FA ဖြစ်မယ့် အမျိုးအစားတွေဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်တာလဲ

FA ဖြစ်မယ့် အမျိုးအစားတွေဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်တာလဲ

တချို့လူတွေက ဘယ်လိုပဲ ကြင်ရာဖက်ရှာရှာ နောက်ဆုံးမှာတော့ Forever Alone လို့ ခေါ်တဲ့ တစ်ယောက်တည်းနေရမယ့် FA ဇာတာပါတတ်ကြပါတယ်။ တချို့ကျတော့ ကံဇာတာပါတာ မဟုတ်ဘဲ နေထိုင်ပြုမူပြောဆိုပုံတွေကြောင့် ချန်ထားခံရသူ၊ ကျန်ခဲ့တဲ့သူတွေ ရှိပါတယ်။ ဘယ်လိုလူတွေပါလဲ။

Mama’s boy

ကောင်မလေးတစ်ယောက်နဲ့ ညစာစားပြီး Night Life သွားဖို့ ကြံနေပြီဆိုရင် အမေချစ်သားလေး Mama’s boy တွေအတွက် အခက်ကြုံပါပြီ။ အမေက ပြန်လာခဲ့တော့သားရေဆိုတာနဲ့ ကောက်ကာငင်ကာ ပြန်သွားတတ်သူလေးတွေဖြစ်သလို အရာရာကို အမေက ပြုစုပုံနဲ့ နှိုင်းပြီး ဂဂျီဂဂျောင် အီညောင်လုပ်တတ်လို့ သည်းခံနိုင်တဲ့ရည်းစားက ရှားပြီး လက်တွဲဖော်ရှာရခက်တတ်ပါတယ်။

တစ်ခုခုကို အရူးအမူးအားပေးတဲ့ Fans များ

တွေ့ဖို့ ချိန်းထားတဲ့နေရာကို ကိုယ့်အကြိုက် Idol ရဲ့ ရုပ်ရှင်ကားလာမှာမို့ လာမတွေ့ဘဲ ဖျက်လိုက်တဲ့သူမျိုး၊ ယောက်ျားလေးဆိုရင်လည်း ဘောလုံးပွဲကြည့်နေလို့ ရည်းစားနဲ့ ချိန်းထားတာကို ဖျက်တတ်သူမျိုးတွေပေါ့။ ဒီလို တစ်ခုခုကို အရူးအမူးအားပေးတဲ့သူမျိုးတွေဟာ ရည်းစားအတွက်လည်း အချိန်သိပ်မပေးနိုင်၊ ပြီးရင်လည်း အာရုံလည်း အပြည့်မရတဲ့အတွက် ကြာရင် တစ်ကိုယ်တည်းပဲ ဖြစ်တတ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးသမား

ဒီလို လူတွေကတော့ ကိုယ့်ချစ်သူကို ပန်းချီမဆွဲရသေးတဲ့ ကင်းဗတ်စဗြောင်လိုပဲ လိုရာပုံသွင်းပြီး ဆွဲချင်တဲ့ပန်းချီကိုဆွဲဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ ချစ်သူကို တခြားသူတွေနဲ့ နှိုင်းယှဉ်မယ်၊ သူတို့ မကြိုက်တာတွေ ရှိရင် အတင်းပြင်ခိုင်းမယ်၊ ဟိုဟာမဝတ်နဲ့ ၊ ဒီဟာ မဝတ်နဲ့ ပြောမယ်၊ ဒါမှမဟုတ် ပိန်နေပြီ၊ ဝနေပြီ ပြောမယ့်သူမျိုးတွေပါ။ လူတစ်ယောက်ကို အရှိတိုင်းလက်မခံနိုင်ကြဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ချင်ကြလွန်းလို့ သူတို့အနားက လန့်ပြေးသွားတဲ့သူတွေချည်း တွေ့နေရတဲ့သူတွေပါ။

Joker

ဒီလို လူမျိုးကတော့ သူတို့ စိတ်ကြိုက်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေ၊ ဖန်တရာတေနေတဲ့ဟာသတွေနဲ့ တစ်ဖက်သားရဲ့ အထင်ကြီးမှုကို ရယူဖို့ ကြိုးစားတတ်သူတွေပါ။ ဒီလို လူတွေဟာ တစ်ဖက်သားပြောစကားကို နားမထောင်တတ်ကြဘဲ ကိုယ်ကချည်းပဲ အပွားတလိုင်းမို့ ဒီလူနဲ့ Date မယ့်အစား နောက်တစ်ခေါက်ဆိုရင်တော့ ကိုယ့်ဘာသာပဲ ရုပ်ရှင်သွားကြည့်ပါတော့မယ်လို့ ငြင်းခံရတဲ့သူတွေ ဖြစ်ပါတယ်။

