Cosmetics တွေမသုံးဘဲ ထာဝစဉ်နုပျိုဖို့ ဂျပန်အမျိုးသမီးတွေ ဘာလုပ်ကြသလဲ

Cosmetics တွေမသုံးဘဲ ထာဝစဉ်နုပျိုဖို့ ဂျပန်အမျိုးသမီးတွေ ဘာလုပ်ကြသလဲ

ဂျပန်အမျိုးသမီးတွေဟာ လှပဖို့ ကြိုးစားတဲ့အခါ အပြင်ပန်းလှပဖို့အတွက်ကိုပဲ အာရုံမစိုက် ကြဘဲ ခန္ဓာကိုယ်အတွင်းကနေပါ လှပဖို့အတွက် ကြိုးစားပြုပြင်နေထိုင်ကြပါတယ်။ သူတို့ဟာ ငယ်ရွယ်စဉ်တုန်းက ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်နေထိုင်တာ၊ Mask တွေကို ပုံမှန်လေးကပ်ပေးတာနဲ့ လုံလောက်အောင် အိပ်စက်ပေးတာ အစရှိတဲ့ အလေ့အကျင့်ကောင်းတွေကို ပုံမှန်လေး ပြုလုပ်ကြပါတယ်။ ဒါ့အပြင် Cosmetics တွေ သုံးရင် လှမယ်မှန်းသိပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်တာကိုလည်း သိတဲ့အတွက် ဂျပန်အမျိုးသမီးတွေဟာ Cosmetics တွေကို မသုံးသလောက်နေပြီး ဒီအမူအကျင့်တွေကိုသာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ထည့်သွင်းကျင့်သုံးကာ လှပအောင်နေကြပါတယ်။ ကိုယ်တွေလည်း သူတို့လို Cosmetics တွေ လျှော့သုံးနိုင်အောင်နဲ့ Cosmetics တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရအောင် သူတို့ဘာတွေ ကျင့်သုံးလဲဆိုတာကို လေ့လာအတုခိုးကြရအောင်။

(၁) ဆန်ဆေးရေနဲ့ မျက်နှာသစ်ခြင်း
ဆန်ဆေးလိုက်တဲ့ရေကို အသုံးဝင်မှန်း သိတဲ့လူတွေလည်းရှိသလို အသုံးမဝင်ဘူးထင်ပြီး စွန့်ပစ်နေကြတဲ့သူတွေလည်း အများကြီးပါနော်။ ဒါပေမယ့် ဂျပန်က အမျိုးသမီးတော်တော်များများက ဆန်ဆေးရေကို အသုံးမဝင်တဲ့အရာလို့ မသတ်မှတ်ဘဲ အကောင်းဆုံးရေတစ်မျိုးဆိုပြီးတော့တောင် လက်ခံထားကြပါတယ်။ ဆန်ဆေးရေမှာပါဝင်တဲ့ Vitamin B5 ဟာ အသားအရေကို အကျိုးကျေးဇူး အများကြီးဖြစ်စေပါတယ်။ ဒါကြောင့်မို့ ဂျပန်မလေးတွေက ချွေးပေါက်တွေ ကျဉ်းဖို့၊ အသားအရေတွေ ကြည်လင်သန့်စင်စေဖို့နဲ့ အသားအရေတွေ ဖြူဖွေးတောက်ပြောင်စေဖို့ ဆန်ဆေးရေနဲ့ နေ့စဉ်မျက်နှာသစ်ကြပါတယ်။ ကိုယ်တွေဆီမှာလည်းရတော့ စမ်းကြည့်သင့်တယ်နော်။

(၂) ဆန်ဖွဲနုနဲ့မျက်နှာပေါင်းတင်ခြင်း
ညဘက်မှာ မိတ်ကပ်ဖျက်ပြီးသွားရင် ဂျပန်အမျိူးသမီးတွေက ဆန်ဖွဲနုနဲ့ ပျားရည်ကို ရောနှောပြီး ပေါင်းတင်ဆေးပြုလုပ်ကာ ပေါင်းတင်ကြပါတယ်။ ဒီပေါင်းတင်ဆေးမှာ Antioxidant တွေနဲ့ အာဟာရဓာတ်တွေ အမြောက်အမြားပါဝင်တဲ့အတွက် ဆဲလ်သေတွေကို ဖယ်ရှားတဲ့အခါမှာ ထိရောက်ရောက်နဲ့ ဖယ်ရှားနိုင်ပါတယ်။

