ဘာကြောင့် Walt Disney World လက်မှတ်တွေဟာ ဈေးနှုန်းကြီးမြင့်ရတာပါလဲ

ဘာကြောင့် Walt Disney World လက်မှတ်တွေဟာ ဈေးနှုန်းကြီးမြင့်ရတာပါလဲ

Walt Disney World မှာ Star Wars-themed Galaxy Edge တွေကို ကြည့်ဖို့ စိတ်လှုပ်ရှားနေလား။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုအသစ်အသစ်တွေကို ဒီဆောင်းဦးမှာ ဖွင့်လှစ်တော့မှာမို့လို့ လက်မှတ်ဈေးနှုန်းတွေကြည့်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ စိတ်ကူးထားရင် သေချာပေါက် Shock ရသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ လက်မှတ်ဈေးနှုန်းတွေဟာ အရမ်းကြီးမြင့်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Business Insider အရဆို Disney ရဲ့ လက်မှတ်ဈေးနှုန်းကြီးမြင့်တာဟာ ၂၀၁၈ တုန်းကဆို နှစ်ဆအထိ မြင့်တက်ခဲ့ဖူးပါတယ်။ လက်မှတ်ဈေးနှုန်းမြင့်တက်သွားတာက တစ်နှစ်စာ Platinum Pass အတွက် မြင့်တက်သွားတာ ဖြစ်ပါတယ်။ Platinum Pass ဆိုတာက တစ်နှစ်မှာ Theme Park လေးခုဖြစ်တဲ့ Magic Kingdom ၊ Epcot Center ၊ Hollywood Studios နဲ့ Animal Kingdom တို့ကို ဝင်ရောက်ခွင့်အတွက် ဖြတ်ရတဲ့ လက်မှတ်ပါ။ ဖေဖော်ဝါရီမှာဆို Disney က ဝင်ခွင့်ဈေးနှုန်းကို $779 ကနေ $849 အထိမြင့်တက်ခဲ့ပါတယ်။ အောက်တိုဘာမှာတော့ $849 ကနေ $890 အထိ လက်မှတ်ဈေးနှုန်းကို ထပ်မံတိုးမြင့်ခဲ့ပါတယ်။

Wall Street Journal အရဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ကျော်တုန်းကလည်း Disney ဟာ ငွေကြေးဖောင်းပွမှုကြောင့် ဝင်ကြေးတွေကို နှစ်ဆအထိ မြင့်တက်ခဲ့ဖူးပါတယ်။ ဘာလို့ လက်မှတ်ဈေးနှုန်းတွေဟာ အဲ့ဒီလောက်ကြီး ကြီးမြင့်ရတာလဲဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Business Insider ရဲ့ အစီအရင်ခံချက်အရ Disney ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တုန်းက လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း $4.5 ဘီလီယံလောက် မြတ်စွန်းခဲ့တယ်ဆိုတော့ ဘယ်လိုအကြောင်းပြချက်တွေကြောင့် လက်မှတ်ဈေးနှုန်းတွေ ကြီးမြင့်ရတာပါလိမ့်ဆိုတာ လေ့လာကြည့်လိုက်ကြရအောင်။

ဈေးကွက်ကို လွှမ်းမိုးဖို့ ဆန္ဒရှိလို့ဖြစ်ပါတယ်
Washington Post ရဲ့ ဖော်ပြချက်အရ Walt Disney ကို ၁၉၇၁ ခုနစ် Orlando မှာဖွင့်တုန်းက ဝင်ကြေးကို $ 3.5 ကောက်ခံပါတယ်။ နောက်ပိုင်းမှာ Theme Park ကနေ Main Street USA တစ်လျှောက် စီတန်းဖျော်ဖြေတဲ့ တီးဝိုင်းကြီးတွေနဲ့ လှည့်လည်ဖျော်ဖြေတဲ့ အစီအစဉ်တွေ ထည့်သွင်းလာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Disney က သူတို့ဆီကို လူဝင်များလာအောင် ဆွဲဆောင်မှုရှိတာတွေ အများကြီး ဖန်တီးလာပါတယ်။ အပန်းဖြေဖို့ ဥယျာဉ်တွေအများကြီးဖန်တီးကာ ဆွဲဆောင်သလို ပြိုင်ဘက်တွေထက် ဧည့်သည်တွေ နှစ်ဆပိုဝင်အောင် ဆန်းသစ်မှုရှိရှိနဲ့ ပိုမိုဆွဲဆောင်နိုင်အောင် ဖန်တီးလာပါတယ်။

