ကွန်မြူနစ်ဝါဒရဲ့သဘောသဘာဝ၊ အယူအဆတွေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို လေ့လာကြည့်ရအောင်

ကွန်မြူနစ်ဝါဒရဲ့သဘောသဘာဝ၊ အယူအဆတွေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို လေ့လာကြည့်ရအောင်

နှစ်ပေါင်းအကြာကြီးဖြစ်ခဲ့တဲ့ စစ်ပွဲတွေနဲ့ ကမ္ဘာ့သမိုင်းကြောင်းတွေကို ဆည်းပူးလေ့လာတာဟာ စာရေးသူငယ်စဉ်ကတည်းက အပတ်တကုတ်အားထုတ်ဖြစ်တဲ့ ဝါသနာတွေထဲက တစ်ခုပါ။ ငယ်ရွယ်တဲ့ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အမြဲတမ်း မျက်စိဖွင့် နားစွင့်နေတတ်တာကြောင့် ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားရာနယ်ပယ်တွေသာမက အမျိုးစုံတဲ့ ကဏ္ဍနယ်ပယ်အသီးသီးကို စူးစမ်းလေ့လာဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝန်းလုံးကို မီးဟုန်းဟုန်းတောက်စေခဲ့တဲ့ ကမ္ဘာ့စစ်ပွဲတွေအကြောင်းကို ဖတ်ရှုလေ့လာရတာ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းပေမယ့် သမိုင်းကြောင်းနဲ့ နိုင်ငံရေးဟာ ခွဲခြားထားလို့မရအောင် ဒွန်တွဲနေတတ်တာမို့ သမိုင်းတစ်ခုလုံးကိုကြေညက်လိုတယ်ဆိုရင်တော့ နိုင်ငံရေးသဘောသဘာဝတွေကိုပါ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ်စီကိုယ်စီကျင့်သုံးကြတဲ့ နိုင်ငံရေးစနစ်တွေရှိကြသလို အခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ လက်ရှိအင်အားကြီးနိုင်ငံတချို့ အဓိကထားကျင့်သုံးနေကြတဲ့ ကွန်မြူနစ်စနစ်နဲ့ ကွန်မြူနစ်အခြေခံအုတ်မြစ်တွေကို အားလုံးလေ့လာနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

