Taurus ရာသီခွင်မှာမွေးတဲ့ Celebrity တွေက ဘယ်သူတွေဖြစ်မလဲ

Taurus ရာသီခွင်မှာမွေးတဲ့ Celebrity တွေက ဘယ်သူတွေဖြစ်မလဲ

ရိုးရိုးမွေးလတွေဘာတွေထက် စာရေးသူကတော့ Zodiac Sign တွေကို ပိုစိတ်ဝင်စားမိတယ်။ ဒါကြောင့်အခုမေလက Taurus ရာသီခွင်မှာပါတဲ့အတိုင်း ကိုယ်နဲ့ ရာသီခွင်တူတဲ့ Celebrity တွေရှိမလားလို့ တွေးမိတာပေါ့နော်။ ကိုယ့်ငါးချဉ်ကိုယ်ချင်တာတော့ မဟုတ်ပေမယ့် Taurus ရာသီခွင်မှာမွေးတဲ့သူတွေက အရမ်းတော် ၊ အရမ်းထက် ၊ အရမ်းချောကြတယ်လို့ ပြောပြောနေကြတာမှန်တယ်လို့ထင်လာတယ်။ ဘာလို့လဲဆိုတော့ Taurus ရာသီခွင်မှာမွေးတဲ့ Celebrity တွေက အရမ်းအောင်မြင်ကျော်ကြားပြီး အရမ်းလည်းချောနေကြလို့ပါနော်။

Taurus ရာသီခွင် က ဧပြီလ ၂ဝ ရက်ကနေ မေလ ၂ဝ/၂၁ ရက်နေ့အထိဖြစ်ပါတယ်။ Taurus ရာသီခွင်မှာမွေးတဲ့သူတွေက အရမ်းခေါင်းမာကြတယ် ၊ တော်ရုံတန်ရုံစိတ်ခံစားမလွယ်ပေမယ့် ၊ ခံစားပြီဆိုရင်လည်း အသေဒရာမာခင်းကြတယ် ၊ သူငယ်ချင်းဆိုရင် များစရာမလိုဘူး ၊ သူငယ်ချင်းကောင်းပဲလိုချင်တယ် ၊ အလုပ်လုပ်ရင်လည်း အရမ်းအားစိုက်လုပ်ကြပြီး ၊ အရမ်းချစ်ဖို့ကောင်းပြီး အပေါင်းအသင်းလည်း ဝင်ဆံ့ပါတယ်တဲ့။ ပရိသတ်ကြီးတို့ထဲမှာ Taurus တွေပါရင် ဘယ် Celebrity က ကိုယ်နဲ့တူနေမလဲ ကြည့်လိုက်ရအောင်နော်။

Amber Heard
Justice League ရဲ့ မင်းသမီးချောလေး Amber Heard က ၁၉၈၆ ခုနှစ် ဧပြီလ ၂၂ ရက်မှာ မွေးတာမို့လို့ Taurus တစ်ယောက်ဖြစ်ပါတယ်။ Amber က Aquaman ထဲက မင်းသမီးချော Mera အနေနဲ့သရုပ်ဆောင်ခဲ့ပြီးတော့ Captain Jack Sparrow မင်းသား Johnny Deep ရဲ့ ဇနီးဟောင်းလည်းဖြစ်ပါတယ်။

Gigi Hadid
လူငယ်တိုင်းကြိတ်ကြွေပြီး အားကျနေရတဲ့ မော်ဒယ်မလေး Gigi Hadid ကလည်း Taurus ရာသီခွင်မှာမွေးတာပါနော်။ သူ့ရဲ့ မွေးနေ့က ဧပြီ ၂၃ တဲ့။

Channing Tatum
Step Up တို့ ၊ 21 Jump Street တို့ Dear John တို့မှာ အပြုံးလေးတွေ ၊ ခပ်တောင့်တောင့် ကိုယ်ဟန်အနေအထား ၊ ဆွဲဆောင်မှုရှိတဲ့အရပ်တွေနဲ့ ကောင်မလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသားချော Channing Tatum ကလည်း Taurus တစ်ယောက်ဖြစ်ပါတယ်နော်။ သူ့ရဲ့မွေးနေ့က ၁၉၈ဝ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ဖြစ်ပါတယ်။

Gal Gadot
စာရေးသူရဲ့အကြိုက်ဆုံးမင်းသမီးဖြစ်တဲ့ Wonder Woman သရုပ်ဆောင် Gal Gadot ကလည်း Taurus ပါတဲ့။ ဒပုံးလိုက်ရင် အရမ်းတွေချစ်ဖို့ကောင်းနေတာလည်း မပြောနဲ့တော့။ Taurus ဖြစ်နေလို့များလား မပြောတတ်ဘူး။ Gal Gadot က ၁၉၈၅ ခုနှစ် ဧပြီ ၃ဝ ရက်နေ့မှာ မွေးတာပါနော်။

Dwayne Johnson “The Rock”
ကိုယ်တွေအမြဲသဘောကျနေရတဲ့ သရုပ်ဆောင်လည်းတော်ပြီး စိတ်ကောင်းလည်းရှိတဲ့ စံပြဖခင်ကြီး Dwayne Johnson ကလည်း မေလ ၂ ရက်နေ့မှာ မွေးတဲ့ Taurus တစ်ယောက်ပဲဖြစ်ပါတယ်။ ပြောတယ်မလား Taurus တွေက အရမ်းတော်ပြီး အောင်မြင်ကျော်ကြား ခောျမောလှပပါတယ်လို့။ ပြီးတော့ အပြုံးတွေကလည်းအရမ်းလှတယ်ကွာ။ ကြည့်ကြည့်ပါလားလို့။

