ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ရဲ့ ကြွယ်ဝမှုကို နှိုင်းယှဉ်ကြည့်မယ်

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ရဲ့ ကြွယ်ဝမှုကို နှိုင်းယှဉ်ကြည့်မယ်

Jeff Bezos လို့ပြောလိုက်ရင် Amazon ကုမ္ပဏီရဲ့ CEO ၊  The Washington Post သတင်းစာတိုက်ပိုင်ရှင်၊ Blue Origin ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပေါ့ဗျာ။ လက်ရှိအချိန်မှာ သူ့ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၂၁ ဘီလီယံရှိတယ်လို့ Bloomberg Billionaires Index ရဲ့ သတ်မှတ်ချက်အရ သိရပါတယ်။ ဒုတိယအချမ်းသာဆုံးသူဌေး Bill Gates တောင် ဒေါ်လာ ၁ဝ၁ ဘီလီယံပဲ ကြွယ်ဝတယ်ဆိုတော့ သူ့ကိုမီဖို့ အများကြီးလိုပါသေးတယ်။ ဒါ့အပြင် သူဟာ Google ၊ Berkshire Hathaway ၊ Uber ၊ Twitter ၊ Business Insider နဲ့ Everfi တို့လိုကုမ္ပဏီတွေမှာ ရင်နှီးမြှုပ်နှံထားသေးတယ်။

Jeff Bezos ဟာ D. E. Shaw & Co ကုမ္ပဏီမှာ Senior Vice-president ရာထူးကနေ နှုတ်ထွက်ပြီး ၁၉၉၄ခုနှစ် ဇူလိုင်လ (၅) ရက်နေ့မှာ Amazon ကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူဟာ ဇနီးချော MacKenzie Bezos (လက်ရှိကွာရှင်းထား) နဲ့ လက်ထပ်ပြီးခါစပေါ့။ ၁၉၉၅ခုနှစ်မှာ အများပိုင်ကုမ္ပဏီအဖြစ် ကြေညာလိုက်တယ်။ ၁၉၉၉ခုနှစ်မှာ ဘီလျံနာဖြစ်လာခဲ့သလို ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှာ သူ့ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၉ဝ ဘီလီယံဖြစ်လာပြီး Bill Gates ရဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဘွဲ့ကို လွှဲပြောင်းယူခဲ့ပါတယ်။ ဟုတ်ပြီ။ ဒါဆိုကမ္ဘာ့အချမ်းသာဆုံးသူဌေး Jeff Bezos ဟာ ဘယ်လောက်ကြွယ်ဝသလဲဆိုတာ ထင်သာမြင်သာရှိအောင် နှိုင်းယှဉ်မှုတွေနဲ့ ဖော်ပြပါမယ်။

Jeff Bezos ဟာ Amazon ကုမ္ပဏီမှာ Chairman ၊ CEO နဲ့ President ရာထူးတွေမှာ တာဝန်ယူထားပေမယ့် သူ့ရဲ့ တစ်နှစ်လုပ်ခက ၈၁,၈၄ဝ ဒေါ်လာပဲ ရှိပါတယ်။ ဒီပမာဏဟာ အမေရိကန်အောက်လွှတ်တော်အမတ်တွေရဲ့ တစ်နှစ်ဝင်ငွေထက်တောင် နည်းပါသေးတယ်။ ကြွယ်ဝလာရခြင်းရဲ့ အဓိကအကြောင်းအရင်းက လစာကြောင့် မဟုတ်ပါဘူး။ Amazon ကုမ္ပဏီမှာ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာပမာဏကြောင့်ပါ။ Jeff Bezos နဲ့ MacKenzie Bezos တို့ဟာ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၁၆) ရာခိုင်နှုန်းအထိကို ပိုင်ဆိုင်ထားလို့ပါ။ Jeff Bezos ရဲ့ တစ်စက္ကန့်ဝင်ငွေက ဒေါ်လာ ၂,၄၈၉ ၊ တစ်မိနစ်ဝင်ငွေက ဒေါ်လာ ၁၄၉,၃၅၃ နဲ့ တစ်နာရီဝင်ငွေက ဒေါ်လာ ၈.၉၆ သန်းအထိကို ရှိတာပါ။ မြင်လွယ်အောင်ပြောရရင် သူ့ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အလယ်အလတ်တန်းစားဝန်ထမ်းတစ်ဦးရဲ့ တစ်ပတ်လုပ်ခထက်တောင် (၂) ဆကျော် ပိုများပါသေးတယ်။

