ဒေါက်မြင့်ဖိနပ်တွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာမျာ

ဒေါက်မြင့်ဖိနပ်တွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာမျာ

မိန်းကလေးတွေက ဒေါက်မြင့်ဖိနပ်လေးတွေ စီးရတာကို သဘောကျကြပါတယ်။ ဒေါက်မြင့်ဖိနပ်စီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ပိုပြီး Smart ဖြစ်သွားသလို ခံစားရတယ်။ အရပ်ရှည်ပြီး ခါးမတ်သွားတယ်။ ပြီးတော့ ဒေါက်ဖိနပ်လှလှလေးတွေက ရွေးချယ်စရာဒီဇိုင်းလည်း စုံလင်တာမို့လို့ မိန်းကလေးတွေအတွက်ကတော့ မရှိမဖြစ်တဲ့ အလှအပပစ္စည်းတစ်မျိုးပါပဲ။ ဒါပေမယ့်လည်း ဒေါက်ဖိနပ်အမြဲတမ်းစီးတာက ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား။ အဖြေကတော့ မသင့်တော်ပါဘူးနော်။ အထူးသဖြင့်တော့ ကျန်းမာရေးအတွက်ပဲ ပြောနေရတာပါ။ ဘာတွေဖြစ်နိုင်လဲဆိုတာကိုတော့ ကြည့်ရအောင်။

ခြေဆစ်တွေနာကျင်လာပါလိမ့်မယ်
နေ့စဉ်နေ့တိုင်း ဒေါက်ဖိနပ်စီးတဲ့သူတွေကဟာ ကြာတဲ့အခါ ခြေဆစ်တွေနာကျင်လာတာကို ခံစားမိပါလိမ့်မယ်။ ဒေါက်ဖိနပ်တွေဟာ ပုံမှန်ခြေထောက်အနေအထားကနေ ပြောင်းလဲပေးထားတဲ့အတွက်ကြောင့် ခြေကျင်းဝတ်နဲ့ ခြေဆစ်တွေ နာကျင်လာတော့မှာပါ။ အခုမနာသေးရင်တောင် တော်ကြာနာလာတော့မှာပါ။

ခြေထောက်အသားမာတက်လာမှာပါ
အရမ်းကျပ်တဲ့ဒေါက်ဖိနပ်တွေနဲ့ အရမ်းမြင့်တဲ့ ဒေါက်ဖိနပ်တွေစီးတဲ့အခါ ခြေထောက်တွေ ပွန်းပဲ့လာရင်းက အသားမာတွေတက်လာနိုင်ပါတယ်။ တချို့အသားမာတွေဟာ အနာအဖြစ်ကူးပြောင်းသွားနိုင်ပြီး ကုသရတဲ့အထိကို ဆိုးရွားလာတတ်ပါတယ်။ တချို့အသားမာတွေက မကုသရဘူးဆိုရင်တောင် ခြေထောက်လှလှလေးကို ရုပ်ဆိုးသွားစေပါတယ်။

ခါးနာစေပါတယ်
ဒေါက်ဖိနပ်စီးတာဟာ ခြေထောက်အရိုးနဲ့ ခါးရိုးတစ်လျှောက်ကို ပုံစံပြောင်းသွားစေတာမို့လို့ ခါးနာလာစေပါတယ်။ ပုံမှန်ဂရုစိုက်နေရက်သားနဲ့ ခါးနာနေတယ်ဆိုတာဟာ ဒေါက်ဖိနပ်ကို နေ့စဉ်နေ့တိုင်း မပျက်မကွက်စီးနေလို့ပဲဖြစ်ပါလိမ့်မယ်။ ကျောက်ကပ်နဲ့ ခါးရောဂါရှိတဲ့သူတွေကတော့ ဒေါက်ဖိနပ်ကို အမြဲတစေ စီးမနေသင့်တော့ပါဘူး။

ခြေသည်းကိုမဖွံ့ဖြိုးစေတော့ပါဘူး

အထူးသဖြင့် ရှေ့ပိတ်ဒေါက်ဖိနပ်တွေစီးတတ်တဲ့သူတွေဟာ ခြေသည်းမလှတတ်ကြပါဘူး။ ဒါက ခြေသည်းမလှလို့ အပိတ်ဖိနပ်မျိုးစီးတာထက် အမြဲတမ်းလိုလို အပိတ်ဒေါက်ဖိနပ်တွေစီးနေလို့ ခြေသည်းတွေဟာ လွတ်လွတ်လပ်လပ် မဖွံ့ဖြိုးရတော့ဘဲ တိုတိုလေးတွေဖြစ်ကုန်တော့တာပါပဲ။ ဒီတော့ လက်သည်းခြေသည်းရှည်ရှည်လှလှလေးတွေကို မြတ်နိုးသူတွေကတော့ ရှေ့ပိတ်ဒေါက်ဖိနပ်တွေကို တစ်ခါတရံမှ စီးတာပဲကောင်းပါတယ်။

ကဲ ဒီတော့ ဒေါက်ဖိနပ်တွေ ဘာကြောင့်အမြဲမစီးသင့်ဘူးလဲဆိုတာကို သိသွားကြပြီဟုတ်။ အရမ်းလှပေမယ့် ကျန်းမာရေးနဲ့ ဘယ်လိုမှ မသင့်တော်တဲ့ဒေါက်ဖိနပ်တွေကို စဉ်းစားချင့်ချိန်ပြီးမှ စီးကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Moethaesay (Akhayar)