ကမ္ဘာ့အန္တရာယ်အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်း (၅) ခု

ကမ္ဘာ့အန္တရာယ်အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်း (၅) ခု

အကြမ်းဖက်အဖွဲ့အစည်းဆိုတာ လူသားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးတဲ့အတွက် နိုင်ငံတကာက ပူးပေါင်းနှိမ်နှင်းနေကြပါတယ်။ ဒီအဖွဲ့တွေဟာ အပြစ်မဲ့ပြည်သူတွေကို ဇီဝိန်ချွေဖို့ပဲ အားထုတ်နေတဲ့အတွက် နိုင်ငံတကာမှာလည်း အကြမ်းဖက်ကိစ္စတွေက ဖြစ်နေတုန်းပါပဲ။ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့အန္တရာယ်အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်း (၅) ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၅) “Al-Shabaab” အကြမ်းဖက်အဖွဲ့

“Al-Shabaab”  ဆိုတာက “လူငယ်” လို့ အဓိပ္ပာယ်ရပြီး အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်မှုမရှိတဲ့ ဘာသာခြားတွေကို ဘာသာရေးစစ်ပွဲ (ဂျီဟတ်) ပြုလုပ်လေ့ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ “Al-Shabaab” အကြမ်းဖက်အဖွဲ့ကို ၂ဝဝ၆ခုနှစ်မှာ ဆိုမာလီယာနိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၇,ဝဝဝ ကနေ ၉,ဝဝဝ အတွင်းရှိကြတယ်လို့ သုံးသပ်ရပါတယ်။ လက်ရှိခေါင်းဆောင်ကတော့ ဆိုမာလီယာနိုင်ငံသား Ahmad Umar ဖြစ်ပါတယ်။ ၂ဝဝ၉ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆိုမာလီယာနိုင်ငံ Benadir University ရဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာ အသေခံဗုံးခွဲမှုပြုလုပ်ခဲ့လို့ ဝန်ကြီး (၃) ဦးအပါအဝင် လူ (၁၉) ဦးအထိ သေဆုံးခဲ့ပါတယ်။

“Al-Shabaab”  စစ်သွေးကြွအုပ်စုဟာ ၂ဝ၁၃ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့တုန်းက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မှာရှိတဲ့ ဈေးဝယ်စင်တာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အရပ်သားနဲ့ လုံခြုံရေး ၆၇ ဦး သေဆုံးခဲ့ပြီး ၁၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ “Al-Shabaab” အဖွဲ့ဟာ Al-Qaeda နဲ့လည်း အဆက်အသွယ်ရှိပြီး ဆိုမာလီယာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ အကြမ်းဖက်အဖွဲ့အစည်း “Al-Shabaab” ကို အပြင်းအထန် နှိမ်နှင်းနေပေမယ့် အခုချိန်ထိတော့ အမြစ်မပြတ်သေးပါဘူး။

(၄) “Al-Qaeda” အကြမ်းဖက်အဖွဲ့

“Al-Qaeda” အကြမ်းဖက်အဖွဲ့ကို ၁၉၈၈ခုနှစ်မှာ Osama bin Laden နဲ့ Abdullah Azzam တို့ ပူးတွဲတည်ထောင်ခဲ့ပြီး အာရပ်စစ်သွေးကြွတွေ ပါဝင်ခဲ့ကြပါတယ်။ Osama bin Laden ဟာ “Al-Qaeda” အကြမ်းဖက်အဖွဲ့ကို ၁၉၈၈ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့ကနေစပြီး သူသေဆုံးချိန် (၂ဝ၁၁ခုနှစ် မေလ၂ရက်နေ့) အထိ ဦးဆောင်ခဲ့ပါတယ်။ “Al-Qaeda” အကြမ်းဖက်အဖွဲ့ဟာ ဆီးရီးယား၊ ဆိုမာလီယာ၊ စပိန်၊ ရုရှား၊ လက်ဘနွန်၊ ယီမင်၊ အီရတ်၊ ဒူဆန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အာဖရိကအနောက်ပိုင်းမှာ အနှံ့အပြားရှိပြီး အဖွဲ့ဝင်ပေါင်း ၇၃,၆ဝဝ ကနေ ၉၂,၁ဝဝအတွင်းမှာ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