Jeff Bezos ဟာ ဇနီး MacKenzie နဲ့ ကွာရှင်းတော့မယ်လို့ သူရဲ့ လူမှုကွန်ရက်မှာ ၂ဝ၁၉ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့တုန်းက ကြေညာခဲ့ပြီး ဧပြီလ (၄) ရက်မှာတော့ သူဟာ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းကျော်ကို MacKenzie ကို ခွဲပေးခဲ့ပါတယ်။ ကွာရှင်းတဲ့အခါမှာ Jeff Bezos က သူတို့မိသားစုပိုင်ဆိုင်တဲ့ ရှယ်ယာထဲက (၇၅) ရာခိုင်နှုန်း [တနည်းအားဖြင့် Amazon ကုမ္ပဏီရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း] ကို ပိုင်ဆိုင်သွားပြီး MacKenzie က သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာထဲက (၂၅) ရာခိုင်နှုန်း [တနည်းအားဖြင့် Amazon ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်းကျော်] ကို ရရှိသွားပါတယ်။ MacKenzie ရရှိသွားတာက Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းဆိုပေမယ့် ၂ဝ၁၉ ခုနှစ် ဧပြီလ (၄) ရက်ပေါက်ဈေးနဲ့ ပြောရမယ်ဆိုရင် ဒေါ်လာ ၃၅.၆ ဘီလီယံတန်ကြေးရှိပါတယ်။ ဇနီးသည်ကို ပိုင်ဆိုင်မှုတွေ ခွဲဝေပေးလိုက်ရပေမယ့် Jeff Bezos ကတော့ ကမ္ဘာ့အချမ်းသာဆုံးဘွဲ့ ကို ဆက်ထိန်းထားတုန်းပါ။

Jeff Bezos အနေနဲ့ ဒေါ်လာ ၁.၂ သန်းသုံးလိုက်တာက သာမန်မိသားစုမှာ ၁ ဒေါ်လာ သုံးတာနဲ့ အတူတူပါပဲတဲ့။ ဆိုလိုတာက အမေရိကန်နိုင်ငံမှာဆိုရင် သာမန်မိသားစုတစ်ခုရဲ့ ပျမ်းမျှအသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၉၇,၃ဝဝ ပဲရှိပါတယ်။ Jeff Bezos ရဲ့ ကြွယ်ဝမှု ဒေါ်လာ ၁၂၁ ဘီလီယံနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အဆပေါင်း (၁.၂) သန်းအထိကို ကွာခြားတာပါ။ ပြီးတော့ သူ့ရဲ့ တစ်မိနစ်ဝင်ငွေ ဒေါ်လာ ၁၄၉,၃၅၃ ဟာ အမေရိကန်နိုင်ငံမှာ သာမန်ဝန်ထမ်းတစ်ဦးရဲ့ တစ်နှစ်လုပ်ခထက်တောင် (၃) ဆကျော် ပိုများသေးတဲ့ သဘောပါ။

Jeff Bezos ဟာ သာမန်ပြည်သူတစ်ယောက်ဆိုပေမယ့် အချုပ်အခြာပိုင် ဗြိတိန်တော်ဝင်မိသားစုထက်တောင် ပိုချမ်းသာသေးတယ်။ ဗြိတိန်တော်ဝင်မိသားစုဟာ ဒေါ်လာ ၈၈ ဘီလီယံအထိ ကြွယ်ဝတယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ တော်ဝင်နန်းတော်၊ တော်ဝင်လက်မှုပြခန်းနဲ့ ဘုရင်မကြီးရဲ့ သရဖူတွေကို ဒေါ်လာ ၃၃ ဘီလီယံလို့ တန်ကြေးဖြတ်ထားပြီး ခရီးသွား၊ ကုန်သွယ်မှုနဲ့ တခြားဖက်ရှင်လုပ်ငန်းတွေကို ဒေါ်လာ ၅၅ ဘီလီယံလို့ သတ်မှတ်ထားတာပါ။ Jeff Bezos က ဒေါ်လာ ၁၂၁ ဘီလီယံရှိတယ်ဆိုတော့ ဗြိတိန်တော်ဝင်မိသားစုထက်တောင် (၃၈) ရာခိုင်နှုန်းနီးပါး ပိုချမ်းသာတဲ့သဘောပါ။

