ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ အန္တရာယ်အရှိဆုံး နေရာများ

ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ အန္တရာယ်အရှိဆုံး နေရာများ

အခုခေတ်ကြီးမှာ လူတွေဟာ ပိတ်ရက်ကလေးနည်းနည်းရတာနဲ့ ခရီးတွေ အပြိုင်အဆိုင်ထွက်ကြပါတယ်။ ခရီးထွက်တဲ့အခါမှာလည်း တချို့တွေက အပန်းဖြေဖို့ဆိုပြီး အပန်းဖြေခရီးတွေ ထွက်ကြရတာ ကြိုက်တဲ့သူရှိသလို တချို့တွေကကြတော့လည်း စွန့်စွန့်စားစားသွားရတဲ့ စွန့်စားခရီးတွေကို ကြိုက်ကြတဲ့သူတွေ ရှိကြပါတယ်။ လူဆိုတာကလည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ရမှ ပျော်ရွှင်ကြ၊ အပန်းဖြေကြတဲ့ အမျိုးတွေဖြစ်တော့ ကြိုက်တာတွေကိုလုပ်ပြီး ကြိုက်သလောက် အပန်းဖြေ အနားယူလို့ရပေမယ့် အန္တရာယ်များတဲ့ ခရီးမျိုးတွေကို သွားမိပြီးတော့ စိတ်ပင်ပန်း၊ ခြောက်ခြားနေရတာမျိုးတော့ မဖြစ်စေချင်ဘူးနော်။ ဒါကြောင့်မို့ ကမ္ဘာပေါ်မှာရှိတဲ ကမ္ဘာလှည့်ခရီးသွားတွေ အသွားအများဆုံး အန္တရာယ်များတဲ့ နေရာတွေကို စုစည်းဖော်ပြချင်ပါတယ်။ ဒီနေရာလေးတွေကို အန္တရာယ်များလို့ မသွားဖု့ိ စုစည်းဖော်ပြပေးထားပေမယ့် အန္တရာယ်တွေကို မကြောက်ဘူး ရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်တယ်ဆိုရင်တော့လည်း ပရိသတ်ကြီးရဲ့သဘောပဲမို့ မတားတော့ပါဘူးနော်။

Cliff Of Moher
ရင်သပ်ရှုမောဖွယ်ရာ Aran ကျွန်းနဲ့ Galway ပင်လယ်အော်တို့ရဲ့ မြင်ကွင်းများနဲ့အတူ Cliff of Moher ဟာလည်း ကမ္ဘာ့လှည့်ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်ကြတဲ့ Ireland ရဲ့ ကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီလို ကျော်ကြားမှုတွေရှိပေမယ့်လည်း အန္တရာယ်အကြီးဆုံး နေရာတစ်နေရာလည်း ဖြစ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ချောက်ကမ်းပါးအစွန်းမှာသာသွားရပ်မိရင် ၇၀၀ ပေနက်တဲ့ Atlantic ထဲကို လိမ့်ဆင်းသွားနိုင်တဲ့အတွက်ကြောင့်ပါ။ အံသြဖွယ်ကောင်းတဲ့ လှပတဲ့ရှုခင်းတွေကို ဘေးကင်းကင်းနဲ့ ကြည့်ရှုခံစားချင်ရင်တော့ တရားဝင်ဖောက်ထားတဲ့ နေရာကနေကြည့်တာမျိုး (သို့) သုံးပုံတစ်ပုံလောက်အကွာကနေပဲ ကြည့်ရှုခံစားတာမျိုး လုပ်ပါ။

Spain နိုင်ငံ Pamplona က နွားသိုးပြေးပွဲ
စိတ်လှုပ်ရှားမှုတွေနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ထိပ်တိုက်တွေ့ချင်တဲ့သူတွေအနေနဲ့ Pamplona မှာကျင်းပတဲ့ နွားသိုးပြေးပွဲရှိတဲ့ဆီကို ခရီးထွက်သင့်ပါတယ်။ ကြောက်တတ်တဲ့သူတွေကတော့ မသွားတာ အကောင်းဆုံးပါပဲနော်။ Running Bull’s Site အရဆိုရင်တော့ ၁၉၁၀ ခုနစ် စပိန်ပွဲတော်ကျင်းပကတည်းက လူပေါင်း ၁၆ ဦးလောက် သေစေနိုင်လောက်အောင် ထိုးဝှေ့ခံခဲ့ရဖူးပါတယ်။ နွားသိုးမထိုးဝှေ့ခဲ့ရရင်တော့ သေချာတာကတော့ ပြေးရင်းလွှားရင်းနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတွေ (သို့) တခြားအပြေးသမား ထိုးဝှေ့ခံရမှာကို ကြောက်ပြီး အပြေးလွန်ရင်းနဲ့ တစ်ဦးနဲ့တစ်ဦး တက်နင်းခံရတာမျူိုးလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းလို့ လွတ်သွားခဲ့ရင်တော့ ပြေးလိုက်ရလွန်းလို့ အဆီတွေကျပြီး Slim လေးဖြစ်သွားမှာ သေချာပါတယ်။ အဲဒီလိုမျိုးကြောက်လန့်တကြား ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးပြီး သေဘေးကနေ လွတ်ရအောင် လုပ်ရတာမျိုး ကြိုက်ရင်တော့ တစ်ခါလောက်တော့ သွားကြည့်သင့်ပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကလည်း အများကြီး နွားသိုးကလည်း နောက်ကပါလာမှာဆိုတော့ ကြောက်စရာကောင်းပြီး အန္တရာယ်များနေမှာကတော့ အသေအချာပါပဲ။

