အမြဲတမ်း တစ်ယောက်ယောက်အပေါ် မှီတွယ်အားကိုးချင်နေတဲ့ စိတ်ကို ဘယ်လို ဖောျက်မလဲ

အမြဲတမ်း တစ်ယောက်ယောက်အပေါ် မှီတွယ်အားကိုးချင်နေတဲ့ စိတ်ကို ဘယ်လို ဖောျက်မလဲ

ဒီအကျင့်က ကျွန်တေ်ာတို့ မြန်မာတွေ၊ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေမှာ ပို ဖြစ်တတ်ပါတယ်။ တစ်ခုခုဆိုရင် တစ်ယောက်တည်း မလုပ်တတ်၊ မကိုင်တတ်၊ အမြဲ နှစ်ယောက်တွဲသွားမှ အလုပ်ဖြစ်တာ၊ တစ်ခုခုဆိုရင် တစ်ယောက်ယောက်ရဲ့ အကူအညီပါမှ လုပ်တတ်တာ၊ တစ်ယောက်ယောက်ရဲ့ သဘောတူညီချက်ပါမှ ဆုံးဖြတ်ချက်ချနိုင်တာစတဲ့ အကျင့်တွေပဲ ဖြစ်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့ကို ပျိုးထောင်တဲ့ မြန်မာ့လူနေမှုစရိုက်နဲ့ မိဘတွေရဲ့ ဆိုဆုံးမပုံတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဥပမာပေးရရင် ငယ်ငယ်တုန်းက အမျိုးသားပြတိုက်လို နေရာမျိုးကို လေ့လာရေးသွားရမယ်ဆိုရင် ဆရာမတွေက “နှစ်ယောက်တစ်တွဲ တွဲ၊ နှစ်ယောက် တစ်တွဲ လက်ချင်းတွဲသွားလို့ ပြောလေ့ရှိသလို အိမ်မှာလည်း စာအုပ်ဆိုင်သွားအပ်သွားငှားတဲ့အခါ ” သား အစ်မကို အဖော်ခေါ်သွားလေ” ဆိုတာမျိုး အမြဲ အဖော်အဖက်နဲ့ လွှတ်တဲ့ အကျင့်ကို လုပ်လေ့ရှိပါတယ်။

ဒီနေရာမှာ စောဒကတက်စရာရှိပါတယ်။ မိဘတွေ၊ ဆရာမတွေက တစ်ယောက်တည်းဆိုရင် ပျောက်ရင် ရှာရခက်မှာ စိုးလို့၊ တစ်ခုခုဆိုရင် နှစ်ယောက်ဆိုတော့ အဖော်ရအောင် ထည့်ပေးလိုက်တာ စေတနာနဲ့လေဆိုရင်တော့ ဒီစေတနာက ရည်ရွယ်ချက်ကောင်းပေမယ့် တစ်ဘက်မှာတော့ ကလေးတွေကို ငယ်ငယ်တည်းက တစ်ယောက်ယောက်ကို မှီခိုအားကိုးချင်တဲ့ စိတ်ကို ဖြစ်သွားစေပါတယ်။

နောက်တစ်ချက်ကတော့ ဒီလို မိဘ၊ ဆရာရဲ့ ပျိုးထောင်ပုံကြောင့် မဟုတ်ဘဲ တချို့ ကလေးတွေ ကိုယ်တိုင်မှာက အဲဒီလို တစ်ယောက်ယောက်ကို မှီတွယ်ချင်နေတဲ့ စိတ်၊ အားကိုးချင်နေတဲ့ စိတ်ပါလာတတ်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုတော့…
– ဘဝမှာ ခဏခဏ အငြင်းပယ်ခံရဖူးတာ
– ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံခံရဖူးတာ
– အဆင်မပြေတဲ့ မိသားစု၊ ဒါမှမဟုတ် ချစ်သူရည်းစားနဲ့ တူတူရှိနေရတာ
– တစ်ခုခုဆို အထိမခံ ရွှေပန်းကန် ဖူးဖူးမှုတ်ထားတဲ့ မိဘတွေ ရှိတာ ဖြစ်ဖြစ်
– အရမ်းကို စိုးမိုးချုုပ်ကိုင်လွန်းပြီး အရာရာအမိန့်ပေးတတ်တဲ့ မိဘတွေနဲ့ နေထိုင်ရတာ
– Anxiety Disorders ရှိတဲ့ မိသားစု မျိုးရိုးရှိတာ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။
ဒီလို လူတွေဟာလည်း အမြဲ တစ်ယောက်ယောက်ကို တွယ်ကပ်နေချင်တယ်၊ ဘေးနားတစ်ယောက်လေးမှ မပါရင် မပြီးဘူးဆိုပေမယ့် သူတို့လည်း ဒီလို အမြဲဖြစ်ချင်နေတာ မဟုတ်ပါဘူး။