ကွန်မြူနစ် စနစ်ဆိုတာ ဘာလဲ? ဘယ်လိုမျိုးစနစ်ကိုဆိုလိုသလဲ?
အတိအလင်းဖော်ပြထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောပြရမယ်ဆိုရင်တော့ ကွန်မြူနစ်စနစ်ဆိုတာဟာ လှုမှုစီးပွားရေး ဖွဲ့စည်းပုံစနစ်တစ်ရပ်၊ နိုင်ငံရေးသဘောတရားတစ်မျိုး ဖြစ်ပါတယ်။ ကွန်မြူနစ်စနစ်ဟာ လက်တင်ဘာသာကနေ ဆင်းသက်လာပြီး ကွန်မြူနစ်ဝါဒဆိုတာဟာ လူသုံးပစ္စည်းထုတ်လုပ်တဲ့ ဌာနတွေဖြစ်ကြတဲ့ အလုပ်ရုံ၊ စက်ရုံနဲ့ တန်ဆာပလာစတဲ့ ကုန်ထုတ်ကိရိယာတွေနဲ့ မြေယာတွေကို ပြည်သူလုထုကသာ ပိုင်ဆိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးအတွက် လူတိုင်းလူတိုင်းက လုပ်အားဖြည့်တင်းရမယ်လို့ အနက်အဓိပ္ပါယ်ရပါတယ်။ မြန်မာစကားလုံးနဲ့ပြောရင် ဘုံဝါဒလို့ တချို့က ဆိုပေမယ့် ဘုံဝါဒဆိုတဲ့ ဝေါဟာရဟာ တိကျတဲ့ အနက်အဓိပ္ပါယ်ကို ဖော်ဆိုတယ်လို့ မဆိုနိုင်ပါဘူး။ ကွန်မြူနစ်စနစ်ကို ကိုယ်စားပြုတဲ့ အလံသင်္ကေတမှာ တူနဲ့ကောက်ရိတ်တံဟာ စက်ရုံလုပ်သားများနဲ့ လယ်ယာလုပ်သားတို့ရဲ့ပေါင်းစည်းမှုကို ဖော်ပြပြီး အနီရောင်အောက်ခံဟာ ရှောင်လွှဲမရတဲ့ တော်လှန်ရေးကို ဆိုလိုတာဖြစ်ပါတယ်။ အားလုံး နားလည်သဘောပေါက်လွယ်အောင် ပြောပြရမယ်ဆိုရင်တော့ ကွန်မြူနစ်စနစ်မှာ စက်ရုံအလုပ်ရုံတွေ၊ ကုန်ထုတ်ကိရိယာတွေနဲ့ လုပ်ငန်းစုတွေကို လက်ဝါးကြီးအုပ်စိုးမိုးထားတဲ့ အရင်းရှင်လူတန်းစားဆိုတာ မရှိတော့ဘဲ အလုပ်သမားတိုင်း၊ လုပ်သားတိုင်းဟာ ကိုယ်စွမ်းရှိသမျှ အလုပ်လုပ်ကိုင်ကြပြီး မိမိတို့ နေ့စဉ်နေထိုင်မှုဘဝရဲ့ လိုအပ်ချက်မှန်သမျှကို ကိုယ့်ခွန်အားစိုက်ထုတ်မှုနဲ့ လျော်ညီတဲ့ပမာဏ အကျိုးခံစားခွင့်ရှိခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။

လူသားတွေအတွက် ကွန်မြူစနစ်ဟာ ဘယ်ရာစုနှစ်မှာ စတင်ဖြစ်ပေါ်လာခဲ့သလဲ?
ကွန်မြူနစ်စနစ်လို့ ခေါင်းစဉ်မတပ်ခဲ့ကြပေမယ့်လည်း လူသားတွေဟာ ဟိုးယခင်ရာစုနှစ်တွေကတည်းက ကွန်မြူနစ်စနစ်နဲ့ သဘောတရားတူညီတဲ့ နေထိုင်မှုစနစ်တွေကို ကျင့်သုံးပြီး နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ သမာသမဂ္ဂဝါဒ’ကျမ်းပြုသူ အရှင်ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင်ကလည်း သမာသမဂ္ဂဝါဒဆိုပြီး သာသာပြန်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ မြေယာနဲ့ အရင်းအနှီးပစ္စည်းဥစ္စာတွေကို ဘုံပစ္စည်းအဖြစ်ထားပြီး စုပေါင်းလုပ်ကိုင်ကြရင်း အဲဒီကနေဖြစ်ထွန်းလာတဲ့ အကျိုးကျေးဇူးတွေကို မျှမျှတတ ဝေငှစားသုံးတဲ့ နေထိုင်မှုစနစ်ဟာ ဟိုးကမ္ဘာဦးလူတို့ရဲ့ လူ့သမဂ္ဂလို့ခေါ်တဲ့ အစုအဖွဲ့နဲ့ နေတတ်လာတဲ့အချိန်ကတည်းက ပေါ်ပေါက်လာဟန်ရှိတယ်လို့ ရေးသားထားပါတယ်။ အဲဒီလို ဘုံဝါဒမျိုးဟာ လူ့သမိုင်းမှာ ရံဖန်ရံခါပေါ်လာတတ်ပြီး လိုက်နာကျင့်သုံးတဲ့ လူအစုအဖွဲ့များလည်း ရှိခဲ့ပါတယ်။ ရှေးဦးခရစ်ယာန်အယူဝါဒီတို့ ကျင့်သုံးခဲ့ကြတဲ့ ဘုံဝါဒမျိုး၊ ဥရောပ အလယ်ခေတ်တုန်းက ထွန်းကားခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးကျောင်းတွေမှာလည်း ဘုံဝါဒစနစ်အတိုင်း နေထိုင်မှုတွေ၊ ဗုဒ္ဓဘာသာအယူဝါဒအရလည်း သံဃာအဖွဲ့အစည်းမှာ သံဃိက ဆိုတဲ့ သဘောရှိပုံနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်လို့ ဆိုတဲ့အပြင် အင်္ဂလန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာလည်း ဘုံဝါဒကို ကျင့်သုံးလိုက်နာကြတဲ့ ကွန်မြူနတီ လူ့ရပ်ဝန်းအသိုင်းအဝိုင်းတွေ အသီးသီးပေါ်ထွန်းခဲ့ကြပါတယ်။

