ဂျပန်နိုင်ငံက ကျင့်သုံးတဲ့ လောကကျင့်ဝတ်ထုံးတမ်းစည်းမျဉ်းများ

ဂျပန်နိုင်ငံက ကျင့်သုံးတဲ့ လောကကျင့်ဝတ်ထုံးတမ်းစည်းမျဉ်းများ

ဂျပန်နိုင်ငံမှာ မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးတဲ့ လောကဝတ်စည်းမျဉ်းတွေ အများအပြားရှိတဲ့အတွက် ကျော်ကြားပါတယ်။ သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေဟာ ဘယ်လိုမျိုးတွေဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ စည်းမျဉ်းတွေနဲ့ရော ဘာတွေကွာခြားမှုရှိလဲဆိုတာကို စာဖတ်သူတွေ နှိုင်းယှဉ်ကြည့်လို့ရအောင်နဲ့  ဗဟုသုတတိုးစေဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Bussiness Card လဲလှယ်ခြင်း
Business Card လဲလှယ်တဲ့အခါ နာမည်တို့၊ဖုန်းနံပါတ်တို့၊ E-mail တို့ပါတဲ့ဘက်အခြမ်းကို လှန်ထားပြီး ပေးရပါတယ်။
လက်နှစ်ဘက်နဲ့ ပေးရပါတယ်။
ကိုယ်ပေးမယ့် တစ်ဖက်လူက ကိုယ်ထက် ရာထူးကြီးရင် သူက ကိုယ့်ကို ကိုင်းပြီး ပေးတာထက် ပိုနိမ့်နိမ်ကိုင်းပြီး ပေးရပါတယ်။
Business Card ပေးရင် တစ်ဘက်က ယူသူရဲ့ မျက်နှာကို မိနစ်အနည်းငယ်လောက် ကြည့်ပေးရပါတယ်။
ကိုယ်ကို ကိုင်းညွှတ်ပြီး ပေးဖို့ မမေ့ပါနဲ့။
ဓာတ်လှေကားစီးခြင်း
ဓာတ်လှေကား စီးတဲ့နေရာမှာလည်း စည်းမျဉ်းစည်းကမ်းရှိပါတယ်။ ဓာတ်လှေကားအလွတ်ထဲကို ကိုယ်က အရင်ဝင်ရင် ဓာတ်လှေကားမောင်းသူဖြစ်သွားတဲ့အတွက် ဓာတ်လှေကား ခလုတ်တွေနားမှာ မတ်တပ်ရပ်ပါ။ နောက်ပိုင်း လူတွေဝင်လာရင် ဝင်တဲ့လူတွေကုန်တဲ့အထိ ဓာတ်လှေကားမပိတ်ဖို့ ခလုတ်နှိပ်တဲ့ တာဝန်ကို ယူပေးပါ။ နောက်တစ်ထပ်ရောက်လို့ ရပ်တိုင်း ဓာတ်လှေကားမပိတ်စေဖို့ ခလုတ်အဖွင့်အပိတ်တာဝန်ကို မဆင်းခင်အထိယူပေးပါ။ ဂျပန်ကို ခရီးသွားဧည့်သည်အနေနဲ့ သွားခဲ့ရင် ဓာတ်လှေကားထဲကို ပထမဦးဆုံးဝင်ပြီး နေရာမယူမိစေဖို့ သတိပေးချင်ပါတယ်။

မြေအောက်မီးရထားစီးခြင်း
မြေအောက်မီးရထားစီးတဲ့အခါမှာလည်း စည်းမျဉ်းတွေရှိလို့ ဒီစည်းမျဉ်းတွေကို ဂျပန်လူမျိုးတွေက တင်းတင်းကျပ်ကျပ်လိုက်နာရပါတယ်။ မြေအောက်မီးရထားပေါ်မှာ ကျယ်ကျယ်လောင်လောင် စကားမပြောရပါဘူး။ အလားတူပဲ ဖုန်းလည်း ကျယ်ကျယ်ပြောခွင့် မရှိပါဘူး။ ဒါ့အပြင် မယဉ်ကျေးတဲ့ အပြုအမူဖြစ်တဲ့ တခြားသူအပေါ်စိုက်ကြည့်ခြင်းကိုလည်း ခွင့်မပြုထားပါဘူး။ မတ်တပ်ရပ်နေတဲ့ အသက်ကြီးတဲ့လူကြီးတွေကို နေရာကနေ ထပြီးဖယ်ပေးတာမျိုး မပြုလုပ်တာက သူတို့ရဲ့ ထုံးတမ်းအစဉ်အလာပါ။ အဲဒီလို ထပေးစရာမလိုလောက်အောင် အသက်အရွယ်ကြီးတဲ့သူတွေ၊ မသန်မစွမ်းတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အမှတ်အသားပြုလုပ်ပေးထားတဲ့ ထိုင်ခုံတွေ ထားရှိပေးထားပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေ၊ မသန်မစွမ်းတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှ မဟုတ်ရင် အမှတ်အသားလုပ်ထားတဲ့ ထိုင်ခုံတွေမှာ ထိုင်ခွင့် လုံးဝမရှိပါဘူး။