“Al-Qaeda” အဖွဲ့ရဲ့ ကမ္ဘာကျော်အကြမ်းဖက်မှုကတော့ ၂ဝဝ၁ခုနှစ် စက်တင်လာလ (၉) ရက်မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ကို တိုက်ခိုက်ခဲ့တဲ့ 9/11 လုပ်ရပ်ပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူပေါင်း ၂,၉၉၇ဦး သေဆုံးခဲ့ပြီး လူ ၆,ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 9/11 တိုက်ခိုက်မှုဟာ အမေရိကန်နိုင်ငံအတွက် အထိနာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ Osama bin Laden ကို ဆုကြေးငွေ ဒေါ်လာ ၂၅ သန်းထုတ်ထားပြီး ၂ဝ၁၁ခုနှစ် မေလ (၂) ရက်နေ့မှာ သုတ်သင်နိုင်ခဲ့ပါတယ်။

Osama bin Laden သေဆုံးပြီးနောက်ပိုင်း “Al-Qaeda” အကြမ်းဖက်အဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်ကတော့ အီဂျစ်လူမျိုး Ayman al-Zawahiri ဖြစ်ပြီး သူလည်းပဲ University of Kairo မှ ဆရာဝန်ဘွဲ့ထားသူလည်း ဖြစ်ပါတယ်။ Osama bin Laden မရှိတော့ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းဟာ “Al-Qaeda” အကြမ်းဖက်အဖွဲ့ကို အပြီးသတ်မချေမှုန်းနိုင်သေးလို့ သူလည်းပဲ အန္တရာယ်အကြီးဆုံးအကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။

(၃) “Taliban” အကြမ်းဖက်အဖွဲ့

“Taliban” အဖွဲ့ဟာ ၁၉၉၄ခုနှစ်မှာ Mohammed Omar က ဖွဲ့စည်းခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အခြေစိုက်ပြီး အဖွဲ့ဝင်ပေါင်း ၆ဝ,ဝဝဝ ကျော် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ “Taliban” အကြမ်းဖက်အဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်က Hibatullah Akhundzada ဖြစ်ပါတယ်။

၂ဝ၁၂ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ “Taliban” အကြမ်းဖက်အဖွဲ့ဟာ အမျိုးသမီးတိုင်း ပညာသင်ကြားခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai ဦးခေါင်းနဲ့လည်ပင်းကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ် ဒီဇင်ဘာလတုန်းက ပါကစ္စတန်စာသင်ကျောင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ၁၄၁ဦး သေဆုံးခဲ့ပြီး ၁၃၂ ဦးက အပြစ်မဲ့ကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၇ခုနှစ် ဇူလိုင်လတုန်းက အာဖဂန်နစ္စတန်နိုင်ငံမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ၃၁ဦး သေဆုံးတဲ့ဖြစ်ရပ်ဟာ “Taliban” အဖွဲ့ရဲ့ အကြမ်းဖက်မှုပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာအရပ်ရပ်မှာ အကြမ်းဖက်မှုတွေမျိုးစုံပြုလုပ်နေတဲ့ “Taliban” အကြမ်းဖက်အဖွဲ့ကိုလည်း အန္တရာယ်ရှိတဲ့အဖွဲ့ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