David Beckham
နာမည်ကျော် ဘောလုံးသမားလည်းဖြစ် ၊ ကမ္ဘာ့အချောဆုံးယောကျ်ားလို့တောင် စာရေးသူစိတ်ထဲ တင်စားမိတဲ့ David Beckham တစ်ယောက် Taurus ဖြစ်တယ်ဆိုတာကို သိလိုက်ရလို့ Taurus တွေက အရမ်းချောပြီး ၊ အရမ်းတော်တယ်ဆိုတာကို ပိုပြီးတော့ယုံသွားပါပြီနော်။ David Beckham က ၁၉၇၅ ခုနှစ် မေလ ၂ ရက်နေ့မှာမွေးတာပါ။ The Rock ကြီးနဲ့တောင် မွေးရက်တူတယ်နော်။

Adele
ကဲ…..Adele က Taurus ဆိုတာကို သံသယတောင်မဝင်တော့ဘူးကွယ် ၊ မထူးဆန်းတော့ဘူးလို့တောင်ခံစားရတယ်။ ဒီလောက်တော်တဲ့သူက ဒီရာသီမှာမွေးမယ်ဆိုတာကို ကြိုများသိနေသလားတောင်ခံစားရတယ်။ Adele က ၁၉၈၈ ခုနှစ် မေလ ၅ ရက်နေ့မှာမွေးတာပါတဲ့။

George Clooney
Ocean မင်းသားကြီး George Clooney ကလည်း မေလ ၆ ရက်နေ့မှာမွေးတဲ့ Taurus တစ်ယောက်ပါနော်။ တကယ်ပါ….အချောကြီးတွေအခန့်ကြီးတွေက Taurus မှာမွေးတာပဲ။

Enrique Iglesias
၈ဝ ခုနှစ်မွေး ၊ ၉ဝ ခုနှစ်မွေးတဲ့သူတွေရဲ့ ရင်ထဲမှာထာဝစဉ်ကျန်နေမယ့် စပိန် အဆိုတော် Enrique Lglesias က မေလ ၈ ရက်နေ့မှာ မွေးတဲ့ Taurus ပါနော်။ မေလမွေးတဲ့သူတွေက အသံအရမ်းကောင်းတယ်ဆိုတာ ယုံလိုက်တော့မယ်။

Rami Malek
Bohemian Rhapsody ရဲ့ Academy ရတဲ့မင်းသား Rami Malek တောင်မှ Taurus ပါဆိုကွာ။ Taurus တွေတော်လွန်းပါတယ်ဆိုတာ သက်သေပဲ။ ဒါကသက်သေပဲ။ Rami Malek က မေ ၁၂ ရက်နေ့မှာမွေးတာတဲ့။ ဒီတော့ Academy ရတဲ့ Taurus ပေါ့။

Robert Pattinson
Twilight မင်းသားချောလေး Robert Pattinson ကလည်း မေလ ၁၃ ရက်နေ့မှာ မွေးတာပါတဲ့။ ပြောနေရင်းတောင် ကိုယ့်ဟာကိုယ် မေမှာမွေးလို့ ကျေနပ်နေမိပြီ ၊ မေလမွေးတဲ့သူတွေအကုန်လုံးက အရမ်းတွေချောနေကြလို့။ ကိုယ်တော့မပါဘူးပေါ့နော်။

Marshmello
Marshmello ကို ကြိုက်တဲ့သူတွေကတော့ အများကြီးရှိမှာပါ။ Marshmello ကလည်း မေလ ၁၉ ရက်နေ့မှာမွေးလို့ Taurus တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူချောတယ်မချောဘူးဆိုတာကိုတော့ မျက်နှာကြီးတစ်ချိန်လုံး အုပ်ထားလို့မသိဘူးရယ်။ သေချာတာတော့ Music Creation တွေကောင်းတယ်။ တော်တယ်လို့ လက်ခံရမယ်ပေါ့။ ကိုယ့်ဖက်ယက်တာတွေများနေပြီလားပဲ။

Sam Smith
မရတော့ဘူး။ Sam Smith အသံကောင်းတယ် ၊ သူ့သီချင်းတွေအရမ်းမိုက်တယ် ၊ သူအရမ်းတော်တယ်ဆိုတာကိုတော့ အားရပါးရပြောရဲတယ်ကွာ။ Sam Smith ကလည်း မေလ ၁၉ ရက်နေ့မှာပဲမွေးတာပါနော်။ Taurus လေးတွေ အရမ်းအောင်မြင်နေတယ်ကွယ်။

တခြားရာသီခွင်မှာမွေးတဲ့ တခြားအောင်မြင်ကျော်ကြားတဲ့သူတွေလည်း အများကြီးပါလို့ ပြောချင်ပါသေးတယ်။ Taurus မှ အောင်မြင်ကျော်ကြားနေတယ်လို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်မွေးတဲ့ရာသီခွင်မှာ ဒီလိုအောင်မြင်ကျော်ကြားတဲ့သူတွေ ၊ အရည်အချင်းရှိတဲ့သူတွေ အများကြီးပေါ်ထွက်လာတယ်ဆိုတာလေးကိုသိရင် ပိုပြီးစိတ်အားတက်သွားမယ်လို့ ထင်မိလို့ ဒီဆောင်းပါးလေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။

Piki(Akhayar)