Critical Thinking က သင့်ဘဝအတွက်ဘာလို့အရေးပါတာလဲ

Critical Thinking က သင့်ဘဝအတွက်ဘာလို့အရေးပါတာလဲ

Critical Thinking လို့ပြောလိုက်ရင် လူတိုင်းလိုလိုနားလည်တယ်လို့ထင်ရပေမယ့် တချို့တွေကျပြန်တော့လည်း အင်း….. Critical Thinking ဆိုပြီး ခေါင်းထဲကိုစာလုံးလိုက်ဝင်လာတယ် ၊ အဲဒါဘာကိုဆိုလိုချင်တယ်ဆိုတာကို သိသလိုလို မသိသလိုလိုဖြစ်နေပြန်တယ်။ အဓိပ္ပါယ်ကအမြဲလျှာဖျားလေးမှာပဲတစ်နေတတ်တယ်။ ဒီတော့ Critical Thinking ဆိုတာဘာလဲ။ Critical Thinking ကို ပုံစံအမျိုးမျိုးနဲ့ အနက်ဖွင့်ကြတယ်။ ဒါပေမယ့် စာရေးသူအတွက် Critical Thinking ဆိုတာကတော့ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ချနိုင်ဖို့ ကိုယ့်မှာရှိပြီးသားသတင်းအချက်အလက်တွေကို သေချာလေ့လာသုံးသပ်ပြီး ဦးနှောက်ထဲဝေဖန်ပိုင်းခြားရတာပဲဖြစ်ပါတယ်။
Critical Thinking ဆိုတာနယ်ပယ်တိုင်းမှာ အရေးပါအရာရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဆုံးဖြတ်ချက်တွေက အနာဂတ်ကို ပိုင်းဖြတ်ပေးတာကြောင့်ဖြစ်ပါတယ်။ ကိုယ်ကဘယ်လိုအလုပ်နယ်ပယ်မှာပဲကျင်လည်နေပါစေ ၊ ကိုယ့်ရဲ့အနာဂတ်က ကိုယ်ချမှတ်တဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာပါ။ ဒါ့အပြင် Critical Thinking က

ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အထောက်အပံ့ပေးတယ်
လူတွေက နေ့တိုင်းနေ့တိုင်းမှာ ဆုံးဖြတ်ချက်ထောင်ချီ ချနေကြပါတယ်။ ဒီဆုံးဖြတ်ချက်တွေထဲက အများစုကကိုယ့်ရဲ့မသိစိတ်ကနေဆုံးဖြတ်လိုက်တာများတယ်။ ပြောရရင်ဒီနေ့ဘယ်လွယ်အိတ်ယူသွားမယ်ဆိုတာမျိုးက အရမ်းကြီးစဉ်းစားစရာမလိုတဲ့အရာမျိုးလေ။ ဒါပေမယ့်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရတာ ခက်ခဲပြီး တွေးတောဖို့ အချိန်တော်တော်ယူရတတ်တယ်။ ပြောရရင် အလုပ်ထွက်သင့်လား ၊ မထွက်သင့်ဘူးလား ၊ တခြားမြို့ကိုပြောင်းမလား ၊ မပြောင်းဘူးလားဆိုတဲ့ဆုံးဖြတ်ချက်တွေက သေချာလေးအချိန်ပေးစဉ်းစားပြီးတော့မှ ဆုံးဖြတ်ရတဲ့အရာတွေဖြစ်သလို ဒီဆုံးဖြတ်ချက်တွေရဲ့ရလဒ်ကလည်း အရမ်းကိုစကားပြောတယ်လေ။ ဒါကြောင့် Critical Thinking သုံးပြီးသေချာစဉ်းစားဆုံးဖြတ်တာက ပိုပြီးကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ အထောက်အကူပြုတာဖြစ်တယ်။