(၂) “ISIS” အကြမ်းဖက်အဖွဲ့

“ISIS” ဆိုတာ “Islamic State of Iraq and Syria” ကိုဆိုလိုပြီး “အစ္စလာမ်မစ်ပြည်ထောင်စု” လို့ အဓိပ္ပာယ်ရပါတယ်။ “ISIS” အကြမ်းဖက်အဖွဲ့ကို ၁၉၉၉ခုနှစ်မှာ Abu Musab al-Zarqawi က တည်ထောင်ခဲ့ပြီး အခုအချိန်မှာ တပ်ဖွဲ့ဝင်၂ဝဝ,ဝဝဝ နီးပါးရှိတယ်လို့ ခန်မှန်းရပါတယ်။ “ISIS” အကြမ်းဖက်အဖွဲ့ဟာ ၂ဝ၁၅ခုနှစ် တူနီးရှားနိုင်ငံ Port El Kantaoui အပန်းဖြေစခန်းတိုက်ခိုက်မှုမှာလည်း နိုင်ငံခြားသား ၃၉ ဦးအထိ သေဆုံးခဲ့ပါတယ်။

၂ဝ၁၅ခုနှစ် ဇူလိုင်လ (၂ဝ) မှာ အပြစ်မဲ့ပြည်သူ ၃၃ ဦး သေဆုံးခဲ့တဲ့ တူရကီနိုင်ငံ ဆူရပ်ပြည်နယ် ဗုံးပေါက်ကွဲမှုဟာလည်း “ISIS” တွေရဲ့ လက်ချက်ဖြစ်သလို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့မှာ Metrojet Flight 9268 လေယာဉ်ဗုံးခွဲမှုကြောင့် ခရီးသည် ၂၂၄ ဦး သေဆုံးရတဲ့ တရားခံဟာလည်း “ISIS” ပါပဲ။ ဟိုတလောက “Manchester Arena” ကဇာတ်ရုံကြီး ဗုံးပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက် ၂၂ ဦး သေဆုံးခဲ့ရတဲ့ တရားခံဟာလည်း “ISIS” ပါပဲ။ ၂ဝ၁၅ခုနှစ်မှာပဲ မြို့ပေါင်း ၂၅၂ မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူပေါင်း ၆,ဝဝဝ ကျော် သေစေခဲ့ပါတယ်။

လူတစ်ယောက်ရဲ့  အသက်ကို ပုရွက်ဆိတ်သတ်သလိုပဲ သဘောထားတဲ့ “ISIS” အကြမ်းဖက်သမားတွေဟာ ၂ဝ၁၆ခုနှစ်ရဲ့ ပထမရှစ်လအတွင်းမှာပဲ အကြမ်းဖက်မှုပေါင်း ၂၅ ခုပြုလုပ်ခဲ့တယ်လို့ စစ်တမ်းအရ သိရပြန်ပါတယ်။ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၉၉ခုနှစ်မှ ၂ဝ၁၇ခုနှစ်အထိ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃၃,ဝဝဝ ကျော် သေစေခဲ့တယ်လို့ စစ်တမ်းအရ သိရပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အခြေစိုက်တဲ့ “ISIS” အကြမ်းဖက်အဖွဲ့ကို နိုင်ငံတကာအဖွဲ့အစည်းတွေက ပိုက်စိပ်တိုက်ရှာဖွေနေပေမယ့် အခုချိန်ထိတော့ ချေမှုန်းနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ “ISIS” အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ကို အမေရိကန်အစိုးရက ဒေါ်လာ ၁ဝ သန်း ဆုကြေးထုတ်ထားပါသေးတယ်။

