သင့်ကို အချိန်ပြည့် ပုံဆိုးပန်းဆိုးဖြစ်နေစေတဲ့ တလွဲဖက်ရှင်မျာ

သင့်ကို အချိန်ပြည့် ပုံဆိုးပန်းဆိုးဖြစ်နေစေတဲ့ တလွဲဖက်ရှင်မျာ

အရင်တုန်းကတော့ ကိုယ်နဲ့ စွတ်လို့တော်တဲ့ အဝတ်အစားဆို ကောက်ဝတ်သွားလို့ ဘာမှမဖြစ်ပေမယ့် အခုနောက်ပိုင်းကတော့ အပြင်ထွက်လိုက်တာနဲ့ ဖက်ရှင်ကျနေတဲ့ အရောင်စုံလူတွေကြားထဲမှာ ကိုယ်က ဂွမ်းနေလို့တော့ မဖြစ်ပါဘူး။ လူတိုင်း၊ လူတိုင်းဟာ လှပပြီး ဖက်ရှင်ကျနေတဲ့အချိန် ကိုယ်က ဖက်ရှင်မကျဘဲ ပုံဆိုးပန်းဆိုးလေးဖြစ်မနေရလေအောင် ဖက်ရှင်ကျချင်တဲ့သူတိုင်း ဘာတွေရှောင်သင့်လဲ ပြောပြချင်ပါတယ်။

ပွဲတက်အဝတ်အစားတွေကို ဒီဇိုင်နာနဲ့ မချုပ်လုပ်ဘူးဆိုရင်
ပထမဆုံးအချက်က အရေးကြီးတဲ့ Suit တွေနဲ့ ပွဲတက်အဝတ်အစားတွေကို ဒီဇိုင်နာနဲ့ မချုပ်ဘဲ ဖြစ်သလို ဝယ်ဝတ်တာက သင့်ကို ပုံဆိုးပန်းဆိုးဖြစ်စေတဲ့ အဓိကအချက်ပါပဲ။ Suit တွေနဲ့ ပွဲတက်အဝတ်အစားတွေဟာ ဒီဇိုင်နာနဲ့ မဟုတ်တောင် အပ်ချုပ်ဆိုင်မှာ ကိုယ်တိုင်းနဲ့ သေချာအပ်ပြီး ချုပ်ဝတ်သင့်ပါတယ်။

ဒါကြီးပဲ တစ်ချိန်လုံး ဝတ်နေမယ်ဆိုရင်
တစ်ခါတလေ ကြိုက်လွန်းလွန်း ခဏခဏဝတ်ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဒါကြီးမှ ဒါကြီးပဲ ဝတ်နေမယ်ဆိုရင်တော့ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ ပုံစံတစ်ခုတည်းကို အရောင်စုံဝယ်ပြီးလည်း မဝတ်ပါနဲ့။ ဒီလူတစ်ယောက်ကို အမြဲတမ်း ဒါမျိုးကြီးနဲ့ပဲ မြင်နေရမယ်ဆိုရင် တစ်ရက်၊ နှစ်ရက်အပြင် ဘယ်လိုမှ ကြည့်လို့မကောင်းပါဘူး။

Sexy အမြဲကျနေမယ်ဆိုရင်
အတိုအပြတ်လေးတွေ ဝတ်တာက လှပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မဝတ်နဲ့ပေါ့။ အမြဲတမ်း တိုတိုလေးတွေနဲ့ပဲ မြင်နေတွေ့နေရတာလည်း ဖက်ရှင်မကျပါဘူး။ နေရာဒေသကို လိုက်ဖက်အောင် ဝတ်စားတာက ပိုပြီးဖက်ရှင်ကျပါတယ်။ ဥပမာ – Night Out ထွက်တဲ့အချိန်အတိုလေးတွေဝတ်တာက မိုက်သလို၊ အလှူသွားတဲ့အခါ မြန်မာဝတ်စုံလေးဝတ်သွားတာမျိုးတွေက ဖက်ရှင်ကျပါတယ်။

