လ ျှမ်းလ ျှမ်းတောက်အောင်မြင်နေပေမယ့် ကြေကွဲစရာဘဝမှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ Keanu Reeves

လ ျှမ်းလ ျှမ်းတောက်အောင်မြင်နေပေမယ့် ကြေကွဲစရာဘဝမှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ Keanu Reeves

အပေါ်ယံကနေပဲ ကြည့်မယ်ဆိုရင်တော့ လူတိုင်းချစ်ရတဲ့ မင်းသားကြီး Keanu Reeves က အရာရာကို ပိုင်ဆိုင်ထားသလိုပါပဲ။ နာမည်ကျော်ကြားတယ် ၊ အောင်မြင်တယ် ၊ ခန့်တယ် ၊ လူချစ်လူခင်ပေါတယ် ၊ ချမ်းသာတယ် ၊ ပြီးတော့ စိတ်ထားလည်းကောင်းတယ်။ တခြားသရုပ်ဆောင်တွေဆိုရင်လည်း သူ့လိုအောင်မြင်မှုကို နှစ်တွေအကြာကြီးထိန်းထားနိုင်ပြီး ဟောလိဝုဒ်မှာ ဂုဏ်ရှိရှိနဲ့ရပ်တည်နိုင်တာကို လိုချင်တပ်မက်ကြမှာပဲ။ ဒါပေမယ့် အမြင်ဆိုတာလှည့်စားနိုင်လွန်းပါတယ်။ အခုချိန်မှာ Keanu Reeves ရဲ့ ဘဝကြီးက သာယာပျော်ရွှင်နေတယ်လို့ ထင်ရပေမယ့် တစ်ချိန်တုန်းကတော့ သူဘဝဟာအရမ်းကို သနားဖို့ကောင်းခဲ့တာပါ။ သူ့ဘဝရဲ့မှောင်မိုက်တဲ့ အခိုက်အတန့်တွေက သူအသက် ၃ နှစ်သားမှာ စတင်ခဲ့တာပေါ့။

ဘဝထဲကနေထွက်ခွာသွားတဲ့အဖေ
Keanu Reeves ကို Geologist ဖြစ်တဲ့ အဖေ Samuel Reeves နဲ့ Showgirl လည်းဖြစ် Costume Designer ဖြစ်တဲ့ အမေ Patricia Taylor နဲ့ တို့က လူ့လောကကြီးထဲကို ခေါ်သွင်းခဲ့တာဖြစ်တယ်။ ဒါပေမယ့် Keanu Reeves အသက် ၃ နှစ်သားပဲရှိသေးတဲ့အချိန်မှာ သူ့အဖေက Reeves နဲ့ အမေ Patricia ကို ထားခဲ့တယ်။ ဒါကြောင့်မို့လို့ Single Mother ဖြစ်သွားရှာတဲ့ Patricia က Reeves ကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ခဲ့ရတယ်။ သူတို့သားအမိနှစ်ယောက်က ခဏခဏဆိုသလို အိမ်ပြောင်းနေခဲ့ရလို့ Hawaii ရောက်လိုက် ၊ Australia ရောက်လိုက် ၊ New York ၊ Canada နဲ့ စုံနေတာပဲ။ အဲဒီလိုတွေနေရာပြောင်းရလွန်းလို့ Keanu Reeves မှာလည်း ကျောင်းခဏခဏပြောင်းခဲ့ရတယ်။ သူငယ်ချင်းတွေကို အမြဲလိုလိုထားခဲ့ရတဲ့ ခံစားချက်က ဘယ်လောက်တောင်ဆိုးလိုက်မလဲ။ ကျောင်းအသစ်တစ်ခုကိုရောက်သွားတိုင်း ကျောင်းသားသစ်ဆိုပြီး အဆက်ဆံခံရတာ ဘယ်လောက်တောင် နေရခက်မလဲ။ Reeves တစ်ယောက် ခိုင်မာတဲ့သူငယ်ချင်းဆက်ဆံရေးကို ပိုင်ဆိုင်ခွင့်မရခဲ့မှာ သေချာပါတယ်။ သူအသက် ၁၇ နှစ်မှာ ကျောင်းမထွက်ခင် အထက်တန်းကျောင်း ၄ ကျောင်းတောင်ပြောင်းခဲ့ရတယ်။ နောက်ပြီး Keanu Reeves မှာ Dyslexia (စာဖတ်ရခက်တဲ့ရောဂါ) လည်းရှိတော့ သူ့အတွက် ပညာရေးပိုင်းမှာ ခက်ခဲခဲ့တယ်လေ။ သူကျောင်းထွက်သွားဖို့အထိကို Pressure တွေ အများကြီးရှိခဲ့တာပါ။

