ချစ်သူရည်းစားဘဝမြန်မြန်ပြတ်စဲသွားအောင် တွန်းအားပေးနေတဲ့ အမှားများ

ချစ်သူရည်းစားဘဝမြန်မြန်ပြတ်စဲသွားအောင် တွန်းအားပေးနေတဲ့ အမှားများ

တချို့သော လူတွေက လွဲရင် လူတော်တော်များများက ချစ်သူရည်းစားထားတယ်ဆိုတာဟာ ရေရှည်လက်တွဲဖို့၊ အဆင်ပြေသင့်တော်ရင် လက်ထပ်ယူဖို့အထိ စဉ်းစားပြီး ချစ်ကြတာ များပါတယ်။

ဒီလိုရည်ရွယ်ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ ပြတ်တောက်ဝေးကွာသွားရရင် ဒီလို ပြတ်စဲရခြင်းအတွက် တစ်ဖက်လူကိုပဲ အပြစ်တွေပုံချတတ်ကြပါတယ်။ တကယ်တော့ ချစ်သူရည်းစားတွေဆိုတာ လက်ခုပ်နှစ်ဖက်လိုပါပဲ။ လက်ခုပ်ကို ညီညီတီးမှ အသံသာသာထွက်သလို တစ်ခါတလေ တစ်ဖက်လူက မှားယွင်းနေတာ မဟုတ်ဘဲ ကိုယ့်ဘက်ကနေလည်း မသိလိုက်မသိဘာသာ လုပ်မိတဲ့ အမှားတွေလည်း ရှိနေတတ်ပါတယ်။

ဒီလို သတိမထားမိတတ်တဲ့ ချစ်သူတွေကြား လုပ်မိတဲ့ အမှားတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်။

ရည်းစားရသွားတာနဲ့ သူငယ်ချင်းတွေကို ပလစ်မိတာ

တချို့တွေ တွေ့ဖူးပါရဲ့နော်၊ ရည်းစားအသစ်လေးရသွားတာနဲ့ သူငယ်ချင်းတွေဆီ ပေါ်မလာ ဇာတ်လမ်းခင်းကြတဲ့သူမျိုးတွေလေ။ ဘယ်သွားသွား ဘယ်လာလာ ချစ်သူနဲ့ပဲ အချိန်ကုန်ချင်တယ်။ သူငယ်ချင်းတွေနဲ့ အချိန်ကုန်နေရင် ရည်းစားဒေါကန်မှာလည်း ကြောက်တော့လေ။ ဒီလို နေတာဟာ အစပိုင်းမှာတော့ ဟုတ်သလိုလို ရှိပေမယ့် ရည်းစားနဲ့ပဲ အချိန်ကုန်လာတဲ့အခါ ကြာလာတဲ့အခါ ရည်းစားရဲ့ စိတ်ဝင်စားမှုလျော့လာတတ်ပါတယ်။

ကောင်းမွန်တဲ့ ချစ်သူရည်းစားသဘာဝဆိုတာ တစ်ကိုယ်ရည်နေထိုင်တာတို့ ၊ ရည်းစားမဟုတ်တဲ့ တခြားသူတွေနဲ့ အချိန်ဖြုန်းတာမျိုးတို့နဲ့လည်း ဖွဲ့စည်းထားပါတယ်။ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို ၅၀-၃၀-၂၀ ဥပဒေနဲ့ ပိုင်းခြားထားပါ။ ကိုယ့်ရည်းစားကို အားလပ်ချိန်ရဲ့ ၅၀% ထက်ပိုမပေးမိစေဘဲ ကျန်တဲ့အချိန် ၃၀% ကိုတော့ မိသားစုနဲ့ သူငယ်ချင်းတွေကို ပေးပြီး ကျန်တဲ့ ၂၀% ကိုတော့ တစ်ယောက်တည်းပဲ အချိန်ကုန်ပါ။

ချစ်သူရဲ့ အကျင့်ဆိုးကို အမြဲသည်းခံနေတာ

ရည်းစားက ကိုယ့်ကို အကြောင်းမရှိအကြောင်းရှာ ဖြတ်လိုက်ဆက်လိုက်လုပ်နေတာ၊ ဆဲတာ၊ တခြားသူနဲ့ နှိုင်းပြီး အမြဲအပြစ်ပြောနေတာ၊ ချိန်းတိုင်းအမြဲနောက်ကျပြီးမှလာတာ၊ ချိန်းတွေ့ရင် ဖုန်းကိုပဲ အာရုံစိုက်နေတာစတာတွေကို အမြဲသည်းခံနေမယ်ဆိုရင် ကိုယ့်ကို သူက မလေးစားတော့တဲ့အတွက် ဒီအချစ်ရေးက ကြာရှည်တည်မြဲဖို့ မလွယ်ပါဘူး။