ထိတွေ့ကိုင်ခြင်း
ဂျပန်မှာ သူတစ်ပါးကို စူးစူးစိုက်စိုက်ကြည့်ခြင်းက ရိုင်းတယ်လို့ သတ်မှတ်ကြပြီး တစ်ဦးနဲ့ တစ်ဦး မသိဘဲ ထိတွေ့ကိုင်တွယ်တာမျိုးကိုလည်း ရိုင်းတယ်လို့ သတ်မှတ်ကြပါတယ်။ နိုင်ငံကအကြီးကြီးမဟုတ်တဲ့အတွက် ဂျပန်လူမျိုးတိုင်းက တခြားသူတစ်ဦးရဲ့ ရပိုင်ခွင့်ကို လေးစားသင့်ပါတယ်။ ဂျပန်ကိုသွားလည်ရင် ဂျပန်လူမျိုးတွေကို ထိကိုင်မိတာမျိုး မလုပ်မိပါစေနဲ့နော်။ လူရှေ့သူရှေ့မှာ အနမ်းပေးနေတာကိုလည်း သူတို့တွေက သဘောမကျတတ်ကြပါဘူး။ ၁၉၄၅ မတိုင်ခင်က လူရှေ့သူရှေ့နမ်းခြင်းဟာ အမိန့်ကို ချိုးဖောက်ခြင်းဆိုပြီးတော့တောင် သတ်မှတ်ကြပါတယ်။

ပိုက်ဆံ
ဂျပန်လူမျိုးတွေဟာ ပိုက်ဆံနဲ့ ပတ်သက်ရင် ထူးခြားတဲ့ ခံယူချက်နဲ့ စည်းမျဉ်းတွေ ရှိတတ်ကြပါတယ်။ ပိုက်ဆံကို လူရှေ့သူရှေ့ ထုတ်ဖော်ပြီးကိုင်ရမှာကို ရှက်စရာလို့ ခံယူကြပါတယ်။ အဲဒါလိုခံယူတဲ့အတွက်ကြောင့် ပိုက်ဆံထည့်တဲ့စာအိတ်လေးတွေဟာ ဂျပန်ရဲ့ ယဉ်ကျေးမှုလို့တောင် ဖြစ်လာပြီး လူကြိုက်များကြပါတယ်။ တစ်စုံတစ်ဦးကို ပိုက်ဆံပေးတဲ့အခါမျိုးမှာ စာအိတ်မရှိခဲ့ရင်လည်း ပိုက်ဆံကို သတင်းစာစက္ကူနဲ့ ပတ်ပြီး ပေးကြပါတယ်။ အဲဒီလိုထုတ်ကိုင်ရမှာ ရှက်တယ်ဆိုရင် စူပါမားကတ်မှာ ဈေးဝယ်ရင်ရော ဘယ်လိုဝယ်ကြလဲဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။ စူပါမားကတ်မှာတော့ ဒီထုံးစံကို လိုက်နာစရာမလိုပေမယ့် ဒီထုံးစံရှိတယ်ဆိုတာကိုတော့ စိတ်ထဲမှာ အမြဲသတိပြုရပါတယ်။ ငွေရှင်းကောင်တာမှာလည်း ငွေကိုလက်ခံတာမျိုးမပြုလုပ်ကြဘဲ စက်ထဲကို ငွေထည့်ပြီး ကိုယ်ကိုယ်တိုင် ငွေချေစနစ်ကို ကျင့်သုံးပြီး ဈေးဝယ်ယူကြရပါတယ်။

လက်ဆောင်
ဂျပန်မှာတော့ လက်ဆောင်ပေးတဲ့ယဉ်ကျေးမှုဟာ အရမ်းကို အားကောင်းပါတယ်။ ဒါပေမယ့် အထူးလက်ဆောင်ပေးခြင်းကိုတာ့ ဂျပန်လို O-Chugen (နွေရာသီ) နဲ့ O-Seibo (ဆောင်းရာသီ) အချိန်မျိုးမှာပဲ ပေးကြပါတယ်။ နိုင်ငံတော်တော်များများမှာတော့ လက်ဆောင်ရရချင်း ဖွင့်ကြည့်တာက ယဉ်ကျေးမှု ဖြစ်ပေမယ့် ဂျပန်မှာတော့ ချက်ချင်းဖွင့်ကြည့်တာက လောဘကြီးပြီး စိတ်မရှည်မှုကို ဖော်ပြတာ ဖြစ်ပါတယ်။