Trift Bridge
ယုံချင်ယုံ မယုံချင်နေ Swiss Alps မှာရှိတဲ့ Trift Bridge က အမြင်နဲ့ကြည့်ရတာထက်တော့ အများကြီး ပိုလုံခြုံပါတယ်။ ဒီခေတ်သစ်တံတားကို Nepalese Three Rope Bridge တည်ဆောက်ပြီးတဲ့နောက်ပိုင်း ၂၀၀၉ ခုနှစ်မှာ တောင့်တင်းတဲ့စတီးတွေနဲ့ သစ်သားတွေကိုသုံးပြီး တည်ဆောက်ခဲ့တာပါ။ အမြင့်ကြောက်တတ်တဲ့သူတွေအနေနဲ့တော့ ဒီတံတားကို လုံးဝမသွားတာ အကောင်းဆုံးပါပဲ။ ပေ ၃၀၀ မြင့်ပြီး ၅၆၀ ရှည်တဲ့ Trift တံတားဟာ Alps တောင်တန်းမှာတော့ အရှည်ဆုံးနဲ့ အမြင့်ဆုံးဖြစ်ပြီး ခြေကျင်လျှောက်သွားခြင်းကို ရပ်ဆိုင်းထားတဲ့ တံတားဖြစ်ပါတယ်။ အဲ့ဒီနားကိုရောက်ဖို့အတွက်ဆိုရင်တော့ Cable ကား သုံးစီး စီးပြီးသွားမှသာ ရောက်ပါလိမ့်မယ်။ ဓာတ်ပုံကို ကြည့်လိုက်တာနဲ့တင် ကျောချမ်းချင်စရာကောင်းတဲ့ တံတားကြီးမှန်း သိသာပါတယ်နော်။ ဟုတ်မဟုတ် ကြည့်ကြည့်ပါဦးနော်။

Yellowstone National Park
National Park Service က တောင်တက်တဲ့သူတွေ၊ စခန်းချေျနထိုင်တဲ့သူတွေနဲ့ တခြားစွဲဆောင်မှုရှိတဲ့ နေရာတွေကို လာရောက်လည်ပတ်တဲ့သူတွေကို ဝက်ဝံနဲ့ တွေ့နိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။ မြောက်အမေရိကပိုင်းမှာသာတွေ့ရှိရတဲ့ ဒီဝက်ဝံကြီးဟာ တွေ့ရှိရခဲပေမယ့် အခန့်မသင့်ရင် တွေ့နိုင်တာမို့ ဒီနေရာကို လည်ပတ်ခြင်းက အန္တရာယ်များပါတယ်။ ဒ့ါအပြင် ပန်းခြံအတွင်းမှာ ပျမ်းမျှအနေနဲ့ တစ်နှစ်ကို တစ်ခါ ဝက်ဝံတိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုပြီး စာရင်းရှိထားလို့ စွန့်စားရတာ ကြိုက်တယ်ဆိုပြီး Yellowstone ဘက်ကို ခြေချပြီး အပန်းဖြေဖို့ စိတ်မကူးပါနဲ့နော်။

Abu Dhabi က Formula Rossa Roller Coaster
စိတ်ညစ်တဲ့အခါမှာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတစ်ခုခုပေါ်စီးပြီး စိတ်လွတ်ကိုယ်လွတ်အော်လိုက်တာမျိုး လုပ်ကြည့်ချင်ကြတယ်မှတ်လား။ အော်တဲ့အချိန်မှာ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားပေမယ့် အောက်ကိုဆင်းသွားတဲ့အချိန်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းမှန်း စီးဖူးတဲ့သူတိုင်း သိကြမှာပါနော်။ Abu Dhabi’s Ferrari Wolrd Clock မှာရှိတဲ့ တစ်နာရီကို ၁၄၉ mph နှုန်းနဲ့ ပြေးနေတဲ့ Formula Rossa ကို စီးကြည့်ပါ။ ဒီ Roller Coaster ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး Roller Coaster ဖြစ်ပါတယ်။ Hydraulic Launch System နဲ့ Power ပေးထားပြီး ၉၂ စက္ကန့်လေးအတွင်းမှာပဲ ၁.၃ မိုင်လောက်ရောက်အောင် ဇက်ကုန်လွှတ်မောင်းလို့ ဒါကိုစီးနေရင် Formula One ကားမောင်းပြိုင်ပွဲထဲမှာ စီးနင်းနေရသလိုမျိုး ခံစားနေရမှာပါ။ ကားမူးတတ်တဲ့လူမျိုးမဟုတ်ခဲ့ဘူးဆိုရင်တော့ ဒီနှုန်းနဲ့ မောင်းတဲ့ Roller Coaster ကို စီးရင်အန္တရာယ်မရှိပေမယ့် ကားမူးတတ်တဲ့သူဆိုရင်တော့ အရမ်းအန္တရာယ်များပါတယ်။

ဒီနေရာလေးတွေကတော့ ကမ္ဘာပေါ်က ဆန်းဆန်းပြားပြားဖြစ်တဲ့နေရာလေးတွေလို့ ပြောလို့ရသလို အန္တရာယ်များတဲ့ နေရာလေးတွေလို ပြောရင်လည်း ရပါတယ်။ ဒီလိုနေရာတွေ သွားတာမသွားတာကတော့ ပရိသတ်ကြီးရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။ ခရီးတွေ အများကြီးသွားပြီး အပန်းဖြေအနားယူကာ စိတ်လက်ပေါ့ပါးသွားတာမျိုးပဲ ဖြစ်ဖို့ဆိုရင်တော့ ရွေးချယ်မှုတွေ မှန်ကန်ကြဖို့ လိုအပ်လို့ မှန်ကန်ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်နော်။

H.H(Akhayar)