ဆန်းသစ်မှုတွေမလုပ်နိုင်ဘဲနဲ့ Retro Fashion တွေ ဝတ်နေမယ်ဆိုရင်
Retro Fashion တွေက အခုနောက်ပိုင်းခေတ်စားလာပါတယ်။ ၁၉၉၀ပြည့်နှစ်တုန်းက ပုံစံမျိုးလေးတွေ ပြန်ဝတ်တာမျိုးလေးတွေပေါ့။ ဒါပေမယ့် ဒီလို ခေတ်ဟောင်းဖက်ရှင်ကို ဆန်းသစ်တီထွင်မှုတွေ မလုပ်နိုင်ရင် မဝတ်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ အဘွားအင်္ကျီယူဝတ်ထားတာပဲ ရှိပါလိမ့်မယ်။ ဘယ်လိုမှ ဖက်ရှင်မကျနိုင်ပါဘူး။

ပုံမကျတဲ့ အတွင်းခံတွေကို ဝတ်နေမယ်ဆိုရင်
အမြဲတမ်း စမတ်ကျပြီး ကျော့ကော့နေတဲ့မိန်းကလေးတွေဆိုတာ ဘရာကို တိကျပုံကျစွာ ဝတ်ဆင်ကြပါတယ်။ အဲဒါမှပဲ ကိုယ်ဝတ်တဲ့အဝတ်အစားက ပုံကျသပ်ရပ်နေမှာပါ။ ဒီတော့ ကိုယ်နဲ့ သင့်တော်တဲ့ Brand နဲ့ မှန်ကန်တဲ့ Size ကို ရွေးချယ်ဝယ်ယူပါ။ ဒီလိုပါပဲ။ အောက်ခံဘောင်းဘီကိုလည်း ကိုယ်နဲ့ သင့်တော်တာကိုပဲ ရွေးချယ်ပါ။ အတွင်းခံတွေကို ဂရုမစိုက်ရင်လည်း ဘယ်တော့မှ ဖက်ရှင်မကျလာနိုင်ပါဘူး။

မလိုက်ဖက်တဲ့အရောင်တွေကို ရွေးချယ်နေမယ်ဆိုရင်
နောက်တစ်ခုကတော့ အရောင်ပါပဲ။ လူတွေမှာ တစ်ယောက်ချင်းစီတိုင်း လိုက်ဖက်တဲ့အရောင်တွေနဲ့ မလိုက်ဖက်တဲ့အရောင်တွေဆိုပြီး ရှိပါတယ်။ ဒီလိုအရောင်တွေအများကြီးရှိနေတဲ့အထဲမှာမှ ကိုယ်က ကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်တွေကိုပဲ ရွေးချယ်ဝတ်ဆင်နေမိမယ်ဆိုရင် ဘယ်လိုမှ စမတ်ကျလာမှာ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တိုင်းလည်း ဝတ်လို့မရပါဘူး။ ကိုယ့်အသားအရည်နဲ့ နောက်ပြီး ပုံစံနဲ့ လိုက်ဖက်တဲ့အရောင်ကိုပဲ ရွေးချယ်သင့်ပါတယ်။

လက်ဝတ်လက်စားတွေ အများကြီး ဝတ်ဆင်မယ်ဆိုရင်
Fancy တွေနဲ့ လက်ဝတ်လက်စားတွေ အများကြီးဝတ်ဆင်တာက လှတော့မလှပါဘူး။ တစ်ခါတလေ ဆွဲဆောင်မှုရှိတဲ့ နားကပ်လေးတစ်ရံတည်းနဲ့ ပြည့်စုံနေတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ နာရီတွေရော၊ လက်ကောက်တွေရော အကုန်လုံးစုပြုံဝတ်နေတာတွေဟာ ဖက်ရှင်မကျပါဘူး။ ပြူးပြဲပြီး ထင်တိုင်း ဝတ်ဆင်နေတာက မျက်စိရှုပ်စရာကောင်းပါတယ်။

ဒီတော့ ဖက်ရှင်ကျအောင် နေထိုင်ချင်ပြီဆိုရင်တော့ ဒီလိုအချက်တွေကို ရှောင်သင့်ပါတယ်နော်။ ဟုတ်ပြီလား။ ဒီနေ့ကစပြီး ကိုယ်နဲ့ မလိုက်ဖက်တာတွေကို ရှောင်ရှားပြီး လိုက်ဖက်တာလေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်မယ်ဆိုရင်တော့ အရမ်းလှ၊ အရမ်းစမတ်ကျပြီး အရမ်းဖက်ရှင်ကျတဲ့ မမတို့ ဖြစ်နေမှာပါနော်။

Moethaesay (Akhayar)