ရထားစီးပြီးခရီးထွက်တာက ဘယ်လိုခံစားချက်တွေကို ပေးစွမ်းနိုင်မလဲ

ရထားစီးပြီးခရီးထွက်တာက ဘယ်လိုခံစားချက်တွေကို ပေးစွမ်းနိုင်မလဲ

စာရေးသူအမြဲတွေးဖြစ်နေတာတစ်ခုရှိတယ်။ အသက်တွေလည်းရလာတယ် ၊ ခရီးတွေလည်းအများကြီးထွက်ဖူးပြီးပြီပေါ့။ ဒါပေမယ့်ပြန်တွေးကြည့်တော့ ထွက်ခဲ့တဲ့ခရီးတွေတော်တော်များများက ကားနဲ့မဟုတ်ရင်လည်း လေယာဉ်နဲ့သွားဖြစ်တာပဲများတယ်။ ရထားနဲ့တစ်ခါမှခရီးမသွားဖူးဘူးပေါ့။ ဒီတော့ရထားနဲ့သွားရင်ဘာအကျိုးကျေးဇူးတွေရလောက်မလဲ ၊ ဘယ်လိုခံစားချက်အသစ်တွေပေးနိုင်မလဲဆိုပြီးတွေးဖြစ်တယ်ပေါ့။ မြန်မာနိုင်ငံမှာရထားနဲ့ခရီးသွားရင် ဘယ်လိုနေမလဲပေါ့။ ဒါနဲ့တွေးရင်းနဲ့စဉ်းစားမိလာတာက

ရထားနဲ့ခရီးသွားတာက ရှုခင်းတွေကြည့်ဖို့ အခွင့်အရေးတစ်ခုပဲဖြစ်တယ်
ရထားနဲ့ခရီးသွားခြင်းရဲ့အကြီးမားဆုံးအခွင့်ထူးကိုပြောပါဆိုရင် ရှုခင်းကြည့်ပြီး သဘာဝရဲ့အလှတရားကိုခံစားရတာပဲဖြစ်မယ်ထင်ပါတယ်။ ရထားနဲ့ခရီးသွားရင် ခရီးလမ်းတစ်လျှောက် တောတောင်သဘာဝအလှတရားတွေကို ပြတင်းပေါက်လေးဖွင့်ပြီး လေညှင်းလေးခံရင်း အတွေးပေါင်းတစ်ထောင်နဲ့ စီးမျောသွားလို့ရတယ်။ ဒီခံစားချက်လောက်ကောင်းတဲ့ခံစားချက်ရှိပါဦးမလား မသိပါဘူး။

ရထားနဲ့သွားရင် အကုန်အကျသက်သာမယ်
ရထားနဲ့ခရီးသွားတာက ကားတွေ ၊ လေယာဉ်တွေနဲ့ခရီးသွားတာထက် ပိုက်ဆံကုန်သက်သာတယ်။ ပြောရရင် ကားလက်မှတ်က တစ်သောင်းကျော် ၊ အထူးတန်းစီးရင် တစ်သောင်းခွဲကျော်လာက်ကုန်တယ် ၊ လေယာဉ်နဲ့ဆို တစ်သိန်းနီးပါးလောက်ကုန်မယ် ၊ ဒါပေမယ့်ရထားနဲ့သွားရင်အထူးတန်းစီးရင်တောင်မှ အများဆုံးတစ်သောင်းကျော်ပဲ ၊ အလွန်ဆုံးတစ်သောင်းခွဲ ၊ နှစ်သောင်းပေါ့။ ဒီတော့ရထားနဲ့ခရီးစရိတ်အများကြီးမကုန်ဘဲ ခရီးသွားရတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်။