ပိုပြီးပျော်ရွှင်ချမ်းမြေ့စေတယ်
ကိုယ့်ကိုယ်ကိုယ်သိခြင်းက ပျော်ရွှင်ခြင်းရဲ့လမ်းစပဲဖြစ်တယ်။ ကိုယ်ဘာဖြစ်ချင်တယ် ၊ ကိုယ်ဘာလုပ်တယ်ကိုသိတာက ကိုယ့်ကိုပျော်ရွှင်အောင် စွမ်းဆောင်နိုင်တယ်။ Critical Thinking က သင့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့စဉ်းစားချင့်ချိန်တွေးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့အတွေးတွေကို ကိုယ်ထိန်းချုပ်နိုင်မယ်။ ဒီတော့ Critical Thinking ကိုအသုံးချမယ်ဆိုရင် မကောင်းတဲ့အတွေးတွေကို မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားနိုင်တာကြောင့် ပျော်ရွှင်မှုလမ်းစကိုရှာတွေ့နိုင်တယ်။ Critical Thinking က ကိုယ့်ကိုယ်နောက်ပြန်ဆွဲထားတဲ့အတွေးအခေါ်တွေကနေလည်းလွတ်မြောက်အောင် ကယ်တင်ပေးနိုင်တယ်။ Critical Thinking က ကိုယ့်ရဲ့အားသာချက်တွေ ၊ အားနည်းချက်တွေကို သိအောင်လမ်းပြပေးတယ် ၊ ကိုယ်ဘာတွေတိုးတက်အောင်လုပ်နိုင်သေးတယ် ၊ ကိုယ့်မှာဘယ်လိုစွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတာကိုပြတယ် ၊ ကိုယ့်ရဲ့အတွေးတွေ ၊ ယုံကြည်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ တွန်းအားပေးတယ်။ ဒါတွေက ကိုယ့်ရဲ့ပျော်ရွှင်ခြင်းရဲ့ အပိုင်းအစလေးတွေဖြစ်တယ်လေ။

ဆက်ဆံရေးတွေမှာ ပိုမိုကောင်းမွန်လာစေတယ်
အရာရာတိုင်းကို စဉ်းစားဆင်ခြင်ပြီး လိုက်တွေးတောနေရလို့ ကိုယ့်ကိုယ်ကိုယ် လူ့ဂွစာဖြစ်နေပြီလို့တော့မထင်လိုက်ပါနဲ့။ တကယ်က Critical Thinking က ဆက်ဆံရေးတွေကို ပိုပြီးအဆင်ပြေစေပါတယ်။ ဘာလို့လဲဆိုတော့ Critical Thinking လုပ်တာကြောင့် လုံးစေ့ပတ်စေ့တွေးမိပြီး သူတစ်ပါးရဲ့ခံစားချက်ကိုပါ နားလည်ပေးနိုင်တယ်။ အမြင်လည်းပိုကျယ်ပြီး ဘက်ပေါင်းစုံကနေမြင်နိုင်တာကြောင့် ပေါင်းသင်းဆက်ဆံရေးကို ပိုတိုးတက်စေတယ်။ ဒါကြောင့်လည်း လူပေါင်းစုံနဲ့တည့်အောင်နေနိုင်တယ်။ ခြုံပြောရရင် Critical Thinking လုပ်ရင် အဆုံးထိကိုကျော်ပြီးမတွေးဖြစ်တော့ဘဲ ဆုံးဖြတ်ချက်အလျင်စလိုမချမိတော့ သူတစ်ပါးစိတ်ထိခိုက်စေမယ့်စကားမျိုးလည်း မပြောဖြစ်တော့ပါဘူး။

စာရေးသူပြောသွားတဲ့ဒီအချက်တွေက ဘဝမှာပြန်ပြီးအသုံးချလို့ရတဲ့အချက်တွေပဲဖြစ်တယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာ အမှန်တကယ်လိုအပ်တဲ့အရာဖြစ်တယ်။ ဒါ့အပြင် ပျော်ရွှင်ခြင်းနဲ့ ဆုံးဖြတ်ချက်တွေက ဘဝကိုရှေ့ဆက်ဖို့ အထောက်အပံ့ပေးတဲ့ လက်နက်တွေဖြစ်တာကြောင့် Critical Thinking ကိုဘဝမှာအသုံးချသင့်ပါတယ်။

Piki (Akhayar)