အတိတ်ကိုတဲ့ တဝဲလည်လည်

ဒီလူတွေကတော့ ရည်းစားသာ ရှာတာ၊ အတိတ်ရဲ့ သံသရာထဲမှာ ပိတ်မိနေတဲ့သူတွေပေါ့။ ရည်းစားသစ်နဲ့ ချိန်းတွေ့နေတဲ့အချိန်မှာတောင် သူ့ရဲ့ Ex တွေ အကြောင်းကောင်းတာရော၊ မကောင်းတာရော သောင်းပြောင်းထွေလာ ဖောက်သည်ချတတ်သူတွေပါ။ အိမ်လာလည်ရင်တောင် Ex ဓာတ်ပုံ မဖြုတ်ရသေးတဲ့သူတွေ ဖြစ်ပြီး ဒီလူတွေကိုတော့ အစားထိုးခံနေရတာလား အတွေးနဲ့ စိတ်ပျက်လို့ တော်တန်ရုံက မချစ်ချင်ကြပါဘူး။

အရာရာကို မကျေနပ်နေတတ်တဲ့သူများ

ပူရင် ပူနေပြန်ပြီ၊ အေးရင် အေးနေပြန်ပြီ၊ နွားနို့က ရက်ကျော်နေပြန်ပြီ ဆိုသလို အရာရာကို ညီးညူစောဒကတက်နေတဲ့သူတွေဟာလည်း FA ဖြစ်ဖို့ အလားအလာများပါတယ်။ ဒီလိုလူတွေနဲ့ဆိုရင် အပျက်မြင်တာတွေ များပြီး ကြာကြာမနေနိုင်လို့ ထားသမျှ ရည်းစားတွေနဲ့လည်း မမြဲတာ များပါတယ်။

ကိုဖုန်းခင်၊ မဖုန်းခင်

ကိုယ်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေ ၊ ကိုယ့်ခံစားချက်တွေ ပြောနေချိန်မှာ သူကတော့ ဖုန်းပဲ တစ်ချိန်လုံး ကြည့်နေတယ်ဆိုရင်တော့ စိတ်ပျက်လာမှာ အမှန်ပဲနော်။ ထမင်းစားလည်း လက်က ဖုန်းမချ၊ ရုပ်ရှင်ကြည့်နေလည်း ဖုန်းကို မချနိုင်တဲ့ ဒီလို လူမျိုးတွေကို သည်းမခံနိုင်ကြတဲ့အတွက် ထားခဲ့ကြတာ များပါတယ်။

စရံတစ်ဝက်သတ်ထားတတ်သူ

ဒီလို လူမျိုးကတော့ ကောင်မလေးတစ်ယောက်နဲ့ စပြီး ချိန်းတွေ့တဲ့အခေါက်မှာတင် ကိုယ်တို့ လင်မယားဖြစ်ရင် ကလေးဘယ်နှစ်ယောက်ယူမယ်၊ အခုရရင် အခုလက်ထပ်ယူမှာစတာတွေနဲ့ တစ်ဖက်သား လန့်ဖျားအောင် လုပ်တတ်သူတွေပါ။ မိန်းကလေးတွေဆိုရင်လည်း ရည်းစားဖြစ်တာမှ ၃ ရက်မပြည့်သေးဘူး ၊ ကိုယ့်ရည်းစားကောင်လေးကို မိဘတွေနဲ့ တွေ့ဖို့ စီစဉ်ပေးတဲ့သူမျိုးတွေ ဖြစ်ပါတယ်၊ ဒါနဲ့ပဲ ကြောက်ပြီး ပြေးကြပါလေသတည်းပေါ့။

တက်ကြွလှုပ်ရှားသူ

ဒီလိုလူတွေကတော့ ဥပမာ သားသတ်လွတ်စားတတ်သူဆိုရင်လည်း ကိုယ်တစ်ခုခုစားလိုက်တာနဲ့ အသားစားတာ မကောင်းကြောင်း၊ ဘယ်အယူအဆကို ဆန့်ကျင်ကြောင်း၊ သတ္တဝါလေးတွေအပေါ် ညှာတာရမှာ ဖြစ်ကြောင်း သြဝါဒခြွေတတ်သူတွေ ဖြစ်ပါတယ်။ ဒီလို လူမျိုးတွေကို ကြိုက်နိုင်တဲ့သူတွေက သူတို့လို အကြိုက်တူ၊ လှုပ်ရှားမှုတူ ဖြစ်ရင် ဖြစ်၊ မဖြစ်ရင်တော့ အမြဲတမ်းနီးပါး သည်းမခံနိုင်ကြတာမို့ ချန်ထားခဲ့တာ များပါကြောင်း။

Yoe Lu (Akhayar)