ကိုယ်ကို ကိုင်းညွှတ် အရိုအသေပေးခြင်း
ဂျပန်မှာ ကိုယ်ကို ကိုင်းညွှတ်ခြင်း အနုပညာဟာ အလွန်အရေးကြီးတဲ့အတွက် အစောပိုင်းအသက်အရွယ်ဖြစ်တဲ့ ငယ်ရွယ်စဉ်ကလေးဘဝတည်းက သင်ယူကြရပါတယ်။ ကိုယ်ကို ကိုင်းညွတ်အရိုအသေပေးတဲ့ နည်းလမ်းကွဲတွေအများကြီးရှိပြီး အဲ့ဒီထဲက တချို့ကတော့

နှုတ်ခွန်းဆက်ကိုင်းညွတ်ခြင်းကို ဂျပန်လို “eshaku” လို့ခေါ်ပြီး ၁၅ ဒီဂရီ ကိုယ်ကို ကိုင်းညွတ်ခြင်း ဖြစ်ပါတယ်။ ဒီလိုကိုင်းညွတ်ခြင်းကို လုပ်ငန်းတူတဲ့သူတွေနဲ့ ရာထူးတူတဲ့သူတွေ တွေ့ဆုံတဲ့အခါမှာ ပြုလုပ်ကြပါတယ်။
ရိုရိုသေသေကိုင်းညွတ်ခြင်းကို ဂျပန်လို “keirei” လို့ခေါ်ပြီး ၃၀ ဒီဂရီစောင်းပြီး ကိုယ်ကို ကိုင်းညွတ်ခြင်း ဖြစ်ပါတယ်။ ဒီလိုကိုင်းညွတ်ခြင်းမျိုးကိုတော့ ကိုယ်ရဲ့သူဌေး၊ ဆရာဆရာမတွေနဲ့ တွေ့ဆုံတဲ့အခါ ပြုလုပ်ရပါတယ်။
ကြည်ညိုလေးစားမှုအပြည့်နဲ့ ကိုင်းညွတ်ခြင်းကို ဂျပန်လို “saikeirei” လို့ခေါ်ပြီး ကိုယ်ကို ၄၅ ဒီဂရီစောင်းပြီး ကိုင်းညွတ်ရပါတယ်။ တောင်းပန်တဲ့အခါမျိုးနဲ့ ဧကရာဇ်တွေကို အရိုအသေပေးတဲ့ အခါမျိုးမှာ ပြုလုပ်ကြပါတယ်။
အသက်ကိုချမ်းသာပေးပါဆိုပြီး တောင်းခံခြင်းမျိုးကို လုပ်တဲ့အခါမှာ ဒူးကကြမ်းပြင်နဲ့ထိပြီး ဦးခေါင်းနဲ့လက်ကလည်း ကြမ်းပြင်နဲ့ထိနေရပါတယ်။ ယနေ့ခေတ်မှာ ဒီလိုပြုလုပ်ခြင်းက တကယ်ကို ကြီးမားတဲ့ဒုက္ခနဲ့ ကြုံတွေ့နေရလို့ ကယ်ပေးပါဆိုပြီး လုပ်ကြတာ ဖြစ်ပါတယ်။
ထွက်ခွာတဲ့အခါမှာ နှုတ်ဆက်ခြင်း
ဂျပန်တွေက စားသုံးသူ၊ ဝယ်ယူသူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကို နတ်ဘုရားလိုပဲ သတ်မှတ်ထားကြပြီး မယုံနိုင်လောက်တဲ့ ရိုသေလေးစားမှုအပြည့်နဲ့ ဆက်ဆံကြပါတယ်။ သူတို့တွေထွက်ခွာသွားကြတဲ့အခါ ဝန်ထမ်းတွေက နောက်ကနေလိုက်ပြီး တံခါး(သို့) ဓာတ်လှေကား ထိပို့ပေးကာ ဓာတ်လှေကားတံခါးပိတ်တဲ့ထိ ကိုယ်ကို ကိုင်းညွတ် နှုတ်ဆက်ကြပါတယ်။ အဲဒီလို နှုတ်ဆက်ခြင်းဟာ စီးပွားရေးစင်တာတွေမှာ တစ်ပြိုင်တည်းဖြစ်သွားရင် လူစုလူဝေးတွေ ဖြစ်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားလူမျိုးတွေကလည်း အဲ့ဒီလိုနှုတ်ဆက်ခြင်းနဲ့ နေသားမကျတဲ့အတွက် စိတ်ကသိကအောင့်တွေဖြစ်ကြရလို့ ဒီခေတ်ဂျပန်လူမျိုးတွေက ဒီထုံးတမ်းကို မလုပ်ကြတော့ပါဘူး။

အခုဖော်ပြထားတာက ဂျပန်နိုင်ငံမှာ ကျင့်သုံးတဲ့ လောကကျင့်ဝတ်ထုံးတမ်းတချို့ဖြစ်ပြီး တခြားကျင့်သုံးတဲ့ ထုံးတမ်းတွေလည်းရှိပါသေးတယ်။ နောက်ထပ်ကျင့်သုံးတဲ့ ထုံးတမ်းတွေရှိရင်လည်း ထပ်ပေါင်းထည့်ခဲ့ပေးပါဦးနော်။

H.H(Akhayar)