ဘဝတစ်ပါးကိုကူးပြောင်းသွားတဲ့ အချစ်ဆုံးသူငယ်ချင်း
Keanu Reeves သရုပ်ဆောင်ဖြစ်ပြီးနောက်ပိုင်းမှာ သူ့လိုပဲ ရုပ်လည်းချောပြီး အရမ်းလည်းသရုပ်ဆောင်ကောင်းတဲ့ River Phoenix နဲ့ သူငယ်ချင်းဖြစ်ခဲ့တယ်။ River Phoenix က အခု Joker ကားမှာသရုပ်ဆောင်မယ့် Joaquin Phoenix ရဲ့ အစ်ကိုပေါ့။ သူတို့နှစ်ယောက်က I Love You to Death ဆိုတဲ့ ဇာတ်ကားမှာ စသိခဲ့ကြပြီး ချက်ခြင်းပဲ Bff တွေ ဖြစ်သွားကြတယ်။ တစ်နေ့ Reeves တစ်ယောက် My Own Private Idaho ဆိုတဲ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုလည်းတွေ့ရော သူ့သူငယ်ချင်းနဲ့ သိပ်လိုက်မယ့်ဇာတ်ကောင်ပဲလို့ တွေးခဲ့တယ်။ ဒါနဲ့ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလမှာ မိုင် ၁ဝဝဝ အကွာအဝေးကို ဆိုင်ကယ်စီးပြီး သူ့သူငယ်ချင်း River Phoenix ဆီကို ဇာတ်ညွှန်းသွားပို့ကာ ဒီဇာတ်လမ်းမှာသရုပ်ဆောင်ဖို့ သွားဆွယ်ခဲ့တယ်။ ဒါပေမယ့် ဒီဇာတ်လမ်းရိုက်ရင်းနဲ့ Phoenix က ဘိန်းဆွဲသွားပြီး နောက်ပိုင်းမှာ အသက်ဆုံးရှုံးခဲ့ရတာပါ။ အတိအကျပြောရရင် ၁၉၉၃ နာမည်ကြီးတွေဆုံနေကြနေရာဖြစ်တဲ့ Viper Room ရဲ့ အပြင်ဘက်မှာ ဆေးလွန်ပြီးတော့ သေနေတာကို တွေ့ခဲ့ရတာပါ။ အဲဒီအချိန်မှာ River Phoenix ရော Keanu Reeves ရော အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။ ကိုယ်သရုပ်ဆောင်ဖို့တိုက်တွန်းခဲ့တဲ့ ဇာတ်ကားကနေစပြီး ဘိန်းဆွဲသွားတဲ့သူငယ်ချင်းက အဆုံးသတ်မှာဒီဘိန်းကြောင့်ပဲသေသွားခဲ့ရလို့ Keanu Reeves အတွက် ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်မလဲ။ Keanu Reeves တစ်ယောက် သူ့အချစ်ဆုံးသူငယ်ချင်းသေရတာ သူ့အပြစ်မကင်းဘူးဆိုတဲ့ ခံစားချက်တွေနဲ့ ရှင်သန်ခဲ့ရမလားဆိုတာ မတွေးနိုင်ဘူးလေ။