(၁) “Boko Haram” အကြမ်းဖက်အဖွဲ့

“Boko Haram” အကြမ်းဖက်အဖွဲ့ကိုတော့ ၂ဝဝ၂ခုနှစ်မှာ နိုက်ဂျီးရီးယားနိုင်ငံသား Mohammed Yusuf က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ “Boko Haram” အကြမ်းဖက်အဖွဲ့အစည်းရဲ့ အန္တိမပန်းတိုင်ကတော့ အကြမ်းဖက်တိုက်ခိုက်ပြီး အစ္စလာန်မစ်နိုင်ငံတည်ထောင်ဖို့ပဲဖြစ်ပါတယ်။ ၂ဝ၁၄ခုနှစ် ဧပြီလတုန်းကလည်း နိုက်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ ဘတ်စ်ကားရပ်နားစခန်းမှာ ဗုံးနှစ်လုံးပေါက်ကွဲပြီး ပြည်သူ ၇၁ယောက် သေဆုံးသွားခဲ့တာ “Boko Haram” အကြမ်းဖက်အဖွဲ့ရဲ့လုပ်ရပ်ပါ။ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ (၁၅) ရက်တုန်းကလည်း နိုက်ဂျီးရီးယားနိုင်ငံ ဘာဂါမြို့ဈေးမှာ “Boko Haram” အကြမ်းဖက်အဖွဲ့ဟာ ပြည်သူတွေကို သေနတ်၊ ဗုံး၊ လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့လို့ လူပေါင်း၂,ဝဝဝ ကျော် သေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ရဲစခန်း၊ စာသင်ကျောင်း၊ အစိုးရအဆောက်အဦးနဲ့ လူစည်ကားရာနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၂ဝ၁၅ခုနှစ်မှာ ခြောက်လအတွင်း နိုက်ဂျီးရီးယားနိုင်ငံမှာ မြို့ပေါင်း ၂ဝ ကျော်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာပဲ လူသောင်းပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီး လူ ၂.၃ သန်းကျော် အတိဒုက္ခရောက်စေခဲ့လို့ Global Terrorism Index အဖွဲ့က“Boko Haram” အကြမ်းဖက်အဖွဲ့ကို ကမ္ဘာ့အန္တရာယ်အကြီးဆုံးမရဏအဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုက ၂ဝ၁၄ခုနှစ် ဧပြီလ (၁၄)ရက်နေ့မှာ နိုက်ဂျီးရီးယားနိုင်ငံ အလယ်တန်းကျောင်းမှာရှိတဲ့ ကျောင်းသူ ၂၇၆ ယောက်ကို ပြန်ပေးဆွဲသွားပြီး ထောင်ထဲမှာရှိနေတဲ့ အကြမ်းဖက်သမာတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသူတချို့ ပြန်လည်လွတ်မြောက်လာပြီဆိုပေမယ့် ပျောက်ဆုံးနေတဲ့ ကျောင်းသူ ၁၁၉ ဦးကတော့ “Boko Haram” အကြမ်းဖက်အဖွဲ့ရဲ့လက်ထဲမှာ သေသလား၊ ရှင်သလား အခုထိမသိရသေးပါဘူး။

“Boko Haram” အကြမ်းဖက်အဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်က Abu Musab al-Barnawi ဖြစ်ပြီး သူဟာ Mohammed Yusuf ရဲ့သား ဖြစ်ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံမှာ အခြေစိုက်ထားတဲ့ “Boko Haram” အကြမ်းဖက်အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတင်မက မူးယစ်ဆေးဝါး၊ ပြန်းပေးဆွဲခြင်းနဲ့ ဓားပြမှုတွေလည်း လုပ်ကိုင်တယ်လို့ သိရပြန်ပါတယ်။ “Al-Shabaab” အကြမ်းဖက်အဖွဲ့၊ “ISIS” အကြမ်းဖက်အဖွဲ့နဲ့ “Al-Qaeda” အကြမ်းဖက်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ထားပြီး အကြမ်းဖက်သမားပေါင်း ၆ဝ,ဝဝဝ ကျော်ရှိတယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်သမားဆိုတာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတဲ့ အမှိုက်တွေပါပဲ။ ကမ္ဘာ့အရပ်ရပ်မှာ အကြမ်းဖက်သမားတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာလည်း ဒုနဲ့ဒေးပါ။ အကြမ်းဖက်သမားတွေ အမြန်ဆုံးကျဆုံးပြီး ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Photo Credit – The Guardian Nigeria ၊ African Arguments

ကျော်စိုးအောင် (အခရာ)