ပြည်ပနိုင်ငံကနေ မြန်မာနိုင်ငံမှာပဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ရွေးချယ်ခဲ့တဲ့ ကိုမောင်မောင်မြင့်

ပြည်ပနိုင်ငံကနေ မြန်မာနိုင်ငံမှာပဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ရွေးချယ်ခဲ့တဲ့ ကိုမောင်မောင်မြင့်

ဒီတစ်ခေါက် “THE STARTERS” အစီအစဉ်မှာတော့ ခြင်နဲ့ ပိုးမွှားအန္တရာယ်တွေကနေ အကာအကွယ်ပေးနေတဲ့ Mr.Screen ကို တည်ထောင်ခဲ့တဲ့ ကိုမောင်မောင်မြင့် နဲ့ တွေ့ဆုံထားပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ အတွေ့အကြံတွေနဲ့ အကြံဉာဏ်တွေက လုပ်ငန်းစတင်ချင်တဲ့ လူငယ်တွေအားလုံးအတွက် တစ်ခုခုရသွားနိုင်တဲ့စကားသံတွေဖြစ်နေလို့ အခုလိုပဲ ဝေမျှပေးလိုက်ပါတယ်နော်။

အရင်ဆုံး Mr.Screen အကြောင်း ပြောပြပေးပါဦး။
ကျွန်တော်တို့ Mr.Screen ဆိုတာ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ခြင်တွေ၊ ပိုးမွှားတွေအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သဘာဝနည်းကျဖြေရှင်းချက်ကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့ ၂၀၁၃ခုနှစ်ကတည်းက ခြင်လုံဇကာလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ဒီလုပ်ငန်းကတော့ အခု Stable ဖြစ်နေပြီလို့ ထင်ပါတယ်။

ဒီလိုလုပ်ငန်းလုပ်ကိုင်မယ်လို့ ဘယ်လိုစိတ်ကူးပြီး စတင်ဖြစ်ခဲ့တာလဲ။
ကျွန်တော် စင်ကာပူမှာ ဘွဲ့ရပြီး တစ်နှစ်လောက် အဲဒီ့မှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ လုပ်နေရင်းမှာပဲ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိပြီး တိုင်ပင်ရင်းနဲ့ မြန်မာပြည်မှာပဲ စီးပွားရေးပြန်လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆုံးဖြတ်ခဲ့ပြီးပေမယ့် အဲဒီ့အချိန်အထိ ဘာလုပ်လို့လုပ်ရမလဲဆိုတာကို မသိခဲ့သေးဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ဖွံ့ဖြိုးလာပြီဆိုတော့ အခွင့်အလမ်းတော့ရှိမှာပဲလို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီမှာ ကျွန်တော့် သူငယ်ချင်းရဲ့ အဖေက ဦးဆောင်ပြီး Trading လုပ်ဖြစ်ခဲ့တယ်။ သွင်းမယ်ဆိုတော့ နိုင်ငံတကာကုန်စည်ပြပွဲတွေသွားပြီး ဘယ်လိုကုန်ပစ္စည်းတွေ သွင်းရမလဲဆိုတာကို လေ့လာရင်း ဒီခြင်လုံဇကာကို တွေ့ခဲ့တော့ မြန်မာပြည်မှာကလည်း သိတဲ့အတိုင်းပဲ။ ခြင်ပေါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ဆိုရင်လည်း အဆင်ပြေတာကိုတွေ့ရတော့ စပြီး တင်သွင်းဖြစ်ခဲ့တာပါ။

Mr.Screen လုပ်ကိုင်နေရင်း ကြုံတွေ့ခဲ့ရတဲ့ Challenge ဆိုရင်ရော ဘယ်အရာတွေဖြစ်မလဲ။
ကျွန်တော်က Engineering Background ကနေ လာတာဆိုတော့ Business နဲ့ပတ်သက်ရင် ဘာမှမသိခဲ့ဘူး။ ပြန်လာတာကလည်း လုပ်မယ်ဆိုတဲ့စိတ်ကူးပဲရှိတယ်။ ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး။ စလုပ်တဲ့အချိန်မှာ အများကြီးသင်ယူရတယ်။ Human Resource တို့၊ Marketing ပိုင်းတို့ နောက်ပြီး Financial Control လုပ်တာတို့ကို သင်ယူခဲ့ရတယ်။ သင်ရင်း၊ မှားရင်း၊ ပြန်ပြင်ရင်းနဲ့ပဲ အခုလိုဖြစ်လာတာပေါ့။

