ကျောင်းဖွင့်ချိန်မှာ ကျောင်းမတက်နိုင်တဲ့ကလေးတွေအတွက် တိုက်ပွဲ

ကျောင်းဖွင့်ချိန်မှာ ကျောင်းမတက်နိုင်တဲ့ကလေးတွေအတွက် တိုက်ပွဲ

“မုန့်ပဲတစ်ပွဲ စားမယ်” အတိုကောက်အမှတ်အသားတွေကို အသားကျနေပြီဖြစ်တဲ့ စားပွဲထိုးမလေးရဲ့ အသံက ငယ်လွန်းပါတယ်။ ငယ်မှာပေါ့။ သူဟာ ရှိလှမှ (၄) တန်းကျောင်းသူပေါ့။ ဒီမြင်ကွင်းတွေ၊ အသံတွေကို မြန်မာလူမျိုးတွေဖြစ်တဲ့ ကျွနု်ပ်တို့အားလုံး အသားကျနေကြပါပြီ။ ဒါဟာ ကောင်းသော အသားကျခြင်းမျိုးတော့ မဟုတ်ပါ။

မြန်မာနိုင်ငံရဲ့ ကလေးလုပ်သားအရေအတွက်ဟာ ၂၀၁၅ခုနှစ်ရဲ့ စစ်တမ်းတွေအရ ကလေး (၁၀) ယောက်မှာ (၁) ယောက်နှုန်းရှိပါတယ်။ International Labour Organization (ILO) ရဲ့ သတ်မှတ်ချက်နဲ့အညီ အသက် (၅) နှစ်ကနေ (၁၇) နှစ်အရွယ်ကလေးတွေကို စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်အရ (၆) သိန်းကျာ်အရေအတွက်ရှိတဲ့ ကလေးတွေဟာ အန္တရာယ်ရှိတဲ့ အလုပ်ခွင်ထဲရောက်နေတာပါ။

ILO ရဲ့ သတ်မှတ်ချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အသက် (၁၄) နှစ်ရောက်ပြီဆိုရင် အလုပ်လုပ်ခွင့်ရှိပါတယ်။ အသက် (၁၄) နှစ်အောက်ကလေးတွေက အလုပ်လုပ်ခွင့်လည်းမရှိသလို အလုပ်ခန့်ထားခဲ့သည်ရှိသော် အလုပ်ရှင်က ဖောက်ဖျက်၊ ပြစ်မှုထင်ရှားရင် ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး မြန်မာငွေသိန်း (၅၀) ကနေ အများဆုံး သိန်း (၁၀၀) အထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရတယ်ဆိုပြီး ဥပဒေချမှတ်ထားပါတယ်။ ဒီလိုဥပဒေရှိနေပေမယ့်လည်း ကလေးရဲ့ လုပ်အားငွေ (၃)လစာကို ကြိုထုတ်ပြီး အိမ်စီးပွားရေးဖြေရှင်းနေရတဲ့ အိမ်ထောင်စုတွေ အများကြီးရှိနေတာ အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်မှာပါ။  မြန်မာနိုင်ငံအနေနဲ့ကတော့ ကလေးလုပ်သားမရှိဖို့ကို အတော်လေးရုန်းကန်ရမယ့် အခြေအနေဖြစ်နေပါတယ်။

စီးပွားရေးအခြေအနေတွေကြောင့် လုပ်ငန်းခွင် တွန်းပို့ခံရတဲ့ကလေးတွေဟာ တကယ်တော့ ဓားစာခံသက်သက်သာဖြစ်ပါတယ်။ မဖြစ်မနေအခြေအနေတွေကြောင့်လို့ ပြောနေတတ်တဲ့ အုပ်ထိန်းသူတွေကြောင့် အလုပ်ရှင်က မငြင်းဆန်သာဘဲ လက်ခံလိုက်ရာက ကလေးလုပ်သားတွေ အားပေးမှုမျိုးကို အကျိုးသက်ရောက်သလို ဖြစ်နေသလားဆိုတာ စဉ်းစားစရာပါ။

ဒီနေ့ ဇွန်လ ၁၂ ရက်မှာ ကျရောက်တဲ့ “World Day Against Child Labour” ရဲ့ Theme ကတော့ “Children shouldn’t work in fields, but on dreams!” ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် Theme အတိုင်းပါပဲ ကလေးတွေဟာ အလုပ်ခွင်ထဲရောက်မနေသင့်ပါဘူး၊ ဒါပေမယ့် ဒါဟာ အိမ်မက်ဖြစ်နေဆဲပါ။ ဒီ Theme ကိုပဲ အမှီပြုပြီး မြန်မာနိုင်ငံနည်းတူလိုပဲ ကလေးအလုပ်သမားအမြောက်အမြားရှိတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ် ဝန်ကြီးချုပ်ကတောင်မှ “ကလေးတွေကို သူတို့တွေရဲ့ကလေးဘဝအတိုင်းနေဖို့ အခွင့်ပေးသင့်ပါတယ်။ ဒီလိုအခွင့်အရေးတွေပေးနိုင်ဖို့အတွက် ငါတို့တွေအားလုံး အဆုံးစွန်ထိ ဝိုင်းဝန်းဖြေရှင်းသင့်တယ်” ဆိုတဲ့အကြောင်း သူ့ Twitter မှာ လှုံ့ဆော်ထားပါသေးတယ်။

သင်ကိုယ်တိုင်က ငယ်ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။ အတိတ်ဆိုးရှိခဲ့သည်ဖြစ်စေ ဒီလိုမျိုးအတိတ်တွေကို နောင်လာနောင်သား ဘာမှမသိတဲ့ ကလေးတွေကို ဆက်ခံစေမှာလား။ ဒါမှမဟုတ်လည်း ကောင်းမွန်တဲ့ ကလေးဘဝပိုင်ဆိုင်ခဲ့တယ်ဆိုလည်း ဒီကလေးတွေကို ကလေးပီပီ ကျောင်းတက်စေပြီး၊ အေးဆေးလေး ဆော့ကစားနေခွင့် ပေးသင့်ပါတယ်။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။

Child Labour Law တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။

Video Credit : ILO Youtube

NSC (Akhayar)