ကွန်မြူနစ်စနစ်ဟာ အချက်အခြာကျတဲ့ လူမှုစီးပွားသဘောတရားနဲ့ ဝါဒတစ်ရပ်အဖြစ် ဆင့်ကဲကူးပြောင်းပြန့်နှံ့လာခဲ့ပုံ
မျက်မှောက်ခေတ်လူအများစုနားလည်ကြတဲ့ ကွန်မြူနစ်စနစ်အကြောင်းကို ပြောမယ်ဆိုရင်တော့ ကွန်မြူနစ်ဖခင်ကြီးတွေဖြစ်တဲ့ ‘ကားလ်မာ့က်စ်’ နဲ့ ‘အိန်ဂယ်’ တို့ကို ပစ်ပယ်ထားလို့မရပါဘူး။

တကယ်တမ်းမှာ သူတို့ကြောင့်ပဲ လက်ရှိ ၂၁ ရာစုမှာ နိုင်ငံအများအပြားကျင့်သုံးနေကြတဲ့ ကွန်မြူစနစ်ဟာ ထွက်ပေါ်လာခဲ့တာပါ။ ၁၈၄၈ ခုနှစ်မှာ ‘ကားလ်မာ့က်စ်’ နဲ့ ‘အိန်ဂယ်’ တို့ ရေးသားထုတ်ဝေခဲ့တဲ့ ကွန်မြူနစ်ကြေညာစာတမ်း (The Communist Manifesto) မှာ ကွန်မြူနစ်ဝါဒရဲ့ အခြေခံသဘောတရားတွေနဲ့ လုပ်ငန်းစဉ်တို့ကို ရေးသားပြုစုထားတာ တွေ့မြင်နိုင်ပါတယ်။

ကွန်မြူနစ်စနစ်ဟာ အဲဒီရာစုနှစ်လောက်မှာ စတင်ပြီး အရှိန်အဟုန်ကောင်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာနဲ့ ဝင့်ဝင့်ကြွားကြွား မွေးဖွားလို့ လာခဲ့တာဖြစ်ပါတယ်။ ကားလ်မာ့က်စ်ရဲ့ အဆိုအရ “လူ့သမိုင်းဆိုတာဟာ စိုးပိုင်သော တန်ခိုးအာဏာရှိသူနဲ့ တန်ခိုးအာဏာမဲ့သူတို့ မရပ်မနား ပဋိပက္ခဖြစ်နေကြတဲ့ လူတန်းစားတိုက်ပွဲများ ဖြစ်တယ်။ လူတန်းစားနှစ်မျိုးရှိတဲ့အနက် ပထမတစ်မျိုးဟာ ကိုယ်ကျိုးစွန့်ရသူ အလုပ်သမားတွေဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ စိုးမိုးခြယ်လှယ်သူအလုပ်ရှင်တွေပဲ ဖြစ်တယ်။ အထက်ပါလူတန်းစား ၂ မျိုးရှိနေသမျှကာလပတ်လုံး သွေးမြေကျမယ့် လူတန်းစားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေမှာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးရရှိဖို့ဟာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ကမ္ဘာ့ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် လူတန်းစားကွဲပြားခြားနားခြင်းမရှိတဲ့ ကွန်မြူနစ်စနစ်ကို ထူထောင်ရမယ်” လို့ ဉာဏ်အလင်းဖွင့်ပေးထားပါတယ်။

