လူငယ်ဆယ်ကျော်သက်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြတာ ဘာကြောင့်လဲ

လူငယ်ဆယ်ကျော်သက်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြတာ ဘာကြောင့်လဲ

အခုနောက်ပိုင်းမှာဆိုရင် လူငယ်တွေက လူကြီးတွေထက် ပိုပြီး အကြွေစောကြသလိုတောင် ဖြစ်နေပါပြီ။ ဘယ်သတင်းလေးပဲ ကြားလိုက်၊ ကြားလိုက် လူငယ်လေးတွေ တဖြုတ်ဖြုတ်အကြွေစောနေကြတာ လူမှုကွန်ရက်တွေရဲ့ စွမ်းအားတွေကြောင့်လားမသိ ခပ်စိတ်စိတ် ကြားလာရပါတယ်။

ဒီလို အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်တွေ သေဆုံးကြရခြင်းအကြောင်းကို ဆန်းစစ်ကြည့်တဲ့အခါ US က လူငယ်တွေမှာတော့ ဒီလို အကြောင်းအရာတွေ ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၁။ မတော်တဆထိခိုက်မှုများ
အသက် ၁၅ နှစ်မှ  ၂၄ နှစ်အတွင်း အမေရိကန်က လူငယ်တွေရဲ့ ၄၁% ဟာ မတော်တဆထိခိုက်မှုတွေကြောင့် သေဆုံးနေကြရတာ ဖြစ်ပါတယ်။ တော်တော်များများက ယာဉ်နဲ့ ပက်သက်တဲ့ Accident တွေကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကားမောင်းတာပဲ ဖြစ်ဖြစ်၊ ဘေးကနေ ကားလိုက်စီးတာပဲ ဖြစ်ဖြစ် အမြဲခါးပတ်ပတ်ပါ၊ သတိရှိရှိနဲ့ မောင်းနှင်ပြီး အထူးအနေနဲ့တော့ အရက်သေစာနဲ့ မူးယစ်ဆေးဝါးသုံးစွဲပြီး ကားမောင်းတာမျိုးကို ရှောင်ရမှာ ဖြစ်ပါတယ်။

၂။ သေကြောင်းကြံစည်မှု
US ရဲ့ လူငယ်တွေ ဒုတိယမြောက် သေဆုံးမှုအဖြစ်များဆုံးက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုတွေကြောင့် ဖြစ်ပါတယ်။ ဝမ်းနည်းဖွယ်ကောင်းတာကတော့ သေကြောင်းကြံစည်သူတော်တော်များများဟာ ကူကယ်ရာမဲ့နေတဲ့အခြေအနေကနေ သေခြင်းကပဲ လွတ်မြောက်စေလိမ့်မယ်လို့ ယုံကြည်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က စိတ်ဓာတ်တွေကျနေပြီ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိနေပြီလို့ ခံစားရရင် ပေါ့ပေါ့လေး မနေဘဲ ဆရာဝန်နဲ့ ပြတာ၊ ဆေးကုတာနဲ့ ဘဝဆိုတာ နေထိုင်ဖို့ ထိုက်တန်ကြောင်း အဓိပ္ပာယ်တွေ ရှာဖွေဖို့ လုပ်ရမှာ ဖြစ်ပါတယ်။

သေကြောင်းကြံဖို့ ကြိုးစားတဲ့သူအတော်များများဟာ သေကြောင်းကြံစည်မှုလုပ်လိုက်ချိန်မှာ နောင်တရတတ်တယ်ဆိုတာပါပဲ။ ဥပမာအနေနဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို မြို့မှာ ရှိတဲ့ Golden Gate တံတားပေါ်ကနေ ခုန်ချသေကြောင်းကြံပေမယ့် လွတ်မြောက်လာသူတွေကို မေးကြည့်တဲ့အခါမှာ သူတို့ ခုန်ချလို့ အောက်ကို ကျတဲ့ အခိုက်အတန့်မှာပဲ ဒီလို လုပ်ခဲ့တာကို နောင်တနေရခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နှောင်းနောင်တ မရရလေအောင် ဘဝကို လွယ်လွယ်ကူကူအရှုံးမပေးလိုက်ပါနဲ့။