ဒါတင်မကသေးပါဘူး။ Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုဟာ အန်ဂိုလာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး (Gross Domestic Product – GDP) နဲ့ တန်းတူနီးပါး ဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ်မှာ အန်ဂိုလာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ဒေါ်လာ ၁၂၁ ဘီလီယံရှိတယ်လို့ World Population Review မှာ ဖော်ပြထားပါတယ်။ အိုက်စလန်နိုင်ငံ (ဒေါ်လာ ၃၁.၆ ဘီလီယံ)၊  အာဖဂန်နစ္စတန်နိုင်ငံ (ဒေါ်လာ ၂၂.၉ ဘီလီယံ) နဲ့ ကော်စတာရီကာနိုင်ငံ (ဒေါ်လာ ၆၄.၉ ဘီလီယံ) တွေရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး ပေါင်းလိုက်မယ်ဆိုရင်တောင် Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုကို မမီသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ၂ဝ၁၈ခုနှစ်မှာ ဒေါ်လာ ၇၄.၉ ဘီလီယံရှိတယ်လို့ World Population Review မှာ ဖော်ပြထားပြီး  Jeff Bezos ရဲ့ ပိုင်ဆိုင်မှုကို မမီသေးတဲ့သဘောပါ။

ပြီးတော့ အမေရိကန်နိုင်ငံမှာဆိုရင် အမျိုးသားတစ်ယောက်ဟာ ဘွဲ့ရထားပြီးရင် တစ်သက်တာမှာ ပျမ်းမျှအားဖြင့် ဒေါ်လာ ၂.၂ သန်းအထိ ရှာဖွေနိုင်တယ်လို့ Social Security Administration က တွက်ချက်ထားပါတယ်။ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ တစ်သက်တာမှာ ဒေါ်လာ ၁.၃ သန်းရှာဖွေနိုင်ပါတယ်။ ဟုတ်ပါတယ်။ Jeff Bezos လည်း Princeton University ကနေ သိပ္ပံဘွဲ့ရထားသူပါ။ ဒါပေမယ့် သူ့ရဲ့ တစ်မိနစ်ဝင်ငွေက ဒေါ်လာ ၁၄၉,၃၅၃ အထိရှိတာဆိုတော့ သာမန်ဘွဲ့ရတစ်ယောက်အနေနဲ့ တစ်သက်တာရှာရမယ့် ပမာဏကို သူက (၁၅) မိနစ်အတွင်း ရှာနိုင်တဲ့သဘောပါပဲ။

Jeff Bezos ဟာ ဒီလောက်တောင် ချမ်းသာပါလားဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတွေရဲ့ နောက်ကွယ်မှာ စွန့်စားမှုတွေ အပြည့်ပါပဲ။ တကယ်ဆိုရင် Jeff Bezos ဟာ D. E. Shaw & Co လို ကုမ္ပဏီကြီးမှာ Senior Vice-president ရာထူးရှိသူပါ။ လစာကောင်းတဲ့ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်အလုပ်တည်ထောင်ဖို့ဆိုတာ တော်ရုံစွန့်စားမှုမျိုး မဟုတ်ပါဘူး။ ပြီးတော့ Amazon ဒီနေ့ခေတ်မှာ အောင်မြင်နေပေမယ့် အစောပိုင်းကာလတွေမှာ ရုန်းကန်ခဲ့ရတဲ့ သာဓကတွေ အများကြီးပါ။ နောက်ဆုံးပြောချင်တာက ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ထားသူတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်မှုတွေ ကြီးကြီးမားမားရှိတယ်ဆိုတဲ့ အကြောင်းပါပဲ။

Reference and Photo Credit – Forbes ၊ Bloomberg ၊ Business Insider

ကျော်စိုးအောင် (အခရာ)