၂၀၁၀ မှာ Universal Studio က Harry Potter Attraction နဲ့ ဖွင့်လှစ်လိုက်တဲ့အခါ Disney ဟာ သာမန်ထက်ပိုပြီး အားထုတ်မှု အပူအပြင်း ပြုလုပ်လာပါတယ်။ Disney ဟာ ယှဉ်ပြိုင်မှုတွေနဲ့ တဖန်ကြုံတွေ့လာတဲ့အခါ ယှဉ်ပြိုင်ရမှာကိုလည်း မလိုလားသလို ရှုံးနိမ့်ရမှာကိုလည်း ကြောက်လာတဲ့အတွက် ဈေးကွက်ကို လွှမ်းမိုးနိုင်လာအောင် ကြိုးစားလာပါတယ်။

Wall Street Journal ရဲ့ ဖော်ပြချက်အရ လွန်ခဲ့တဲ့ငါးနှစ်က Disney ဟာ ကမ္ဘာ့တစ်ဝှမ်းရှိ ဥယျာဉ်တွေမှာ $15 ဘီလီယံထက်မနည်း ရင်နှီးမြှုပ်နှံခဲ့ပါတယ်။ အဆိုပါ ဗျူဟာဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနစ်မှာ မြောက်အမေရိက Theme Park တွေမှာ ၅၅ ရာခိုင်နှုန်းဟာ Disney Park တွေ ဖြစ်လာပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်ခဲ့ပါတယ်။

ဈေးနှုန်းပုံစံတွေ ပြောင်းလဲသတ်မှတ်ပြီး ပိုမိုဝယ်ယူအောင် ဆွဲဆောင်ခြင်း
နွေရာသီကျောင်းပိတ်ရက်တွေနဲ့ ကျောင်းအားလပ်ရက်တွေဟာ Disney အတွက် အလုပ်အများဆုံး အချိန်တွေ ဖြစ်လာတဲ့အခါ ဈေးနှုန်းတွေကို ပြောင်းလဲကောက်ခံလိုက်တာက အံ့သြစရာမရှိပါဘူး။ Disney World နဲ့ Disneyland ကို တစ်နှစ်ထဲမှာ တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့တဲ့အတွက် ၂၀၁၈ ခုနစ်မှာ ကုမ္ပဏီက လူတွေလာရောက်လည်ပတ်တဲ့အခါ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက်ဆိုပြီး ဈေးနှုန်းတွေကို ရုတ်တရက် ပြောင်းလဲကောက်ခံလိုက်ပါတယ်။ နှစ်တစ်နှစ်ရဲ့ လည်ပတ်မှုအများဆုံးအချိန်တွေမှာ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့နဲ့ ကောင်းမွန်တဲ့ အချိန်တွေပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုပြီး သာမန် လူနည်းတဲ့အချိန်ထက် ဈေးပိုတိုးမြင့်ကောက်ခံခဲ့ပါတယ်။ အဲဒီချိန်ကစပြီး လက်မှတ်ဟာ Value ၊ Regular နဲ့ Peak Time ပေါ်မူတည်ပြီး သုံးမျိုးကွဲထွက်သွားပါတယ်။ ပုံမှန်လူမကျပ်တဲ့နေရက်တွေဆိုရင် လက်မှတ်ဈေးနှုန်းဟာ $100 လောက်ပဲ ရှိပြီး လူအရမ်းများတဲ့ နေ့ရက်တွေဆိုရင် $120 လောက်ရှိပါတယ်လို့ Wall Street ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အဲဒီလို ပြောင်းလဲကျင့်သုံးလိုက်တဲ့အခါမှာ လူတွေဟာ လက်မှတ်ကို ကြိုတင်ဝယ်ယူပြီး သက်သာအောင် ကြိုးစားလာတဲ့အခါ သူတို့ဟာ ပိုမိုရောင်းကောင်းလာပါတယ်။

