ခါတိုင်း Date နေကျပုံစံကို တာ့တာပြလိုက်ရအောင်

ခါတိုင်း Date နေကျပုံစံကို တာ့တာပြလိုက်ရအောင်

ရုပ်ရှင်ကြည့်မယ်၊ အဆင်ပြေမယ့် တစ်နေရာမှာ တွေ့လိုက်မယ်၊ ဖေ့ဘွတ်မှာတွေ့တဲ့ ဆိုင်အသစ်မှာ တွေ့ဖို့ ချိန်းကြလိုက်တယ်တို့ဘာတို့က ထပ်ဖန်တလဲလဲဖြစ်လာရင် ကြာတော့ရိုးအီဖို့ ကောင်းပါတယ်။ တခါတလေလည်း မလုပ်ဖူးတာလေးတွေ အတူလုပ်ကြည့်ကြတာက အမှတ်တရ ပိုဖြစ်စေမယ်လို့ ထင်ပါတယ်။

ဝင်ကြေးမပေးရတဲ့ အနုပညာဖျော်ဖြေပွဲတွေ သွားမယ်

အနုပညာဖျော်ဖြေပွဲအများစုဟာ ဈေးကြီးကြီးပေးပြီး ကြည့်ရတဲ့ အထဲပါတာမို့ စုံတွဲအများစုက ဒီလိုနေရာမျိုးသွားဖို့အတွက် ထည့်စဉ်းစားလေ့မရှိဘူးလို့ ယူဆမိပါတယ်။ ငွေရေးကြေးရေးအတွက် စိတ်ပူဖို့ မလိုပါဘူး။ ဂျာမန်ယဉ်ကျေးမှုဌာနတို့၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့က ဒီလိုပွဲမျိုးတွေကို ဝင်ကြေးအခမဲ့အနေနဲ့ လုပ်ပေးတတ်ပါတယ်။ ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ စိတ်ဝင်စားတော့ဆိုရင်တော့ ခုပဲ ဘယ်နေ့ပွဲရှိလဲဆိုတာကြည့်ပြီး Date ဖို့အတွက် ပြင်ဆင်လိုက်တော့နော်။

ဘိုးလင်းပြိုင်ပစ်မယ်

ဘိုးလင်းပစ်ရတာ အတော်လေး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ တစ်ခုရှိတာက ဘိုးလင်းပစ်ပြီး နောက်နေ့ဆို လက်မောင်းနာမှာတော့ ရှိပါလိမ့်မယ်။ ဘောလုံးပစ်လိုက်တုန်းကတော့ စတိုင်မလိုင်အပြည့်နဲ့ပဲ ပြီးတော့မှ သွားရမယ့် လိုင်းအတိုင်းတည့်တည့်မသွားဘဲ မြောင်းထဲရောက်ရောက်သွားတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်ပါ။ ပျော်ဖို့ကောင်းပါတယ်။ ကိုယ်ဒီလိုဖြစ်ချိန်မှာ ကိုယ့်အချစ်ဆုံးက Strike တွေ၊ Spare တွေနဲ့ပဲ အသာစီးရနေမလား၊ မဟုတ်ဘဲ ကိုယ့်လိုပဲ ဘောလုံးက မြောင်းထဲ ကျနေတာနဲ့ပဲ နှစ်ယောက်သား အရှုံးပြိုင်နေကြမလားပဲနော်။

စွန်လွှတ်မယ်

လေလာရာကို ကျောပေးပြီး ကိုယ့်စွန်ကို အမြင့်ပေါ်တက်သွားအောင် လုပ်ရတာ လွယ်တော့မလွယ်ပါဘူး။ တစ်ယောက်က ရစ်ဘီးကိုင်၊ တစ်ယောက်က စွန်ကိုင်ပေးရင်း စွန်ကလေနဲ့အတူ အလိုက်သင့်ဖြစ်သွားချိန်မှာ စွန်လွှတ်ရတဲ့ အရသာကို စိတ်ထဲခံစားမိမှာပါ။ စွန်ကြိုးလျော့လျော့ပေးရင်း အမြင့်ကို တက်သထက် တက်သွားတဲ့ စွန်ကို တခါလောက်တော့ ကြည့်ဖူးစေချင်မိပါတယ်။