အပြင်သွားစရာရှိလို့ တစ်ယောက်ယောက်ကို ခေါ်တဲ့အခါ မလိုက်နိုင်ကြရင်၊ သူများတွေက ကိုယ့်အတွက် အချိန်မပေးနိုင်ကြရင် ဝမ်းနည်းတတ်ကြပါတယ်။ ဒါကြောင့် သူတို့လည်း ပြင်ချင်မှာ အမှန်ပါ။

ဒီလို တစ်ယောက်ယောက်ကို မှီတွယ်ချင်တဲ့ စိတ်အခံရှိသူတွေဟာ တစ်ယောက်တည်း နေရတဲ့ အခါတိုင်း၊ လူတွေက ပစ်ပယ်ထားတိုင်း
– စိတ်လှုပ်ရှားတယ်
– စိုးရိမ်ပူပန်စိတ်များတယ်
– ကြောက်တယ်၊ မျှော်လင့်ချက်မရှိသလို ခံစားရနေတတ်ပါတယ်။

ကိုယ့်မှာ ဒီလို စိတ်အခံရှိနေပြီဆိုရင် ဘယ်လိုတွေ ပြုပြင်ကြမလဲ
ဒီလို လူမျိုးတွေမှာ လူတွယ်တတ်တဲ့ စိတ်အခံကြောင့် ဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အရင်ကြိုးစားသင့်ပါတယ်။ ရုပ်ရှင်၊ ဘားစတာတွေကို အဖေါ်ခေါ်မရရင် တစ်ယောက်တည်း သွားကြည့်ပါ၊ အစပထမတော့ ကြောင်တောင်တောင်နိုင်တယ်ထင်ပေမယ့် နောက်ပိုင်းကျတော့ တစ်ယောက်တည်းနေရတဲ့ အရသာကို သိလာပါလိမ့်မယ်။ နေရာတကာ အဖော်မလိုဘူးဆိုတာလည်း သိလာမှာ ဖြစ်သလို ဘားတွေမှာဆိုရင် မိတ်ဆွေသစ်ဖွဲ့တာမျိုးတွေအထိ လုပ်တတ်လာပါလိမ့်မယ်။

နောက်တစ်ခုကတော့ လူတွေက ကိုယ့်ကို လိုက်ကပ်နေတာပဲလို့ ပြောတာမျိုးတွေကို ခံပြင်းစိတ်မဖြစ်ဘူးလားလို့ မေးရမှာ ဖြစ်ပါတယ်။ ဒီလိုခံပြင်းစိတ်ကို အားအဖြစ်ပြောင်းပါ။ လူတွေကို ဘယ်လောက်ပဲ တွယ်ကပ်ကပ် လူတိုင်းမှာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ကိုယ်စီရှိကြပါတယ်။ ကိုယ့်ဘာသာရပ်တည်ကြည့်ပါဦး။

တစ်ယောက်တည်းနေရ၊ တစ်ယောက်တည်းလှုပ်ရှားရရင် ဘယ်သူနဲ့မှ ညှိနေစရာမလိုတဲ့အတွက် စိတ်ရှုပ်စရာမလို၊ စိတ်ပင်ပန်းစရာမလိုပါဘူး။ ဒီအတွက် အပြင်တစ်ခုသွားခါနီးတိုင်း လူစုရ၊ ညှိရတွေ မရှိတော့ဘဲ အချိန်တွေ ပိုထွက်လာ၊ အကောင်းမြင်စိတ်တွေလည်း ပိုများလာတာကို ခံစားကြည့်သင့်ပါတယ်။

ဒီလိုတွေ မြင်တွေးပြီး ပြင်ဖို့ ကြိုးစားလို့ မရဘူးဆိုရင်တော့ ပညာရှင်တစ်ယောက်ရဲ့ အကူအညီ ယူသင့်ပြီ ဖြစ်ပါတယ်။ ဘာကြောင့် အမြဲ နှစ်ယောက်တစ်တွဲ သွားချင်နေတာလဲ၊ လူတွေကို လိုတာထက် ပိုလိုအပ်သလဲဆိုတာကို စိတ်ပိုင်းဆိုင်ရာဆွေးနွေးကုသမှုခံယူသင့်ပါတယ်။

လူတိုင်း တစ်ယောက်ယောက်ကို မှီခို တွယ်ကပ်နေရသူမျိုး မဖြစ်ဘဲ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ကြပါစေ။

Yoe Lu(Akhayar)