၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းကာလတွေထက် စိတ်ဖိစီးမှုပိုများလာတဲ့ လူငယ်ဆယ်ကျော်သက်များ
နည်းပညာတွေ တိုးတက်လာတဲ့ နောက်မှာ ကောင်းတဲ့အချက်တွေလည်း ရှိသလို ဒါတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို အနည်းနဲ့ အများခံကြရတာလည်း ကိုယ်တွေပါပဲ။ ကျွန်တေ်ာတို့ ဘဝတွေဟာ ၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းအချိန်ကာလတွေတုန်းကလို မရိုးရှင်းတော့ဘူး။
ဒီဘက်နှစ်ပိုင်းတွေမှာဆိုရင် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျဆင်းတာနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေဟာ နေ့စဉ်သုံးဝေါဟာရတွေလို ဖြစ်တဲ့အထိ ရင်းနှီးလာကြပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးဆိုတာ သိကြမှာပါ။
အခုဆိုရင် လူမှုကွန်ရက်နဲ့ Smartphone အသုံးပြုတာတွေ များလာတာနဲ့ လိုက်ပြီး ကျွန်တော်တို့ လူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ တဖြည်းဖြည်းနဲ့ အထီးကျန်လာတာ၊ လူတွေနဲ့ အဆက်အဆံမရှိတာတွေလည်း တိုးလာကြပါတယ်။
ဒီလို အချက်အလက်တွေကို သေချာသိရဖို့ အမေရိကန်နိုင်ငံရဲ့ စိတ်ပညာပရော်ဖက်ဆာဟောင်း Jean Twenge က သုတေသနစစ်တမ်းတွေ လုပ်ကြည့်တဲ့အခါမှာ လူတွေမှာ “အရမ်းကို စိတ်ညစ်၊စိတ်ဓာတ်ကျလွန်းလို့ ဘယ်အရာကမှ သူ့ကို မကယ်နိုင်တော့ဘူး” ဆိုတဲ့အတွေးတွေ များလာကြသလို တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြဖို့လည်း ပိုတွေးလာကြပါတယ်။ ဒီထက်ပိုကြောက်စရာကောင်းတာက ဒီအတွေးတွေဟာ သက်ကြီးပိုင်းတွေထက် လူငယ်ဆယ်ကျော်သက်တွေမှာ ပိုများနေတဲ့အချက်ပါပဲ။
ဘာလို့ လူငယ်ဆယ်ကျော်သက်တွေ စိတ်ဓာတ်ကျမှုများရပါသလဲ။ လူငယ်တွေဟာ နဂိုတည်းက လူကြီးတွေထက် ပိုပြီး စိတ်အပြောင်းအလဲ မြန်ပါတယ်။ လူငယ်တွေမှာ တချို့က ယဉ်ကျေးမှုတွေ မတူညီတဲ့ နေရာမှာ သွားနေရလို့၊ ဥပမာ နိုင်ငံခြားမှာ ကျောင်းသွားတက်ရလို့၊ တချို့တွေကျတော့ နိုင်ငံက စီးပွားကျနေလို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကျဆင်းပြီး အလုပ်မရလို့ဆိုတာတွေ ရှိသလို နောက်ဆုံးတစ်ချက်ကတော့ Smartphone တွေနဲ့ လူမှုကွန်ရက်တွေအသုံးပြုမှုများလာတာကြောင့် ဖြစ်ပါတယ်။
လူမှုကွန်ရက်အသုံးပြုမှုများတဲ့အခါ လူမှုကွန်ရက်သုံးရတာကို မသိစိတ်က စွဲမှန်းမသိ စွဲလာတယ်၊ Like တွေ မက်လာမယ်၊ Followers အရေအတွက်ကို ရေတွက်တတ်လာမယ်။ စိတ်ညစ်ပြီဆိုရင် Facebook ပေါ်ရေးတင်လို့ Fighting လို့ Comment လေးလာပေးမှ နေသာသလိုလို ရှိလာမယ်။ ဒီလိုတွေ စွဲတဲ့အခါ ဒီလို လူမှုကွန်ရက်အတွက် အချိန်ပိုသုံးလာရပါတော့တယ်။ တစ်နေ့ခင်းလုံးက အလုပ်နဲ့ဆိုတော့ ညဘက်ကျမှ ဖုန်းပွတ်နိုင်တာဆိုတော့ ညဘက်အိပ်ချိန်တွေကို ဖဲ့ပြီး ဖုန်းသုံးပါတော့တယ်။ ဒီလိုနဲ့ အိပ်ရေးတွေပျက်လာတယ်၊ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင် ပြောချိန်တွေ နည်းလာတယ်။ လူမှုကွန်ရက်တွေဆိုတာက တတ်နိုင်သမျှ ကြွယ်ဝတာ၊ ချမ်းသာတာ၊ ဆုတံဆိပ်ဆွတ်ခူးတာစတဲ့ ကောင်းတာတွေပဲ တင်နေတော့ ငါ့မှာတော့ ရှုံးနိမ့်ရလေခြင်း၊ မအောင်မြင်လေခြင်းဆိုပြီး အားကျရတာတွေ များပြီး စိတ်ကျရောဂါ ဖြစ်လာတတ်ပါတယ်။
ဒီအချက်ဟာ အပေါ်က Professor ပြောသလို တိုင်းတာထားတဲ့ အချက်အလက်တွေ ရှိသလို ကိုယ်တိုင်လည်း အဲဒီလို ခံစားမိတာတွေလည်း ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်တွေအနေနဲ့ အိပ်ခန်းထဲဝင်တော့မယ်ဆိုရင် ဖုန်းကို ထားခဲ့တာမျိုး၊ အိပ်ရာမဝင်ခင် တစ်နာရီလောက်မှာ ရှိသမျှ ဖုန်းနဲ့ စက်ပစ္စည်းတွေကို ပိတ်ပစ်လိုက်တာမျိုးနဲ့ အားလပ်ချိန်တွေမှာ Screen Time ကို ကန့်သတ်ပြီးသုံးတာမျိုးပါ။ ဖြစ်နိုင်ရင် တစ်နေ့ကို နှစ်နာရီလောက်ပဲ ဖုန်းသုံးတာဟာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါပဲ။ ဒါကြောင့်မို့ စိတ်ဖိစီးမှုများတဲ့ လောကက ခဏစိတ်အနားရဖို့ ဖုန်းတွေနဲ့ Social Media တွေကနေ တစ်နေ့ကို ဘယ်နှစ်နာရီစာ သတ်မှတ်ပြီး ဖယ်ခွာထားလို့ လိုအပ်နေပါပြီ။
Yoe Lu (Akhayar)
Source : gizmodo.com