စာအုပ်အဘိဓာန်နဲ့ဖုန်းအဘိဓာန် ဘယ်ဟာကပိုကောင်းတာလဲ

စာအုပ်အဘိဓာန်နဲ့ဖုန်းအဘိဓာန် ဘယ်ဟာကပိုကောင်းတာလဲ

အဘိဓာန်တွေက ကျွန်မတို့လိုသင်ယူသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ အရာရာတိုင်းရဲ့အဓိပ္ပါယ်ကိုမသိနိုင်တဲ့ကျွန်မတို့မှာလေ့လာရင်းသင်ယူရင်းနဲ့ ခက်ခဲတဲ့အဓိပ္ပါယ်တွေနဲ့ကြုံကြိုက်ရတဲ့အခါ အဘိဓာန်ကိုပဲအားကိုးရတာပါ။ အရင်တုန်းကတော့နည်းပညာတွေကလည်း ဒီလောက်မတိုးတက်သေးတော့ စာအုပ်အဘိဓာန်တွေကိုပဲ အားကိုးခဲ့ရတယ်။ ဒါပေမယ့်လည်းအခုအချိန်မှာ ဖုန်းတွေ ၊ ကွန်ပျူတာတွေကနေအလွယ်တကူရှာဖွေလို့ရတဲ့ App တွေကပေါ်လာခဲ့ပြီဖြစ်တယ်။ ဒီနှစ်ခုမှာဘယ်ဟာကပိုကောင်းလဲဆိုတာကိုငြင်းလို့ခုန်လို့ကိုမပြီးနိုင်တော့တဲ့ကိစ္စလည်းဖြစ်လာခဲ့တယ်။ ဒါပေမယ့်ကျွန်မအမြင်မှာတော့ ဒီနှစ်ခုလုံးကသူ့နေရာနဲ့သူအသုံးဝင်တာကြောင့် နှစ်ခုလုံးကောင်းတယ်လို့ထင်တယ်။

စာအုပ်အဘိဓာန်မှာဆိုရင်
စာလုံးတစ်လုံးကိုရှာမယ်ဆိုတာနဲ့ စာမျက်နှာတွေလှန်ရတဲ့အခါ အနည်းဆုံးစာမျက်နှာ ၂ မျက်နှာလောက်ကိုတော့မြင်ရတယ်။ ဒီလိုအချိန်မှာမျက်လုံးရဲ့သဘောသဘာဝအတိုင်းလျှောက်ကြည့်တာကြောင့် ကိုယ်ကစာလုံးတစ်လုံးတည်းကိုရှာတာဆိုပေမယ့် တခြားစိတ်ဝင်စားဖို့ကောင်းတဲ့စာလုံးတွေကိုလည်း တွေ့ရင်တွေ့နိုင်တယ်။ ပြီးတော့စာအုပ်အဘိဓာန်တွေမှာဆို စာလုံးရဲ့အဓိပ္ပါယ်ကိုဖော်ပြတဲ့အခါမှာ အဓိပ္ပါယ်ကြီးသက်သက်မဟုတ်ဘဲ သူ့ကိုဘယ်လိုနေရာမှာသုံးတယ်ဆိုတဲ့ အသုံးပြုပုံတွေပါ ပါတာကြောင့်ပိုပြီး အဆင်ပြေတယ်။ ဒါ့အပြင်အသံထွက်တွေကိုလည်း Phonetic တွေနဲ့ရေးထားတာဖြစ်တဲ့အတွက် ဒီလိုအသံထွက်တွေကိုလိုက်ထွက်မယ်ဆိုရင် ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်တာပေါ့။ တစ်ခါတစ်လေဖုန်းကအဘိဓာန်တွေမှာမတွေ့နိုင်တဲ့အဓိပ္ပါယ်တွေကိုစာအုပ်အဘိဓာန်တွေမှာမှတွေ့နိုင်တာဖြစ်တယ်။

ဖုန်းအဘိဓာန်တွေမှာဆိုရင်
ဖုန်းအဘိဓာန်တွေရဲ့အားသာချက်က ဘယ်နေရာမှာမဆို ဖုန်းလေးဖွင့်ပြီးရှာလိုက်လို့ရတာပါ။ တချို့နေရာတွေက စာအုပ်ကြီးတကားကားနဲ့သွားလာလို့မရဘူးလေ။ ဒီတော့ဖုန်းအဘိဓာန်ကဒီနေရာမှာအားသာသွားတယ်။ နောက်ပြီးဖုန်းအဘိဓာန်က ကိုယ်ရှာထားတဲ့စာလုံးတွေကို Favorite List ထဲထည့်ထားရုံနဲ့အလွယ်တကူပြန်ရှာလို့ရတယ်။ စာအုပ်လိုလှန်နေစရာမလိုတော့အချိန်ကုန်သက်သာတယ်ပြောလို့ရတယ်။ ဖုန်းအဘိဓာန်ကအသံထွက်တွေကိုလည်းအလွယ်တကူနားထောင်နိုင်တာကြောင့်အရမ်းခေါင်းမစားဘူးလို့ပြောလို့ရတယ်။
ဒီတော့နှစ်ခုလုံးဟာသူ့အားသာချက်နဲ့သူရှိနေတယ်။ ကျွန်မအမြင်မှာတော့ဘယ်ဟာကပိုကောင်းတယ်လို့သမုတ်မနေဘဲ နှစ်ခုလုံးကိုသူ့နေရာနဲ့သူတည့်အောင်အသုံးချသင့်တယ်ထင်ပါတယ်။

Piki(Akhayar)