အလုပ်တွဲလုပ်ဖို့ ပညာရှင်တွေနဲ့ ဝန်ထမ်းရွေးချယ်မှုအပိုင်းတွေမှာရော ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်လေ့ရှိလဲ။
ကျွန်တော်တို့နဲ့ တွဲပြီး အလုပ်လုပ်တဲ့အချိန်မှာ ရိုးသားရမယ်။ ကြိုးစားရမယ်။ တကယ်လုပ်ချင်တဲ့စိတ်ရှိတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုမျိုးဆိုရင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို ကျွန်တော်တို့ အတူတူတိုင်ပင်ပြီး တိုးတက်အောင် လုပ်သွားလို့ရတယ်။ သူတို့လိုအပ်တာကိုလည်း ကျွန်တော်တို့က ဖြည့်ဆည်းပေးမယ်။ သူတို့ပိုတော်ပိုကောင်းလာမှပဲ ကျွန်တော်တို့ ကုမ္ပဏီလည်း ပိုကောင်းလာနိုင်မှာဆိုတော့ ပုံမှန်လည်း ဒီလိုအချက်တွေကိုကြည့်ပြီး ဝန်ထမ်းကိုရွေးချယ်ပါတယ်။

Entrepreneur တစ်ယောက်ဖြစ်ရတာ စိတ်ညစ်စရာကောင်းတဲ့အချက်ဆိုရင် ဘာဖြစ်မလဲ။
အဲဒါကတော့ Fixed Working Hours နဲ့ Fixed Holidays ကိစ္စတွေပေါ့။ ဝန်ထမ်းတွေက စနေ၊ တနင်္ဂနွေဆိုနားရပေမယ့်လည်း ကျွန်တော်အတွက် သေချာသတ်မှတ်ထားတာမျိုးမရှိဘူးပေါ့။ အချိန်ရှိသရွေ့လည်း စဉ်းစားနေရတယ်။ ဒီပစ္စည်း မအောင်မြင်ခဲ့လို့ရှိရင် အခက်အခဲရှိမှာဆိုတော့ အစကတည်းက အမြဲတမ်း စိတ်ပူပန်နေရတယ်။ ဒါပေမယ့် အောင်မြင်သွားခဲ့ရင်လည်း Enjoy ဖြစ်နေရမှာပါပဲ။

Entrepreneur တစ်ယောက်ဖြစ်ချင်လို့ ကြိုးစားနေကြတဲ့လူငယ်တွေကိုရော ဘာများပြောချင်သေးလဲ။
ကျွန်တော့်ရဲ့ အမြင်ကတော့ ဘယ်အရာမဆို (၁၀၀) ရာခိုင်နှုန်း Ready ဖြစ်မှ လုပ်မယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။ အခုပဲ စလုပ်လိုက်ပါ။ အလုပ်တစ်ခုဆိုတာ (၁၀၀) ရာခိုင်နှုန်း အောင်မြင်မယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ အဲဒီတော့ ကိုယ့်မှာ Idea တစ်ခုရှိတယ်။ အဲဒီ့ Idea ကို ယုံကြည်တယ်၊ ဈေးကွက်ရှိတယ်၊ လူတွေအတွက် အကျိုးပြုတယ်ဆိုရင် ကိုယ့်နည်းလမ်းနဲ့ကိုယ် စလုပ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ စလုပ်ကြည့်လိုက်မှပဲ ဒီအလုပ်ဟာ အောင်မြင်နိုင်၊ မအောင်မြင်နိုင်ဆိုတာ သိရမှာ။ အဲဒီတော့ အပေါ်ကပြောခဲ့တဲ့အချက် (၃)ချက်နဲ့ညီတယ်ဆိုရင် စလုပ်လိုက်ပါလို့ပဲ အကြံပေးချင်ပါတယ်။

Moethaesay (Akhayar)