ချမ်းသာတဲ့ ဖောက်သည်တွေကို ဆွဲဆောင်လိုခြင်း
နောက်ပိုင်းမှာ Disney ဟာ သာမန်ဖောက်သည်တွေထက်စာရင် ငွေများများသုံးနိုင်တဲ့ ဧည့်သည်တွေ၊ သီးသန့် Tour လာချင်တဲ့သူတွေ၊ ဥယျာဉ်ထဲမှာရှိတဲ့ မင်းသမီးနဲ့ ညစာစားလိုသူတွေ၊ Five-Star Four Resort မှာ အနားယူအပန်းဖြေချင်သူတွေကို ပစ်မှတ်ထားလာပါတယ်။ အဲဒီလို ငွေဖြုန်းနိုင်တဲ့သူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဇာတ်ကောင်တွေ အမျိုးမျိုးဖန်တီးကာ ငွေတွေကို ရှာဖွေဖို့ ကြိုးစားလာကြပါတယ်။

Disney World ဖွင့်တဲ့အချိန်တုန်းက Bora Bora Bungalows မှာ တစ်ညတည်းခိုပြီး လည်ပတ်တဲ့သူတွေဟာ $29 ကျသင့်ပါတယ်။ အခုချိန်မှာတော့ $3400 လောက် ကုန်ကျပါတယ်။ ၂၀၁၈ မှာတော့ ပန်းခြံအတွက် တစ်ဦးချင်းအသုံးစရိတ်ဟာ ငါးရာခိုင်နှုန်းတိုးသွားပြီး ဟိုတယ်အခန်းတစ်ခန်းမှာ တည်းခိုခဟာ ရှစ်ရာခိုင်နှုန်းအထိ တက်သွားပါတယ်။ ငွေများများဖြုန်းနိုင်တဲ့ ဧည့်သည်တွေဟာ ငွေများများပိုပေးရမှ တန်ဖိုးရှိတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းအသုံးချပြီး စွန့်စားမှု ပြုလုပ်ခဲ့တာဟာ အောင်မြင်ခဲ့ပါတယ်။

Walt Disney ဟာ အခုချိန်ထိတော့ အောင်အောင်မြင်မြင် ရှင်သန်ရပ်တည်နိုင်ပေမယ့် ဒီလို ဝင်ခွင့်လက်မှတ်တွေ ဈေးနှုန်းတိုးမြင့်လိုက်ခြင်းကို မရပ်တန့်ဘဲ ဆက်သွားမယ်ဆိုရင် ရေရှည်အတွက်ဆိုရင် လာရောက်လည်ပတ်သူတွေကို မသက်မသာဖြစ်စေနိုင်တယ်ဆိုပြီး တောင် Carolina ရဲ့ Hospitality တက္ကသိုလ် လက်ထောက်ပရော်ဖက်ဆာလည်းဖြစ်ပြီး Disney သရဲအိမ်တွေရဲ့ Cast Member အဖြစ်လုပ်ကိုင်နေသူ Scott Smith က Washigton Post ကို ပြောကြားပါတယ်။ သူတို့ဟာ ရေရှည်အောင်မြင်ဖို့အတွက်ဆို ဈေးနှုန်းကို အလယ်အလတ်တန်းစားပဲ သတ်မှတ်သင့်ပါတယ်လို့အကြံပြုကြပါတယ်။

အခုဖော်ပြတဲ့ အချက်တွေဟာ ဘာကြောင့် ဈေးနှုန်းကြီးမြင့်ရလဲဆိုတဲ့ အကြောင်းပြချက်တွေပဲ ဖြစ်လို့ ပရိသတ်ကြီးလည်း ဖတ်ရှုပြီး ဗဟုသုတတွေ တိုးပွားသွားလောက်ပြီလို့ ထင်ပါတယ်။

H.H(Akhayar)