သီရိလင်္ကာဗုံးဖောက်ခွဲမှုဟာ သူတို့ လက်ချက်လို့ ပြောလိုက်တဲ့ ISIS

သီရိလင်္ကာဗုံးဖောက်ခွဲမှုဟာ သူတို့ လက်ချက်လို့ ပြောလိုက်တဲ့ ISIS

ပြီးခဲ့တဲ့ Easter Sunday မှာ သီရိလင်္ကာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း ၃၅၀ ဦးလောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒီဗုံးဖောက်ခွဲမှုတွေအတွက် အစပထမှာ ဘယ်အဖွဲ့ကမှ သူတို့ လုပ်တယ်လို့ မပြောဆိုခဲ့ကြပေမယ့် ISIS အဖွဲ့ကတော့ အဂါၤနေ့က ဒီဖြစ်ရပ်ကို သူတို့ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ကြေညာချက်တစ်စောင်ထုတ် ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာဗုံးပေါက်ကွဲမှုတွေမှာ အစတည်းက ဒီလို တိုက်ခိုက်လာနိုင်တယ်လို့ သတိပေးချက်တွေ ရထားခဲ့ပေမယ့် အရေးမယူခဲ့လို့ အခုလို လူအသေအပျောက်များတဲ့ ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။လူပေါင်း ၃၅၀ ဦးလောက် သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူ ထက်ဝက်လောက်ကို ဈာပနအခမ်းနားနဲ့ မြှုုပ်နှံခဲ့ပြီးလည်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ့်ကိုယ် အသေခံဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့ ဒီဖြစ်ရပ်ကို ISIS က သူတို့ လုပ်ခဲ့တယ်ဆိုတာ Video တစ်ခု တင်ပြီးလည်း ကြေညာခဲ့ပါသေးတယ်။Video ထဲမှာ အဓိကသံသယရှိသူ သီရိလင်္ကာက အစွန်းရောက် တရားဟောဆရာတစ်ယောက်ဖြစ်တဲ့ Mohammed Zaharan ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီလို Video တွေ ထွက်ခဲ့တဲ့အတွက် တစ်ဖက်မှာလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ ဒီဖြစ်ရပ်ကို ကြံစည်တိုက်ခိုက်သူတွေနဲ့ အဝေးကနေ ညွှန်ကြားတဲ့ ISIS ကြား ကွင်းဆက်တွေကို ရှာဖို့ သဲလွန်စရသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီးတော့ အနောက်နိုင်ငံတွေက လုံခြုံရေးအရာရှိတွေနဲ့ အာဏာပိုင်တွေကလည်း နောက်ထပ်ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေကိုပါ ဆက်လက်စုံစမ်းနေကြပါတယ်။ F.B.I ၊ Interpol နဲ့ တခြား စုံစမ်းရေးအဖွဲ့အစည်းတွေကပါ ဒီဖြစ်ရပ်အတွက် စုံစမ်းမှုတွေမှာ ပါဝင်လာကြပြီ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ်မှာ မရှင်းတာက Mr. Zaharan ဟာ အရင်က ဗုဒ္ဓရုပ်ပွားတော်တွေ၊ ဆင်းတုတော် တွေကို ဖျက်ဆီးဖြိုချတဲ့ လုပ်ရပ်တွေနဲ့ပဲ သံသယရှိပေမယ့် အခုလို ခရစ်ယာန်ဘာသာဝင်တွေနဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်မှာ ဘယ်လို ပါဝင်လာသလဲဆိုတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် အိန္ဒိယအာဏာပိုင်တွေကတော့ Mr Zaharan ကို အရင်နှစ်တည်းက ISIS အတွက် အွန်လိုင်းကနေ လူသစ်စုပေးတဲ့သူအနေနဲ့ သူတို့ စောင့်ကြည့်နေကြတာ ကြာပြီလို့ ဆိုပါတယ်။

သီရိလင်္ကာဟာ ပြည်တွင်းစစ်ပွဲဒဏ်ကနေ ကင်းလွတ်ခဲ့တာ ဆယ်စုနှစ်တစ်စုပဲ ရှိသေးပြီး အခုလို နိုင်ငံတွင်း လူပေါင်း ၃၅၀ ဦးလောက် သေဆုံးရတဲ့ ဖြစ်ရပ်ဟာ တကယ့်ကို မယုံကြည်နိုင်ဖွယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲ ဒီလို တိုက်ခိုက်မှုဖြစ်လာနိုင်တယ်လို့ သတင်းရရှိတာတောင်မှ အရေးယူမှုမလုပ်ခဲ့တဲ့အတွက် သီရိလင်္ကာသားတွေမှာ ကြေကွဲမှုအပြင် ဒေါသတွေပါ ထွက်နေကြပါတယ်။

လောလောဆယ်တော့ ISIS အဖွဲ့ရဲ့ ကြေညာမှုဟာ ဟုတ်မဟုတ်နဲ့ နောက်ထပ်ဆက်နွယ်တဲ့ တရားခံတွေ ပါမပါ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တဲ့အတွက် ဖြစ်စဉ်ကြီးတစ်ခုလုံး ရုပ်လုံးပေါ်လာဖို့တော့ အချိန်စောင့်ရဦးမှာ ဖြစ်ပါတယ်ခင်ဗျား။

Yoe Lu(Akhayar)