ဒီအတွက် နောက်ကျ၊ကျပြန်ပြီ လိုက်ပြောနေတာမျိုးတော့ မဟုတ်ပေမယ့် ဘယ်အပြုအမူတွေကိုတော့ သည်းမခံနိုင်ဘူး၊ အမြဲနောက်ကျနေတာတော့ အဆင်မပြေဘူးဆိုပြီး ကိုယ်သတိထားမိကြောင်း၊ ပြင်သင့်ကြောင်း ပြောရမှာ ဖြစ်ပါတယ်။ ဒီလို ပြောလို့မှ မပြင်ဘူးဆိုရင်တော့ ကိုယ့်ကို အလေးမထားတဲ့ ဒီလူဆီကနေ ထွက်လာဖို့ ကြိုးစားလိုက်ပါတော့။

အတိတ်ကလူနဲ့ပဲ နှိုင်းယှဉ်နေတာ

လက်ရှိရည်းစားကို ချစ်တော့ ချစ်ပါရဲ့၊ ဒါပေမယ့် ကိုယ့်ရဲ့ ခေါက်ရိုးကျိုး အကျင့်စရိုက်တွေကြောင့် ကိစ္စတော်တော်များများကို အရင်လူနဲ့ လိုက်နှိုင်းယှဉ်နေမယ်ဆိုရင် ကြာလာရင် အဆင်မပြေတော့မှာ သေချာပါတယ်။ အတိတ်က ချစ်ခဲ့တဲ့အရာတွေကို မေ့ဖျောက်တာမျိုး မလုပ်ချင်ရင်တောင် လက်ရှိ ချစ်သူကိုတော့ တန်ဖိုးထားရမယ်ဆိုတာ သိရပါမယ်။

တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းမပြောပြတာ

တချို့သူတွေက တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာ ချစ်ကြပါတယ်၊ ဒါပေမယ့် သူတို့က တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းပြောဖို့ စိတ်မကူးဘဲ တစ်ယောက်စိတ်ကို တစ်ယောက်က သိနေရမယ်ဆိုပြီး စိတ်ကူးတာကြောင့် နားလည်မှုလွဲတာတွေ ဖြစ်တတ်ကြပါတယ်။ တချို့တွေဆို တွဲတာကြာလာရင် စကားပြောတာတွေ ပိုနည်းလာလို့ ပြဿနာတစ်ခုခုဖြစ်ရင်အဖုအထစ်တွေ ပိုများလာတတ်ပါတယ်။

ဒါကြောင့် တွဲတာ ဘယ်လောက်ပဲ ကြာကြာ ပြောစရာရှိတာ ပြောပါ။ နတ်ဘုရားလည်း မဟုတ်တဲ့အတွက် တစ်ယောက်စိတ်ကို တစ်ယောက် မပြောဘဲနဲ့ အလုံးစုံသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြပါ။

တခြားလူတစ်ယောက်လို ဟန်ဆောင်နေတာ

ရည်းစားရှေ့ရောက်ရင် ရည်မွန်ယဉ်ကျေးချင်ယောင် အတင်းဆောင်တာ၊ လိုက်နေတဲ့အချိန်မှာလည်း ပိုက်ဆံတွေ သုံးဖြုန်းပြတာမျိုး၊ ပိုးကြေးပန်းကြေး တွေ ပေးတာမျိုးနဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်လို အထင်ကြီးဖို့ ဟန်ဆောင်တတ်ကြပါတယ်။ ဒီလို မရှိတာကို အရှိဟန်ဆောင်တာ၊ လှည့်စားတာဟာ ရေရှည်မှာ အဆင်မပြေတဲ့အတွက် ဖြစ်နိ်ုင်ရင် အထင်ကြီးမှုရဖို့အတွက်တော့ ဟန်ဆောင်မနေဘဲ အရှိကို အရှိအတိုင်း ဆက်ဆံနေထိုင်သင့်ပါတယ်။

ကိုယ့်ချစ်သူကို အရမ်းထိန်းချုပ်တာ

ကိုယ့်ချစ်သူကို သံသယတွေ အကြီးအကျယ်ပွား၊ သဝန်တွေတို၊ ဘယ်သွားသွားဘာလုပ်လုပ်ထိန်းချုပ်နေမယ်ဆိုရင် ရေရှည်တွဲဖို့က ဘယ်လိုမှ အဆင်မပြေဘဲ တစ်ဘက်က စိတ်ပျက်လာပါလိမ့်မယ်။ ကိုယ်ကတော့ ချစ်လို့ လုပ်တာပေမယ့် ကြာလာရင် ကိုယ့်ဆီကတောင် ထွက်ပြေးသွားဖို့ များပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ သိပ်ချစ်ပေမယ့် မနက် ၂ နာရီကြီး Msg ထပို့တာတို့၊ ကိုယ် ဖုန်းတစ်ခါခေါ်လို့ မကိုင်တာနဲ့ ဘဝပျက်သလို ဖြစ်ပြတာတို့ မလုပ်ပါနဲ့။ ကိုယ်ဟာ သူ့ရဲ့ မိဘမဟုတ်သလို သူဟာလည်း အရွယ်ရောက်နေပြီ ဖြစ်တဲ့အတွက် တော်ရုံသင့်ရုံ စိတ်ပူဂရုစိုက်ရင် ရနေပါပြီ။

