Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

အပတ်တိုင်း တင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှု ဒီအပတ်မှာ ပြန်လည်ရောက်ရှိလို့နေပါပြီ။ ဒီတစ်ပတ်မှာရော ဘယ်သူတွေက ဘယ်လိုမေးခွန်းတွေကို လာမေးထားပြီး အခရာကရော ဘယ်လိုမျိုး ပြန်ဖြေပေးထားလဲဆိုတာကို ပရိသတ်ကြီး ဖတ်ရှုကြည့်ပြီး ပြန်လည်အသုံးချနိုင်စေဖို့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ လာမေးကြတဲ့ မေးခွန်းလေးတွေကလည်း နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ဆိုင်တဲ့ မေးခွန်းလေးတွေဖြစ်လို့ ကိုယ်တိုင်ကြုံတွေ့နေရရင် ဒါလေးကို ဖတ်ပြီး အထောက်အကူတစ်စုံတစ်ရာ ရရှိသွားမယ်လို့ ထင်ပါတယ်နော်။ ကဲမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ ကြည့်လိုက်ကြရအောင်။

Q1: ပြတ်သွားတဲ့ ရည်စားနဲ့သူငယ်ချင်းလို ဆက်နေသင့်လား မနေသင့်ဘူးလားဆိုတာကို တစ်ချက်လောက်အကြံပေးပါဦးနော် အခရာကြီးရယ် ဆိုပြီး Facebook User တစ်ဦးက လာမေးထားပါတယ်။

A1:ပြတ်သွားတဲ့ ရည်စားနဲ့သူငယ်ချင်းလို ဆက်နေသင့်လား မနေသင့်ဘူးလားဆိုတာကို ဖြေပေးရမယ်ဆိုရင်တော့ ကိုယ်အပေါ်မှာပဲ မူတည်ပါတယ်လို့ ပြောရမှာပါ။ အရမ်းကို Social ကျတဲ့ အသိုင်းအဝိုင်းမှာက ပြတ်သွားတဲ့ ရည်စားနဲ့ သူငယ်ချင်းလို ဆက်နေတာက ပြဿနာသိပ်မရှိပေမယ့် သူနဲ့ ကိုယ်နဲ့ တွဲတိုင်း ကြောင်တောင်တောင်ဖြစ်နေရတယ် ရှိုးတိုးရှန့်တန့်ဖြစ်နေရတယ်၊ ဘော်ဒါလို ပေါ့ပေါးပါးပါးနဲ့ စကား မပြောနိုင်ဘူးဆိုရင်တောင် သူငယ်ချင်း အဖြစ်နဲ့ မနေတာက အကောင်းဆုံးပါပဲလို့ အကြံပေးချင်ပါတယ်။

Q2: ကျွန်တော် Gym ဆော့နေတာ ကြာပြီ အခုချိန်ထိ ကြွက်သားတွေ ထွက်လာတာမျိုး ဖြစ်မလာသေးဘဲ နဂို Gym မဆော့ခင်ကအတိုင်းပဲ ဖြစ်နေတယ်လို့ ခံစားနေရလို့ ဘယ်နားများမှားနေလဲ သိရင် ဖြေပေးပါနော် ဘယ်လိုပြောင်းဆော့ရင်း ကြွက်သားတွေ ထွက်လာမလဲဆိုတာကိုပါ ပြောပြပေးနိုင်ရင် ပြောပြပေးပါနော် ဆိုပြီး အားကစားလုပ်ရတာ ခုံမင်သူတစ်ဦးက လာမေးထားပါတယ်။

A2: Gym ဆော့နေတာ ကြာပြီး ကြွတ်သားမထွက်တာက ဒီအချက်ငါးချက် မှားယွင်းလုပ်မိနေလို့ပါ။ဘယ်လိုအချက်တွေလဲဆိုတော့ တူညီတဲ့အရေအတွက်နဲ့ပဲကစားမိခြင်း၊အလွန်အကျူးဆော့ကစားခြင်း၊ မှန်မှန်ကန်ကန်မစားသောက်ခြင်း၊ လုံလုံလောက်လောက်မစားခြင်း၊Barbell နဲ့ Dumbbell သုံးပြီး မကစားခြင်း တို့ပဲ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အခရာကလည်း Post တင်ထားဖို့တော့ အသေးစိတ်သိချင်ရင် ဒီ Link လေးကို ဝင်ဖတ်ပြီး အဖြေရှာကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

Q3: အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ” ကျွန်မ အခုလုပ်နေတဲ့ ကုမ္ပဏီမှာ လုပ်လာတဲ့နှစ် တော်တော်ကြာနေပါပြီ။ ကုမ္ပဏီဘက်ကို အောင်မြင်မှုတွေ ရအောင် ဖန်တီးယူပေးနိုင်ခဲ့တာတွေလည်း အများကြီးရှိရဲ့သားနဲ့ ကုမ္ပဏီဘက်က အခုချိန်ထိ လစာမတိုးပေးသင့်ပါဘူး။ လစာတိုးရအောင် ဘယ်လိုညိနှိုင်းရမလဲဆိုပြီး” လာမေးထားပါတယ်။