လူတန်းစားခြားနားကွာဟမှုမရှိ၊ လုပ်သားတိုင်းလက်ထဲတွင် အာဏာရှိသည်ဟူသော ကွန်မြူနစ်စနစ်
အလွန်နှစ်သက်မိတဲ့ ကွန်မြူစနစ်ရဲ့ သဘောသဘာဝတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်မှာ ရာခိုင်နှုန်းအများဆုံး လူတန်းစားဟာ အလုပ်သမားလူတန်းစားများသာ ဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လူတန်းစားနှစ်မျိုးရှိတဲ့အနက် ပထမလူတန်းစား (လုပ်သား) ဟာ အလုပ်ကိုအမှန်တကယ်လုပ်ပေးရသူတွေဖြစ်ပြီး ဒုတိယလူတန်းစား (အလုပ်ရှင်) များဟာ လုပ်သားတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ပြီး သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချသူများ ဖြစ်ပါတယ်။ သဘောပေါက်လွယ်အောင်ပြောရရင် ကုန်ထုတ်ကိရိယာတွေကို ပိုင်ဆိုင်သူလူတန်းစားဟာ စိုးမိုးခြယ်လှယ်သူဖြစ်ပြီး ပိုင်ဆိုင်မှုကင်းမဲ့တဲ့ အလုပ်သမားတို့ဟာ မိမိတို့လုပ်အားနဲ့ ထပ်တူကျတဲ့ အကျိုးကိုထိုက်ထိုက်တန်တန် ခံစားခွင့်မရှိသူများ ဖြစ်ပါတယ်။ လူတန်းစားကွာဟမှုမရှိတဲ့ ကွန်မြူနစ်စနစ်ကို စတင်အကောင်အထည်ဖော်ဖို့အတွက် အရင်းရှင်နိုင်ငံတွေ ပိုင်ဆိုင်ထားတဲ့စက်ရုံ၊ အလုပ်ရုံ၊ မြေယာ အစရှိတာတွေကို အလုပ်သမားထုက သိမ်းယူပြီး ပစ္စည်းမဲ့အာဏာရှင်ကို ထူထောင်ဖို့လိုအပ်ပါတယ်။ သို့ပေမယ့် လုပ်ငန်းရှင်၊ အရင်းရှင်တို့ရဲ့ပိုင်ဆိုင်မှုအရင်းအနှီးအဝဝကို သိမ်းပိုက်ဖို့ဆိုတာဟာလည်း အေးအေးငြိမ်းငြိမ်း အထမြောက်နိုင်မယ့်ကိစ္စမဟုတ်တာကြောင့် လုပ်သားထုကြီးရဲ့ စည်းလုံးညီညွတ်တဲ့ တော်လှန်မှုကြီးနဲ့သာ ဖြစ်မြောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် ကွန်မြူနစ်စနစ် တည်ထောင်ရေးမှာ တော်လှန်ရေးဆိုတဲ့ အခန်းကဏ္ဍဟာ မလွှဲမရှောင်သာတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရဲ့လုပ်သားပြည်သူတိုင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။