သူနဲ့ကိုယ် အစစအရာရာ ဘာမှကို မတူညီတာ

မတူလည်း တွဲလို့ရနေတယ်ဆိုပေမယ့် ကိုယ့်ချစ်သူနဲ့ ကိုယ်ကြားမှာ တန်ဖိုးထားတဲ့ စံတွေ၊ အခြေခံစိတ်သဘောထားတွေ တူရင်တော့ ပိုပြီး ကောင်းတဲ့ ချစ်သူဘဝကို ရရှိနိုင်ပါတ်။ လူတွေဟာ ဟန်းနီးမွန်းကာလမှာ အရာရာကို အပြစ်မမြင်ဘဲ ဟန်းနီးမွန်းကာလပြီးဆုံးတော့မှ အသေးအဖွဲလေးကအစ အပြစ်မြင်လာတတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် သာမန်သီချင်းကြိုက်တာလေးတူရုံနဲ့ လူတစ်ယောက်ကို မရွေးချယ်လိုက်ပါနဲ့။ ဘဝကို ဘယ်လို သဘောထားလဲ၊ မိသားစုကို ဘယ်လို သဘောထားလဲဆိုတဲ့ အမြင်တွေမှာ အနီးစပ်ဆုံးတူညီတဲ့သူကို ရွေးပါ။ မဟုတ်ရင်တော့ Relationship တစ်ခု အဆုံးသတ်ဖို့ ဆိုတာ သိပ်လွယ်ပါတယ်။

အရမ်းကပ်လွန်းတာ

တချို့အတွဲတွေမှာ ရှိပါတယ်။ ကောင်လေးကဖြစ်စေ၊ ကောင်မလေးက ဖြစ်စေ ချစ်သူကို အရမ်းကပ်လွန်းတာပါ။ အချိန်တွေ အားလုံးကို ကိုယ်နဲ့ပဲ ဖြုန်းရမယ်။ ကိုယ်မလိုက်နိုင်ရင် သူ့ပါ မလွှတ်ချင်တော့ဘူးဆိုတာမျိုးလေ။ ဒီလို သူ့အတွက် ကိုယ်ပိုင်အချိန်မပေးတာမျိုးဟာ ကြာလာရင် မကောင်းဘဲ တစ်ဖက်က လူက ဖောက်ပြန်တာမျိုးအထိ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ ရေရှည်ရွှေလက်တွဲလို့ မြဲချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး သူ့ကိုလည်း လွတ်လွတ်လပ်လပ်လျှောက်လှမ်းခွင့်ပေးဖို့ လိုပါတယ်။

ခြေလှမ်းကျဲလွန်းတာ

လူတစ်ယောက်ကို စတွေ့ရင်ခုန်တယ်ဆိုတာနဲ့ ရည်းစားဖြစ်ကြည့်ဖို့ စိတ်ကူးလို့ ရတယ်ဆိုပေမယ့် လက်ထပ်ဖို့အထိတွေးပြီး အဆင့်တွေ မကျော်သင့်ပါဘူး။ အခုမှ First Date ပဲ ရှိသေးတယ်၊ လက်ထပ်လက်စွပ်ပေးနေပြီ၊ အိမ်နဲ့ ပေးတွေ့နေပြီဆိုရင် တစ်ဘက်က လူမှာလည်း မလိုအပ်တဲ့ ဖိအားတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် Relationship တစ်ခုမှာ လိုအပ်တဲ့ အဆင့်တွေကို မကျော်ပစ်ပါနဲ့။ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ပါ၊ Date ကြည့်ပါ၊ ပထမဆုံး အနမ်းကို ခံစားပါ၊ ရန်လေးဘာလေး ဖြစ်ကြည့်ပါ၊ ခရီးတွေ ရည်းစားဘဝနဲ့ ထွက်ကြည့်ပါဦး။ ဒီလိုတွေ ပြီးမှ လက်ထပ်ဖို့အဆင့်ကို လှမ်းဖို့ စိတ်ကူးကြည့်ပါ။

ဒါကြောင့် ချစ်သူတွေ ပြတ်စဲတိုင်း သူတစ်ပါးကို အပြစ်တင်ဖို့ စိတ်မကူးဘဲ ကိုယ့်ဘက်ကလည်း ဒီလို အမှားတွေ မလုပ်မိစေဖို့ ပြင်ဆင်ထားသင့်ပါတယ်။

Yoe Lu (Akhayar)