ရထားနဲ့သွားတာက ပိုပြီးအန္တရာယ်ကင်းတယ်
ခရီးသွားရင်ဖြစ်လေ့ဖြစ်ထရှိတာ ကားမှောက်တာတွေ ၊ ကားတိုက်တာတွေပဲဖြစ်ပါတယ်။ ရထားမှောက်တယ်ဆိုတာက အကြိမ်တစ်သောင်းနေမှ တစ်ခါတောင်ဖြစ်ချင်မှဖြစ်တာပါ။ အရမ်းကိုရှားပါတယ်။ ရထားနဲ့သွားရင် အနည်းဆုံးတော့ အသက်အန္တရာယ်အတွက် စိတ်မပူရတော့ဘူးပေါ့။ အထူးသဖြင့်အရမ်းစိုးရိမ်တတ်တဲ့ မိဘတွေနဲ့နေတဲ့သူတွေဆိုရင် ရထားစီးပြီးခရီးသွားတာအန္တရာယ်ကင်းတယ်ဆိုတာကို မိဘတွေကို သေချာရှင်းပြပြီး ခရီးသွားဖို့အခွင့်အရေးတွေ တောင်းသင့်ပါတယ်။

ရထားနဲ့သွားတာက ပိုပြီးသက်သောင့်သက်သာရှိတယ်
ရထားမှာအထူးတန်းနဲ့သွားရင် အိပ်ရာပါတဲ့အတွဲတွေရှိတယ်။ ကားစီးသလို ၊ လေယာဉ်စီးသလို ခရီးတစ်လျှောက်ကျောတွေနာပြီးနေစရာမလိုပါဘူး။ နေရထိုင်ရအရမ်းသက်သာအောင်စီစဉ်ပေးထားတာဖြစ်လို့ အစဉ်ပြေတယ်။ ဒါ့အပြင်ထိုင်ရင်လည်းမျက်နှာချင်းဆိုင်ထိုင်ရတာဖြစ်တာကြောင့် ကိုယ့်ရဲ့မိသားစု ၊ သူငယ်ချင်းတွေနဲ့ အတူတူတစ်စုထဲခရီးသွားတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်။ သူစိမ်းတွေနဲ့သိပ်ပြီးအရောတဝင်မနေတတ်တဲ့သူတွေအတွက်တော့ ပိုပြီးစိတ်သက်သာတာပေါ့။

ရထားနဲ့ခရီးသွားရင်း တစ်ယောက်နဲ့တစ်ယောက်ပိုနီးစပ်စေမယ်
ရထားနဲ့ခရီးသွားတာကလေ ကားတွေ ၊ လေယာဉ်တွေစီးပြီးသွားတာနဲ့ မတူဘူး။ ရထားကထိုင်ရင်တောင်မျက်နှာချင်းဆိုင်ပြီးထိုင်ရထာဖြစ်လို့ မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သွားရင် သူတို့နဲ့စကားပြောဖို့ အခွင့်အလမ်းပိုရတယ်။ ခါတိုင်းကားစီးပြီးသွားသလို ဖုန်းတွေပဲပွတ်ပြီး အဆက်အသွယ်တွေပြတ်နေတာမျိုးမရှိတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးတွေပိုပြီးခိုင်မာအောင်လုပ်ပေးနိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်။ ဒါ့အပြင်ရထားက ကားတွေ ၊ လေယာဉ်တွေထက်ပိုပြီး အချိန်ကြာကြာပိုပြီးမောင်းတာကြောင့် အချင်းချင်းစကားတွေပြောရင်းသွားလို့ရပါတယ်။ ဒီတော့ပျော်ပျော်ပါးပါးခရီးသွားခြင်းရဲ့ အမှန်တကယ်ခံစားချက်က ရထားနဲ့သွားရင်ပိုပြီးရနိုင်ပါတယ်။

ဒီတော့ ပရိသတ်ကြီးတို့ရော စာရေးသူနဲ့သဘောတူလား။ စာရေးသူရဲ့အတွေးတွေကိုလက်ခံနိုင်လား။ စာရေးသူနဲ့အတွေးချင်းတူနေမယ်ဆိုရင် တစ်နေ့တော့ ရထားနဲ့ခရီးသွားဖြစ်အောင်ကိုသွားကြည့်ကြပါနော်။

Piki (Akhayar)