ကွန်မြူနစ်စနစ်ရဲ့ အဆုံးသတ်ပန်းတိုင်၊ ကွန်မြူနစ်ဝါဒရဲ့ အဓိကရည်မှန်းချက်
ကွန်မြူနစ်ဝါဒကို လက်ကိုင်ထားသူတိုင်း မသိမဖြစ် ဖြတ်ကျော်ရမယ့် အဆင့် ၂ ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ စက်ရုံလုပ်ငန်းနဲ့ မြေယာတွေကို ပစ္စည်းမဲ့လုပ်သား (အလုပ်သမားနဲ့ လယ်သမား) များက သိမ်းယူပြီးတဲ့နောက် လူသားများရဲ့နေ့စဉ်လိုအပ်ချက်အတွက် ပိုင်ဆိုင်သင့်တဲ့ အရာများကို နိုင်ငံတော်အစိုးရကနေပြီး ကုန်ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနဲ့ စီမံခန့်ခွဲရေး ကဏ္ဍကတဆင့် တာဝန်ယူဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဒီအဆင့်မှာ လူတိုင်းလူတိုင်းဟာ စွမ်းအားရှိသမျှ အလုပ်လုပ်ကြရပြီး မိမိတို့လိုအပ်သမျှ ကုန်ပစ္စည်းတွေကို ကိုယ့်ရဲ့ခွန်အားစိုက်ထုတ်မှုနဲ့အညီ အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ အရင်းရှင်စနစ်ဆိုတဲ့ လူလူချင်းခြယ်လှယ်တဲ့စနစ်ဆိုးကြီးလည်း မရှိတော့တဲ့အတွက် လူတန်းစားဟာလည်း တစ်မျိုးတည်းဖြစ်သွားပြီး လုပ်သားတို့ရဲ့ လူ့အဖွဲ့အစည်းအတွက် လူသားတိုင်းရှေးရှုပြီး နားလည်မှုနဲ့ အလုပ်လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ စက်မှုလက်မှုပညာရပ်တွေ ပိုမိုတိုးတတ်လာချိန်ဖြစ်ပြီး ကုန်ထုတ်ကိရိယာစွမ်းအားတွေလည်း ပိုမိုကောင်းမွန်လာတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာတော့ နိုင်ငံရှိလုပ်သားတိုင်းဟာ မိမိစွမ်းပကားရှိသမျှ အလုပ်လုပ်ကိုင်ပြီး ငွေကြေးသုံးစွဲမှုမလိုအပ်ဘဲ ကိုယ်အသုံးလိုသမျှကို ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဟာလည်း ကွန်မြူနစ်စနစ်အရ အခမဲ့တန်းတူပညာသင်ကြားခွင့်၊ အခမဲ့ဆေးဝါးကုသခွင့်၊ ဖျားနာချိန်မှာ ထောက်ပံ့မှုရရှိခွင့်နဲ့ အိုမင်းမစွမ်းသာတဲ့အခါ အကျိုးခံစားခွင့် အစရှိတဲ့ အခွင့်အရေးတို့ကို လူတန်းစားမခွဲခြားဘဲ ရရှိမှာဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒရဲ့ အဓိကရည်မှန်းချက်ကတော့ အလုပ်သမားလူတန်းစားတို့ရဲ့ အသိဉာဏ်ပွင့်လင်းရေးနဲ့ ဘဝရဲ့အသိမှန်ကို ရရှိရေးတို့ပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ကွန်မြူစနစ်ကို ကျင့်သုံးပြီး တည်ဆောက်ထားတဲ့နိုင်ငံမှာ လူတန်းစားကွဲပြားမှုမရှိ၊ လူလူချင်းဖိနှိပ်ချူပ်ခြယ်မှုမရှိ၊ ငွေကြေးသုံးစွဲမှုမရှိ၊ ကုန်ကျစရိတ်ကြီးမားမှုမရှိ၊ အပြိုင်အဆိုင်ကုန်ထုတ်လုပ်ခြင်းမျိုးလည်းမရှိ၊ ကုန်မလောက်မငတဲ့ အဖြစ်မျိုးလည်း မရှိတော့တာကြောင့် နိုင်ငံသားတိုင်းဟာ လောဘ၊ ဒေါသ၊ မောဟကင်းစွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေထိုင်သွားကြမှာပဲ ဖြစ်ပါတယ်။

Yan
Ref: The Communist Manifesto