A3: လစာညိနှိုင်းဖို့ပြောရတာ ဝန်ထမ်းတွေအတွက် တကယ်ကို ပင်ပန်းတဲ့အချိန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကလည်း အကောင်းဆုံးလုပ်ပေးထားရဲ့သားနဲ့ ခေါ်မတိုးပေးတာကို သွားပြောပြီး ညှိနှိုင်းရတာဆိုတော့ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ သူတို့ကလည်း ကပ်တာတွေ ဘာတွေ ရှိပြီး ကိုယ်လုပ်နိုင်ခဲ့ရဲ့သားနဲ့ ဘာလုပ်နိုင်ခဲ့လဲဆိုပြီး ပြန်မေးခံရတာတွေလည်း ရှိတတ်ပါတယ်။ အဲဒါဆိုရင် လုံးဝမကြောက်ဘဲနဲ့ ကိုယ်ကတော့ ဘာတွေ ဘယ်လို လုပ်နိုင်ခဲ့လဲဆိုတာကို ရဲရဲဝင့်ဝင့်ပြန်ပြောပြပါ။ လုပ်သက်ကလည်း ဘယ်လောက်ထိရှိပြီး လုပ်လာတဲ့ သက်တမ်းအတွင်းမှာလည်း တောင်းဆိုမှုတွေ များများစားစားမလုပ်ခဲ့တဲ့အတွက် ဒီအချိန်မှာတော့ လစာလေး တိုးပေးစေချင်ပါတယ်ဆိုပြီး ယဉ်ယဉ်ကျေးကျေးပြောပါ။ အဲဒီလိုပြောလိုက်လို့ သူဘက်က ဘယ်လောက်တိုးပေးမယ်ဆိုပြီး ပြောလာမလဲဆိုတာ အရင်နားထောင်ပါ။ အဆင်မပြေမှ ကိုယ်လုပ်ငန်းပေါ် ဘယ်လောက်ထိ စွမ်းဆောင်ပေးခဲ့လဲ ၊ တာဝန်တွေ ဘယ်လောက်ထိတိုးယူထားရလဲဆိုတာကို ထောက်ပြပြီး ဆက်ညှိပါ။ ဘယ်လိုမှ ညှိမရ ၊ အပြောင်းအလဲမရှိဘူးဆိုရင်တော့ နောက်ထပ်လစာကောင်းပြီး အဆင်ပြေမယ့် အလုပ်တစ်ခုကို ပြောင်းရှာလိုက်ပါ။ သံယောဇဉ်တွယ်မနေပါနဲ့။ ကိုယ်တန်ဖိုးကိုယ် မသိတဲ့သူရဲ့ လက်အောက်မှာ နေရတာက ကိုယ့်ကိုယ်ကိုယ် ဆွဲချတာနဲ့ တူပါလို့ပါ။ အဲဒီလို အဖြစ်မခံဘဲနဲ့ အလုပ်သစ်ရှာပြီး ရောအာင် ပြောင်းပါ။

Q4: တစ်ခုခုပြောဖို့ဆို ကြောက်နေတတ်တာမျိုး၊ တစ်ခုခုဆို တစ်ယောက်တည်း လုပ်ရမှာ ကြောက်နေတာမျိုး အဲဒီလို ကြောက်စိတ်တွေ ဝင်ဝင်နေတတ်တာမျိုး မဖြစ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေအောင် ဘယ်လို ပြောင်းလဲယူရမလဲ ကြောက်စိတ်ကို ဘယ်လိုဖျောက်ယူရမလဲဆိုတာကို သိရင် အကြံပေးစေချင်ပါတယ်ဆိုပြီး အမည်မဖော်လိုသူတစ်ယောက်က လာမေးထားပါတယ်။

A4: ကြောက်စိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတဲ့သူတွေမှာ အများဆုံးဖြစ်တတ်တာပါ။ မြင်အောင် ပြောရမယ်ဆိုရင် စာမေးပွဲဖြေရမယ့်ကလေးဟာ စာမကျက်ထားရင် စာမေးပွဲ သွားဖြေရမှာ ကြောက်တာမျိုးပေါ့။ အဲဒါဆို ကြောက်စိတ်ကို တွန်းလှန်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုအပ်တာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ဆို အပြုသဘောဆန်တဲ့ အတွေးတွေကိုပဲ တွေးပါလို့ အကြံပေးချင်ပါတယ်။ ကိုယ့်ကို ထိခိုက်စေမဲ့ အတွေးမျိုး အပျက်သဘောရှိတဲ့ အတွေးမျိုး မတွေးပါနဲ့ ကိုယ်လုပ်နိုင်ခဲ့တာတွေ၊ ကိုယ်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အပြုသဘောဆန်တဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်လို့ရပါတယ်။ ကြောက်စိတ်ဆိုတာ ကိုယ့်ဘဝရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ရန်သူပါပဲ။ ကြောက်တတ်တဲ့ စိတ်ကြောင့် မတိုးတက်တဲ့ သူတွေ၊ ကြောက်တတ်တဲ့ စိတ်ကြောင့် အခွင့်အလန်းကို ဆုံးရှုံးခဲ့ရတဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ ကိုယ်မပါဝင်စေဖို့အတွက် ဘာကိုမှန်းမသိ တွေးတွေးပြီး စိုးရိမ်တာ ကြောက်ရွံ့တာမျိုး၊ တွေးတွေးပြီး ကြောက်တတ်တဲ့ အကျင့်မျိုးကို ဖျောက်ဖို့ အကြံပေးချင်ပါတယ်နော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လိုရော သူငယ်ချင်းလိုရော ရှိနေပေးတဲ့ Comfort Zone လေးဆီကို လက်မတွန့်ဘဲ ကိုယ်တိုင်လာမေး ရင်ဖွင့်အဖြေရှာကြည့်လိုက်ပါတော့နော်။

H.H(Akhayar)