(၃) အသားအရေအာဟာရ ရစေဖို့ ပဲနီသုံးခြင်း
ဂျပန်အမျိုးသမီးတွေက ပဲနီကို ဝိတ်ကျဖို့အတွက် နေ့စဉ်စားသုံးတဲ့ အစားအစာမှာ ထည့်သွင်းစားသုံးကြသလို ကော်ဖီမှုန့်အကြမ်း၊ ဒိန်ချဉ်နဲ့ ရောနှောပြီး ပေါင်းတင်ကပ်ခွာကပ်သလို မျက်နှာမှာ ကပ်ကြပါတယ်။ အဲဒီလို လုပ်ခြင်းကြောင့် ဂျပန်အမျိုူးသမီးလေးတွေရဲ့ အသားအရေဟာ ဝက်ခြံသေးသေးလေးတောင်မရှိဘဲ ချောမွေ့စိုပြေလှပနေပါတယ်။

(၄) Diet 1-3 ကျင့်သုံးခြင်း
ဆီများတဲ့ အစားအစာတွေနဲ့ အားလူးကြော်လို အကြော်အလှော်တွေကို လုံးဝနီးပါးမစားဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ရေညှိတွေ၊ပဲတွေ၊ငါးတွေကိုသာ စားသုံးပြီး နေထိုင်ကြပါတယ်။ Diet 1-3 ဆိုတာက ဟင်းချိုတစ်ခွက်နဲ့ အရွက်သုံးပန်းကန်ကို စားသုံးကြတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ အသီးအရွက်တွေနဲ့ ရေညှိတွေက Cosmetics တွေလို ဈေးမကြီးလို့ Cosmetics တွေကိုပဲ ဖိသုံးမယ့်အစား အသီးအရွက်တွေ များများစားပေးခြင်းဖြင့် ကိုယ်အသားအရေကို တူတူဂရုစိုက်ကြည့်ကြရအောင်။

(၅) ဂျပန်ဆန်အရက်သောက်သုံးခြင်း
ဂျပန်လူမျိုးတွေဟာ အစားစားပြီးတဲ့အခါတိုင်း ဂျပန်ဆန်အရက်ကို တစ်ခွက်လောက် သောက်သုံးကြပါတယ်။ ဘာကြောင့်သောက်သုံးကြတာလဲဆိုတော့ ဂျပန်ဆန်အရက်မှာ ပါဝင်တဲ့ Amino Acid က အသားအရေအတွက် အရမ်းကောင်းလို့ ဘာ Cosmetics မှ လိမ်းစရာမလိုဘဲနဲ့ အသားအရေကို အာဟာရဓာတ်ပြည့်စေကာ ချောမွေ့ကြည်လင်စေပါတယ်။

(၆) ပင်လယ်စာတွေ အများအပြားစားခြင်း
ဂျပန်အမျိုးသမီးတွေက အသားတွေထက်စာရင် ပင်လယ်စာတွေကို များများစားကြပါတယ်။ အများအားဖြင့် ငါးတွေကို များများစားကြပါတယ်။ ငါးတွေမှာ Omega-3 နဲ့ ပရိုတိန်းတွေ ကြွယ်ကြွယ်ဝဝပါဝင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ငါးတွေမှာပါဝင်တဲ့ Omega-3 နဲ့ ပရိုတိန်းတွေက အသားအရေ ကျန်းမာလှပစေဖို့အတွက် အထောက်အကူအများကြီးရပြီး ဆံပင်တွေ၊ ဝိတ်တွေကို ထိန်းဖို့အတွက်လည်း အထောက်အကူတွေ ရစေပါတယ်။

(၇) ဆံသားကောင်းဖို့ လက်ဖက်ရည်အဆီတွေကို အသုံးပြုခြင်း
သူတို့ဟာ ခေါင်းလျှော်ရင် Hair Conditioner တွေကို မသုံးဘဲ လက်ဖက်ရွက်အဆီတွေကိုသာသုံးပြီး ဆံပင်ကို အားဖြည့်ပါတယ်။

(၈) လမ်းပုံမှန်လျှောက်ခြင်း (သို့) စက်ဘီးစီးခြင်း
လမ်းပုံမှန်လျှောက်ပေးတာနဲ့ စက်ဘီးစီးတာတွေက အလွန်အကျူးအားထုတ်စရာမလိုဘဲ အဆီတွေကို လျော့ကျစေတဲ့ အကောင်းဆုံး လေ့ကျင်ခန်းနှစ်မျိုး ဖြစ်ပါတယ်။

(၉) Sunscreen လိမ်းမယ့်အစား ဦးထုပ်တွေနဲ့ ထီးတွေကိုယူဆောင်ခြင်း
ဂျပန်အမျိုးသမီးတွေက Sunscreen လိမ်းခြင်းကို အထူးရှောင်ကြဉ်ကြပါတယ်။ သူတို့ဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့မိအောင် ဦးထုပ်ကြီးကြီးဆောင်းတာ ဒါမှမဟုတ် UV Protection တွေပါတဲ့ ထီးတွေကို ဆောင်းတာပဲ ပြုလုပ်ကြပါတယ်။

H.H(Akhayar)