ပြတိုက် သွားလို့ရတာလည်း မမေ့ပါနဲ့

တကယ်တော့ ပြတိုက်တွေဟာ ကပ်ကျော်နေရာတစ်ခုလို ဖြစ်နေပါတယ်။ ပြတိုက်တွေဆိုတာ သိသင့်သိထိုက်တဲ့ အခြေခံအကြောင်းအရာတွေ စုစည်းထားတဲ့ နေရာတစ်ခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။ သမိုင်းကြောင်းတွေ လေ့လာရတာ ပျင်းစရာကောင်းတဲ့ထဲ ပါပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူနဲ့အတူ ပြတိုက်က အကြောင်းတွေကို လေ့လာရင်း ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ဖူးတာတွေနဲ့ ပြန်ပြောင်းပြောကြမယ်ဆို ဘယ်လောက်တောင် ပျော်ဖို့ကောင်းတဲ့ Date ဖြစ်လိုက်မလဲ စဉ်းစားသာကြည့်လိုက်တော့။

DIY Project တွေ လုပ်ပါ

နှစ်ယောက်သား ဝယ်စုထားကြတဲ့ စာအုပ်တွေမှာ ထုနှိပ်ဖို့အတွက် တံဆိပ်တုံးကို နှစ်ယောက်အတူ ခေါင်းချင်းဆိုင်တိုင်ပင်ထားတဲ့ ဒီဇိုင်းအတိုင်း DIY လုပ်ကြတာမျိုးပေါ့။ ဒီလိုလုပ်လိုက်လေ၊ မဟုတ်ဘူး ဒီလိုလုပ်ရမှာဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ဆရာလုပ်နေကြမှာ မြင်ယောင်သေးတယ်။

ကစားကွင်းသွားပြီး ကဲဖို့လည်း ရှိပါသေးတယ်

Date ဖို့အတွက်ဆို ကစားကွင်းတွေက မပါမဖြစ်ပေါ့။ နိုင်ငံခြားက လာဖွင့်ထားတဲ့ ကစားကွင်းတွေကတော့ ငွေကြေးကုန်ကျတာ များပါလိမ့်မယ်။ ပြည်တွင်းပိုင် ကစားကွင်းတွေမှာဆို နှစ်ယောက်ပေါင်း ၁သောင်းလောက်ဆို အပြီကဲလို့ရပါတယ်။ စိတ်တိုတယ်ဆို လက်သီးထိုးပေါ့၊ ချစ်သူ့ကို မကျေနပ်ဘူးဆို တိုက်ကားသာ တိုက်ပစ်ချေ။

ကြောက်ရွံ့ခြင်းတွေကို ရင်ဆိုင်နိုင်အောင် လုပ်ပေးပါ

သင့်ရဲ့ ချစ်သူဟာ သူများတကာတွေ အေးဆေးလေး လမ်းလျှောက်သွားလို့ လှုပ်တုပ်တုပ်ဖြစ်နေတဲ့ ကြိုးတံတားကိုကြည့်ပြီး ကြောက်နေတတ်တဲ့ လူစားမျိုးလား။ ဒီလိုမျိုးတွေကို မကြောက်တတ်ဖို့အတွက် သူ့ရဲ့လက်ကို ဆုပ်ကိုင်ပေးပြီး သင့်ကိုယုံကြည်ပြီး လိုက်ခဲ့ဖို့ပြောရင်း အကြောက်တရားကို ရင်ဆိုင်နိုင်အောင် လုပ်ပေးလို့ရပါတယ်နော်။

ကဲ အပေါ်မှာ ပြောပြထားမယ့်ဟာလေးတွေကို မလုပ်ဖူးသေးဘူးဆိုရင်တော့ နောက်တစ်ခါ ချိန်းတဲ့အခါကျရင် လုပ်ကြည့်ဖို့ စာရင်းထဲ ထည့်လိုက်တော့နော်။

Reference – stylecaster

Photo Credit –ticketmaster

NSC (Akhayar)