၃။ လူသတ်မှု
နောက်ထပ် လူငယ်တွေ သေဆုံးရတဲ့ အကြောင်းတစ်ခုကတော့ လူသတ်မှုတွေ ကြောင့်ဖြစ်ပါတယ်။ US လို နိုင်ငံမျိုးမှာတော့ သေနတ်တွေ လွယ်လွယ်ရနေတဲ့အတွက် သေနတ်နဲ့ စိတ်မထင်ရင် မထင်သလို ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ လူငယ်တွေ တဖြုတ်ဖြုတ်နဲ့ သေဆုံးနေကြပါတယ်။ မြန်မာပြည်မှာတော့ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လုယက်ရင်း လူသတ်မှုတွေ ဖြစ်ပွားကြတာ က ပိုများပါတယ်။ ဒါမှမဟုတ်ရင်လည်း ခိုက်ရန်ဖြစ်ပွားရင်း လက်လွန်သွားတာမျိုးကြောင့်လည်း လူသတ်မှုတွေ ဖြစ်ပွားတတ်ကြပါတယ်။

ကျွန်တော်တို့ဟာ သူများတွေရဲ့ခံစားချက်ကို ထိန်းချုပ်လို့ မရတဲ့အတွက် အဖြစ်နိုင်ဆုံးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေ ၊ အခြေအနေတွေကို အမြဲသတိထားရှောင်ဖို့ ခေတ်အခြေအနေရကို လိုအပ်နေပြီ ဖြစ်ပါတယ်။

၄။ မူးယစ်ဆေးဝါးနဲ့ အရက်
အသက် ၁၅ နှစ်ကနေ ၂၄ အတွင်း အမေရိကန်လူငယ်တွေရဲ့ ၁၅% ဟာ မူးယစ်ဆေးဝါး ဒါမှမဟုတ် အရက်သောက်သုံးနေသူတွေ ဖြစ်ကြပါတယ်။ မူးယစ်ဆေးဝါးကတော့ ဆေးလွန်တာ၊ HIV လို ကူးစက်ရောဂါတွေ ကူးစက်နိုင်တာနဲ့ လိင်က တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေဆီလည်း ခေါ်ဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွန်အကျွံကြီး မှီဝဲတာမျိုးကိုတော့ သတိထားပြီး ရှောင်မှ အဆင်ပြေပါလိမ့်မယ်။

၅။ ကင်ဆာ
ကင်ဆာကတော့ လူကြီးကိုရော၊ လူငယ်ကိုရော ချမ်းသာမပေးပါဘူး။ တချိ့ကလေးတွေကဆိုရင် မွေးစအရွယ်လေးတွေမှာတောင် ကင်ဆာရောဂါကို ခံစားနေရပါတယ်။ ကင်ဆာကို ကြိုတင်ကာကွယ်နိုင်မနိုင်ဆိုတာ မသေချာပေမယ့် ကင်ဆာဖြစ်နိုင်စွမ်းရှိတဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို လျှော့ပြီး ကင်ဆာဖြစ်နိုင်ခြေမြင့်တဲ့ အစားအသောက်တွေကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

၆။ နှလုံးရောဂါ
နောက်ထပ်လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ ရောဂါကတော့ နှလုံးရောဂါပဲ ဖြစ်ပါတယ်။ တချို့တွေ Gym ဆော့ရင်း အမောဖောက်သွားတာ၊ အိပ်ရာကနေ ပြန်မနိုးလာတော့တာ စတဲ့ ရောဂါတွေဟာ ဒီလို နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလေးပုံမှန်လုပ်ပေးတာနဲ့ သင့်တော်တဲ့ အာဟာရအစားအသောက်တွေ စားပေးတာမျိုးနဲ့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ တချို့ဆို မွေးရာပါ နှလုံးရောဂါနဲ့ မွေးဖွားလာတဲ့အတွက် လူနေမှုဘဝကို ပိုပြီး ဂရုစိုက်မှ ရပါလိမ့်မယ်။

၇။ မွေးရာပါရောဂါများ
တချို့မွေးရာပါရောဂါတွေက မိဘတွေဆီက ဆင်းသက်လာတာ ဖြစ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ လူနေမှုပုံစံရရှိအောင် မိဘတွေက ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၈။ အဖျားရောဂါများ
ကိုယ်က သန်တုန်း ၊ မြန်တုန်း လူငယ်တစ်ယောက်မို့ ဖျားရုံ၊နာရုံနဲ့ မသေဆုံးနိုင်ဘူးလို့ ထင်ရင် လုံးဝမှားသွားပါလိမ့်မယ်။ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း အမေရိကန်လူငယ်တွေရဲ့ ဝ.၆% ဟာ ဖျားနာမှုနဲ့ နမိုးနီးယားကြောင့် သေဆုံးနေရပါတယ်။ ဒါကြောင့် လက်ကို အမြဲတမ်းသေချာဆေးကြောပါ။ Vitamin C ပါတဲ့ အစားအသောက်တွေ စားသောက်ပြီးပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်ရှင်သန်ရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Source : verywellhealth.com