဲဆိုတာ။ ဒီတော့ အစာခွက်ကို အမြဲလိုလို သန့်စင်ပေးနေသင့်ပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင် သင်ကိုယ်တိုင်ရော သင့်မိသားစုရဲ့ ကျန်းမာရေးကို မထိခိုက်စေတဲ့အပြင် သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ကျန်းမာရေးကိုပါ ဂရုစိုက်ပြီးရာ ရောက်တာပေါ့။

နည်းလမ်းမှန်မှန်ကန်ကန်နဲ့ သန့်စင်ရမယ့်နည်းလမ်းကတော့ အစာကျွေးပြီးတိုင်း အစာခွက်ကို ရေပူပူနဲ့ ဆပ်ပြာသုံးပြီး သန့်စင်နိုင်တဲ့အပြင် Baking Soda ဒါမှမဟုတ် ဆားဖြူးပြီး အစာခွက်ရဲ့ မျက်နှာပြင်တစ်ခုလုံးကို သေချာတိုက်ချွတ် ဆေးကြောပေးနိုင်ပါတယ်။ မဟုတ်လို့ရှိရင်တော့ အစာကြွင်းအစာကျန်တွေရယ်၊ တိရစ္ဆာန်လေးတွေရဲ့ တံထွေးတွေ ကျန်ရှိနေပြီး မသန့်စင်တာမျိုးဖြစ်နိုင်ပါတယ်။

လက်ကိုင်ဖုန်းနဲ့ Tablet
၂၀၁၈ ခုနှစ်တုန်းက လေ့လာချက်တွေ့ရှိချက်တွေအရ ဖုန်းတွေက အိမ်သာဘိုထိုင်ခုံထက် ၆ ဆပို ညစ်ပတ်တယ်လို့ ဆိုပါတယ်။ ဘာမဆိုထိတွေ့နေရတဲ့ လက်နဲ့ အနီးစပ်ဆုံးအရာဖြစ်တဲ့ ဖုန်းက အိမ်သာဘိုထိုင်ခုံထက် မသန့်ရှင်းဘူးဆိုတာ ဆန်းတော့မဆန်းပါဘူး။ ရောဂါပိုးတွေကို အတတ်နိုင်ဆုံး မရှိစေဖို့အတွက် ဖုန်း Screen ကို အဝတ်စနုနုနဲ့ သုတ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

လက်ကိုင်အိတ်
ရောဂါပိုးတွေအပါအဝင် ဖုန်မှုန့်တွေနဲ့ တခြားသော အရာတွေရှိနေတတ်တာကတော့ လက်ကိုင်အိတ်တွေပဲ ဖြစ်ပါတယ်။ ဗြိတိန်သုတေသနလုပ်သူတွေက လက်ကိုင်အိတ် ၂၅ အိတ်ကို လေ့လာကြည့်တဲ့အခါမှာတော့ လက်ကိုင်အိတ်တွေဟာ အိမ်သာဘိုထိုင်ခုံထက် ပျှမ်းမျှအားဖြင့် ၃ဆ ပိုညစ်ပတ်နေတာကို တွေ့ရှိခဲ့ပါတယ်။

အိတ်တွေကို မြေကြီးနဲ့ မထိမိအောင် ထိန်းသိမ်းပေးပြီး ဖြစ်နိုင်မယ်ဆိုရင် ပုံမှန်လိုလို ရေစိုအဝတ်နဲ့ ဆေးကြောပေးပါ။ ပလတ်စတစ်အိတ်နဲ့ သားရေအိတ်တွေဆိုရင်တော့ ပိုးသတ်ဆေးသုံးပြီး သုတ်ပေးမယ်ဆိုရင်တော့ သန့်ရှင်းတဲ့ လက်ကိုင်အိတ်ကို လက်ဝယ်ပိုင်ဆိုင်ထားမှာ အမှန်ပါပဲ။

ဓာတ်လှေကားခလုတ်
Toronto တက္ကသိုလ်က တွေ့ရှိချက်အရ အများပြည်သူအသုံးပြုတဲ့ နေရာတွေဖြစ်တဲ့ ရုံးခန်းအဆောက်အအုံတွေက ဓာတ်လှေကားတွေမှာ ရောဂါဖြစ်စေတဲ့ပိုးမွှားတွေ အများကြီးရှိနေပါတယ်တဲ့။ ဒီတော့ ဒီလိုနေရာမျိုးရောက်ရင် ပရိသတ်ကြီးအနေနဲ့ ဓာတ်လှေကားကို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းလုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဓာတ်လှေကားအသုံးပြုပြီးတိုင်းတော့ သင့်လက်ကို ဆေးကြောပေးလို့ရပါတယ်။

အားလုံးကို ခြုံကြည့်မယ်ဆိုရင် လက်နဲ့ အမြဲထိတွေ့ရတဲ့ အရာတွေက တခြားအရာတွေထက် ပိုညစ်ပတ်နေတတ်တယ်ဆိုတာကို စာဖတ်သူတွေ တွေ့ရမှာပါ။ ဒါ့ကြောင့်မို့လို့ ဘာပစ္စည်းပဲကိုင်ကိုင် လက်ဆေးပေးဖို့ မမေ့မလျော့ဖို့ သတိပေးလိုက်ပါတယ်နော်။

NSC