ချစ်ရတဲ့မိန်းကလေးနှစ်ယောက်ကို ရက်ရက်စက်စက်ခေါ်ဆောင်သွားတဲ့ လောကကံကြမ္မာ
သူငယ်ချင်းသေပြီးလို့ ငါးနှစ်လောက်နေတော့ Keanu Reeves လည်းစိတ်ပိုင်းဆိုင်ရာ နလန်ထူလာနိုင်ခဲ့တယ်လေ။ အဲဒီအချိန်မှာ သူချစ်ရမယ့်သူကိုရှာတွေ့ခဲ့တယ်။ ၁၉၉၈ ခုနှစ်မှာ Jennifer Syme နဲ့တွေ့ခဲ့ပြီးတော့ မြင်မြင်ချင်းမှာပဲ ချစ်မိသွားကြတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ကအချိန်တိုလေးအတွင်းမှာပဲ ခိုင်မာလာခဲ့တယ်။ နှစ်ယောက်သားချစ်သူဖြစ်ပြီး တစ်နှစ်အကြာမှာ Jennifer မှာ ကိုယ်ဝန်ရလာခဲ့တယ်။ ဒါပေမယ် Keanu Reeves တစ်ယောက်သူ့ဘဝရဲ့စာမျက်နှာကို ပြောင်းလဲပစ်မယ့် The Matrix ဇာတ်ကားကို ရိုက်နေချိန် ၁၉၉၉ ခုနှစ် ၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ Reeves နဲ့ Jennifer ရဲ့ သမီးလေးလူ့လောကကိုဝင်ရောက်လာခဲ့တယ်။ စိတ်မကောင်းစရာက သမီးလေး Ava Archer Symes-Reeves က အသက်မဲ့တဲ့ခန္ဓာနဲ့ လူ့လောကကြီးထဲကို ရောက်လာခဲ့တာပါ။ ကိုယ့်ရဲ့ရင်သွေးကိုဆုံးရှုံးရတဲ့ရင်ကွဲမှုကြီးက ဒီချစ်သူနှစ်ယောက်ရဲ့အချစ်ကို စွန်းထင်းစေခဲ့တယ်။ ဒါကြောင့် သမီးလေးဆုံးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ Reeves နဲ့ Jennifer တို့ လမ်းခွဲခဲ့ကြတယ်။ ဝမ်းနည်းမှုတွေက ငယ်ရွယ်တဲ့ကလေးဘဝတည်းကစလိုက်တာ အဆုံးမသတ်နိုင်ဘူး။ ဒါတောင် ကံကြမ္မာက Keanu Reeves ကို ဘယ်လောက်တောင် ဒဏ်ခတ်သလဲဆိုတော့ သူနဲ့ချစ်သူ Jennifer တို့ လမ်းခွဲပြီး ၁ နှစ်အကျော်မှာ Jennifer ကားတိုက်ခံရပြီး လူ့လောကကနေ ထွက်ခွာသွားခဲ့ပြန်တယ်။ သူ့ဘဝမှာချစ်ရတဲ့ မိန်းကလေးနှစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ Keanu Reeves က စိတ်ဒဏ်ရာတွေရလွန်းလို့ အဲဒီအချိန်ကစပြီးအချစ်ရေးနဲ့အိမ်ထောင်ရေးကို စိတ်ထဲကနေတွန်းထုတ်နေခဲ့တယ်။

ဒီလိုကြေကွဲစရာတွေနဲ့ ဘဝရဲ့ရိုက်နှက်ချက်တွေကို ငယ်ငယ်တည်းက လူးလဲပြီးခံခဲ့ရပေမယ့် Keanu Reeves ကိုကြည့်ရတာ ဝမ်းနည်းမှုတွေရဲ့တိုက်စားမှုဒဏ်တွေကို လျစ်လျူရှူထားနိုင်ခဲ့ပြီ ထင်ပါတယ်။ ဘဝကိုပျော်ပျော်ပါးပါးဖြတ်သန်းပြီး အောင်မြင်မှုတွေနဲ့ရှေ့ဆက်နေတယ်လေ။ ကြည့်ရတာ ဒီနာကျင်မှုတွေကနေ စာနာထောက်ထားတတ်တဲ့စိတ်တွေကို သူရခဲ့တာဖြစ်မှာပါ။ အခုတော့လူတွေပြောပြောနေတာကို ကျွန်မပိုနားလည်လာပါပြီ။ ဘဝကြမ်းတဲ့သူတွေက ပိုပြီးအောင်မြင်တယ်ဆိုတာကိုလေ။ Keanu Reeves က ဒီပြောစကားရဲ့ အကောင်းဆုံးပြယုဒ်တစ်ခုပါပဲ။

Photo Credit: Papermag, Hollywood Picture

Source: Cheat Sheet, Biography.com

Piki (Akhayar)